Facebook နိုင်ငံရေးသမားနဲ့ ဒီဘိတ်ယဉ်ကျေးမှု

မေး - ကိုဗစ်နိုင်တင်းက အခြေအနေ ဆိုးနေပြီ။ ခင်ဗျားသာဆို ဘယ်လိုလုပ်မှာလဲ။

ဖြေ (၁) - ခုလောလောဆယ် လက်ရှိအစိုးရလက်ထက်မှာ လူသိန်းချီသေနေပြီ။ လက်ရှိအစိုးရ အသုံးမကျတာလေ။ အစိုးရ၊ အုပ်ချုပ်သူတွေကိုယ်တိုင် မလိုက်နာဘူး။ ဘယ်လောက်ဆိုးရွားသလဲ။ ကျုပ်သာ အစိုးရဆိုရင် စည်းမျဉ်းတွေကို သူ့ထက်အရင်ဆုံးကြိုပြီး စောစောလုပ်တာပေါ့။

 

မေး - (တဖက်ကို လှည့်ပြီး) ဘာများ တုံ့ပြန်ချင်ပါသလဲ။

ဖြေ (၂) - (ခုနက ဖြေသွားတဲ့လူကို လက်ညိုးထိုးပြီး) ခင်ဗျားတို့ ဒီလောက်နှစ်တွေအကြာကြီး အစိုးရ လုပ်ခဲ့တာတောင် ဘာမှ အလုပ်မဖြစ်တာကိုကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး ဇောက်ထိုးကျ၊ အလုပ်လက်မဲ့ဦးရေတွေကို များလာတာ။ ခင်ဗျားတို့သာ အစိုးရဖြစ်လာရင် တိုင်းပြည် ငါးပါးမှောက်မှာပဲ။

 

အထက်က အမေးအဖြေက မြန်မာနိုင်ငံမှာ မဟုတ်ပါဘူး။ အမေရိကန် သမ္မတ စကားစစ်ထိုးပွဲတွေမှာပါ။ ကဲ မြန်မာနိုင်ငံကို ကြည့်လိုက်ရအောင်ပါ။

 

လူတွေ ဒီလောက်သေနေပြီ။ ကိုယ့်အားကိုယ် ကိုးကြပါတော့၊ အစိုးရကို ဂရုစိုက်နေလို့ မရတော့ဘူး၊ အားကိုးလို့ မရတော့ဘူးဒါက ဒီဘိတ်မှာပြောတာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆိုသူက သူ့ ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်တာပါ။ အဲ တဖက်ကလည်းအစိုးရကိုသာ အပြစ်တင်နေတာ ကိုယ့်ဘာသာ အဖြစ်ရှိအောင် လုပ်ကြစမ်းပါ၊ ကိုယ့်အချင်းချင်းတောင် တည့်ကြလို့လားဆိုပြီး နိုင်ငံရေးသမားဆိုသူ၊ အစိုးရကို ထောက်ခံသူက သူ့ ဖေ့စ်ဘွတ်မှာ ပြန်တင်လိုက်တယ်။

 

ဟာဒီနှစ်ယောက်ကတော့ အပြန်အလှန်တွေ ပြောနေကြပြီ။ ဖုန်းကောက်ဆက်လိုက်တယ်။ဆရာ ခင်ဗျာ့၊ ကျနော်တို့ ဒီဘိတ်မှာ ပြောဖို့အတွက် .... အတွက်….အတွက်…. “ကျုပ်က ဒီဘိတ်တွေမှာဆို မပြောဘူးဗျ၊ ဆောရီးပါပဲဆိုပြီး ဖုန်းချသွားတယ်။

 

အင်းသူလည်း မီဒီယာမှာ မပြောချင်လို့ ဖြစ်မှာပါလေ။ တဖက်ကလူတော့ ရနိုင်ကောင်းပါရဲ့။ဟလို လွှတ်တော်အမတ်ကြီးခင်ဗျား၊ အမတ်ကြီးက ဖေ့စ်ဘွတ်မှာ ပြောထားတာလည်း တွေ့တယ်။ တိုင်းရင်းသားတွေအပေါ် အမြင်တွေလည်း တွေ့ရတယ်၊ ကျနော်တို့ ဒီဘိတ်မှာ.... မှာ….မှာ….”

 

ဆောရီးပဲဗျ၊ ကျနော်က ဒီဘိတ်မှာဆို မပြောဘူး၊ ပါတီကလည်း မပြောနဲ့လို့ ပြောထားတယ်

သြော်ဟုတ်ကဲ့ပါဗျ

 

မြန်မာနိုင်ငံက နိုင်ငံရေးသမားဆိုသူတွေကဆရာရယ်၊ ပြောတာ ကောင်းလိုက်တာ၊ မှန်လိုက်တာဗျာဆိုပြီး သူ့ကိုထောက်ခံကြသူတွေ၊အဲ့လိုပြောပစ်ဗျာ၊ အစိုးရက ဒီလောက် အလုပ်လုပ်နေတာတောင် ဒီကောင်တွေက ဝေဖန်ကြတုန်းပဲဆိုပြီး တန်ပြန်မေးခွန်း မထုတ်မယ့်လူတွေများတဲ့ သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ် ဝါးလုံးခေါင်း' ထဲမှာတော့ ပြောရဲဆိုရဲဖြစ်နေပြီး၊ ကဲ ခင်ဗျားတို့ကို မေးခွန်းမေးမယ်၊ ခင်ဗျားတို့ စောင်းမြောင်းပြီး ရေးနေတဲ့လူနဲ့လည်း မျက်နှာချင်းဆိုင်ပြောရမယ်လည်း ဆိုရော....အဟီး.... မပြောဘူး ခင်ဗျဖြစ်သွားကြရော။

 

ကျနော် ဒီဘိတ်လုပ်တော့ မိတ်ဆွေတချို့က ပြောကြတယ်။မင့်ဟာက တို့မီး၊ ရှို့မီးပါကွာ၊ တဖက်နဲ့ တဖက် ဆွပေး၊ ရန်တိုက်နေတာကြီးတဲ့။ ပြောရရင်တော့ ဟုတ်တယ်လို့ ဖြေရပါမယ်။ ဘာလို့ဆို မြန်မာနိုင်ငံက နိုင်ငံရေးသမားဆိုသူတွေက နိုင်ငံရေးသမား မစစ်ကြလို့ပါပဲ။ စကားစစ်ထိုးခြင်းယဉ်ကျေးမှု မထွန်းကားသေးတာရယ်၊ စကားစစ်ထိုးခြင်းကိုလည်း အရေးကြီးတယ်လို့ မထင်တာရယ်ကြောင့်ပါပဲ။ ပြီးတော့ လူတွေကသာ စင်ကာပူတို့၊ အမေရိကားတို့၊ နသလန်တို့၊ ဒင်းမတ်တို့အော်နေကြတာ၊ သူတို့ အော်ကြတဲ့နိုင်ငံတွေက နိုင်ငံရေးဒီဘိတ်တွေကိုကျတော့ တယောက်မှ အတုယူကြပုံမရပါဘူး။

 

ကျန်နိုင်ငံတွေက ဒီဘိတ်တွေကိုကြည့်ရင် မော်ဒရေတာဟာ မေးခွန်းပဲ မေးရုံပါပဲ။ နိုင်ငံကို ဦးဆောင်မယ့်လူ၊ ဝန်ကြီးနေရာကို ယူမယ့်လူ၊ ဝန်ကြီးဖြစ်ချင်သူ၊ ရွေးကောက်ပွဲနိုင်ချင်သူတွေဟာငါ့မူဝါဒကတော့ မင်းထက်ပိုကောင်းတယ်ဆိုတာကို ရေပက် မဝင်အောင် ပြောကြတဲ့သူတွေချည်းပါပဲ။ ဒီမှာကတော့ ပြည်သူရှေ့၊ ပရိတ်သတ်ရှေ့မှာ အချင်းချင်းမျက်နှာမပျက်အောင်၊ အဆင်ပြေအောင် ပြောကြတယ်။ အတိုက်အခံမလုပ်ကြဘူး။

 

အဲကွယ်ရာမှာကျတော့အဲ့ဒီကောင်က သောက်ရူးပါကွာဆိုပြီး အတင်းတုပ်၊အဲ့ကောင်က နိုင်ငံရေးဖြတ်သန်းမှု ဘယ်လောက်ရှိလို့လဲဆိုပြီး မျက်ကွယ်မှာ ဖောင်းထုပါလေရော။

 

လူရှေ့၊ သူရှေ့၊မင်းရဲ့ မူဝါဒကဘာလဲ၊ ငါ့မူဝါဒက ဘာလဲဆိုတာကို မီဒီယာမှာ ယှဉ်ပြီးပြောရဲတဲ့ နိုင်ငံရေးသမား မြန်မာနိုင်ငံမှာ မထွန်းကားသေးပါဘူး။ ဒါပေမယ့် ဖေ့စ်ဘွတ်ပေါ်မှာ အစိုးရလုပ်၊ ဖေ့စ်ဘွတ်ပေါ်မှာ အတိုက်အခံလုပ်၊ ဖေ့စ်ဘွတ်ပေါ်မှာ နင်ပဲငဆပြော၊ ရိပြော၊ ရွဲ့ပြော၊ စောင်းပြော၊ တရားတွေအပြန်အလှန်ဟောတဲ့ မဟာယဉ်ကျေးမှုကြီးကတော့ နေလိုလလို ထွန်းပြောင်နေတာ မြင်နေရတော့တာပါပဲ။

 

မီဒီယာက မေးခွန်းထုတ်တာ မခံရဲသရွေ့ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ မသတ်မှတ်ကြစေချင်ဘူး။ မေးခွန်းဆိုတာ သံသယကို ဖြေရှင်းပေးနိုင်ပါတယ်။ မေးခွန်းကို ရှောင်နေခြင်းဟာ သံသယကို ပိုတိုးလာစေသလို မေးခွန်းကို ကြောက်တဲ့ နိုင်ငံရေးသမားဆိုတာအဂတိအများဆုံး နိုင်ငံရေးသမား ပိုဖြစ်နိုင်ပါတယ်။ မီဒီယာကို ရှောင်လေလေ၊ အဲ့ဒီနိုင်ငံရေးသမားဟာမဟုတ်တာလုပ်ဖို့ပိုဖြစ်နိုင်လေလေပါပဲ။

 

You can treat me a cup of coffee.

wave

Press ESC to close