ကိုဗစ်ကာကွယ်ဆေးအတွက် အဓိက ဦးဆောင်ခဲ့သူ ရှောင်ပုန်းနေရ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကာလအတွင်း ကိုဗစ်ကာကွယ်ဆေး ရရှိရေးနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးတို့ကို အစဉ်တစိုက် ရှေ့ဆုံးက ဆောင်ရွက်ခဲ့သူ ဒေါက်တာ ဒေါ်ထားထားလင်းဟာ အာဏာလုစစ်ကောင်စီရဲ့ စွပ်စွဲမှုတွေကြောင့် ပုန်းရှောင်နေရတယ်လို့ သိရပါတယ်။
မနေ့က ဒေါ်ထားထားလင်းရဲ့ “Dear all, I am Dr Htar Htar Lin, Director and Programme Manager of Immunization Programme in Myanmar” အစချီတဲ့ စာတခု အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် ဒီစာဟာ အစစ်အမှန်ဖြစ်သလားဆိုတာ ကျနော် တောက်လျှောက် အတည်ပြုဖို့ ကြိုးစားခဲ့ပါတယ်။
ဒီစာ ဟာအစစ်အမှန်ဖြစ်ကြောင်း ခုတော့ အတည်ပြုနိုင်ပါပြီ။ သူနဲ့ အတူ အလုပ်တွဲလုပ်ခဲ့သူတွေ၊ ဆရာဆရာမကြီးတွေနဲ့ ကျနော် စကားတွေ ပြောခဲ့ပြီး သူရေးတာ ဟုတ်၊ မဟုတ်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ အတည်ပြုချက်တွေ ယူခဲ့ပါတယ်။ ခုချိန်မှာတော့ ဒေါ်ထားထားလင်းနဲ့ ပတ်သက်လို့ သတင်းတစုံတရာ မကြားရတော့ဘဲ အဆက်အသွယ်လုံးဝ ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။
ဒေါ်ထားထားလင်းဆိုတာ ဘယ်သူလဲ
ဒေါ်ထားထားလင်းဟာ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ ပရိုဂရမ် မန်နေဂျာတဦးဖြစ်သလို ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ မြေပြင်မှာ ထိုးနှံတာတွေအတွက် ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
သူ ပို့ထားတဲ့ စာရဲ့ အဆိုအရ သူဟာ “စစ်အာဏာရှင်များရဲ့ မတရားစွပ်စွဲမှုကို ခံရနိုင်ခြေ အရှိဆုံးသူတစ်ဦးဖြစ်နေပါပြီ။ သူတို့က အချက် (၂) ချက်နဲ့ စွပ်စွဲနိုင်ပါတယ်” လို့ ဆိုထားပါတယ်။ ဒါတွေကတော့....
(၁) အိန္ဒိယနိုင်ငံ၊ Serum Institute of India (SII) ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ကို ဝယ်ယူတဲ့နေရာမှာ အကျိုးအမြတ်ရယူပြီး အလွဲသုံးစားလုပ်တာ နဲ့ (၂) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေတွေကို အလွဲသုံးစား လုပ်တာ တို့ကြောင့်ဆိုပြီး စွပ်စွဲခံထားရတာလို့ သိရပါတယ်။
ဘာကြောင့်လဲဆိုရင် ယခုကျန်းမာရေးနှင့်အားကစား ဝန်ကြီး (ယခင်အမြဲတမ်းအတွင်းဝန်)နှင့် ဒေါ်ထားထားလင်းတို့ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ဟာ အခု အချိန်မှာ SII (Serum Institute of India) ကထုတ်လုပ်တဲ့နဲ့ ကာကွယ်ဆေးဝယ်ယူခြင်းလုပ်ငန်းကို သူတို့မသိပါဘူးဆိုပြီး ငြင်းဆိုနေပြီး ဒေါ်ထားထားလင်းရဲ့ နေအိမ်ကို ရဲတွေက လာရောက်ရှာဖွေဖို့ လည်း ဒီလူတွေကပဲ ခွင့်ပြုခဲ့တာလို့ ဒေါ်ထားထားလင်းက ဆိုထားပါတယ်။
ဒါပေမယ့် ဒေါ်ထားထားလင်းဟာ “မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစီမံချက်နှင့် COVAX facility အတွက် Focal point (အဓိကဆက်သွယ်ရမည့်သူ) သာဖြစ်တယ်” လို့ ဆိုပါတယ်။
ဘာကြောင့် ရှောင်ပုန်းနေရသလဲ
ဒါပေမယ့် ဒေါ်ထားထားလင်းဟာ ငွေတွေအများကြီးကိုယူပြီး ထွက်ပြေးနေပါတယ်လို့ (၁၈-၂-၂၀၂၁) ရက်နေ့မှာပဲသူ့ပုံနဲ့အတူ Facebook ပေါ် အတင်ခံခဲ့ရပါတယ်။
ဒေါ်ထားထားလင်းရဲ့ အဆိုအရ ကာကွယ်ဆေးဝယ်ယူတဲ့ကိစ္စ အသေးစိတ်အခြေအနေအားလုံးကို သက်သေတွေနဲ့ အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပေးပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်ထားထားလင်းဟာ ကာကွယ်ဆေးဝယ်ယူရေးကော်မတီမှာရော ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီမှာရော ပါဝင်ခြင်းမရှိဘဲ အဲဒီ့ကော်မတီ (၂) ခုစလုံးဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ကနေသာ အလုပ်လုပ်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
သဘောကတော့ ဒေါ်ထားထားလင်းဟာ ငွေကြေးစီမံခန့်ခွဲသူ မဟုတ်ဘဲ စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနကသာ ငွေကြေးကိစ္စတွေကို ကိုင်တွယ်နေတယ်ဆိုတာပါပဲ။
ဒေါ်ထားထားလင်းရဲ့ အကြံပေးချက်
၁။ စစ်အာဏာရှင်တွေဟာ နိုင်ငံခြားငွေအပါအဝင် ဘဏ္ဍာငွေအလွန်နည်းပါးနေပါတယ်။ သူတို့ဟာ SII ကိုကြိုတင်ပေးချေထားတဲ့ အမေရိကန်ဒေါ်လာ (၇၅) သန်းကို တွေ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြီး အဲဒီငွေကို ပြန်လိုချင်နေပါတယ်။ ထပ်ပေးရမယ့် (၇၃) သန်းကိုလည်း ပေးချင်ဟန်မရပါဘူး။
MoHS ကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့အတွက် လိုအပ်တဲ့ ဆေးထိုးအပ် (AD syringes) တွေကို UNICEF ကနေတဆင့် ဝယ်ယူဖို့စီစဉ်ထားတာကိုလည်း စစ်အာဏာရှင်တွေ ဆီကနေ နိုင်ငံခြားငွေမတောင်းရဲတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။
၂။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်သူတွေလှူဒါန်းထားတဲ့ရန်ပုံငွေက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ငွေတိုက်ဦးစီးဌာနမှာဖြစ်ပါတယ်။ (၁၈-၂-၂၀၂၁) ရက်နေ့မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ထိန်းသိမ်းလိုက်ပြီး အဆိုပါ ဘဏ္ဍာငွေများကို သိမ်းဖို့အစီအစဉ်ရှိနိုင်ပါတယ်။
၃။ ကျမတို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတစ်ဖွဲ့လုံးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းကို ထားခဲ့ပြီး MoHS ကနေထွက်လာခဲ့ကြတဲ့အတွက် ကျမကို ငြှိုးနေကြတာဖြစ်ပါတယ်။ ကျန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောက်သွားအောင် နမူနာအဖြစ် လုပ်ပြချင်နေပုံရပါတယ်။
ဒေါ်ထားထားလင်းက “စစ်အာဏာရှင်များဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အသုံးချပြီး ဝန်ထမ်းတွေကို ပြန်လည် ဆွဲဆောင်ကာ Civil Disobedient Movement (CDM) ကို အဆုံးသတ်ချင်နေပါတယ်” လို့ ဆိုထားပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close