သတင်းမှား နဲ့ တကိုယ်ရေ အာသာပြေမှု

ဖတ်ရန် ကြာချိန် ၅ မိနစ်

(မြေပြင်မှာ တိုက်ပွဲဝင်နေသူ လူငယ်များ အချိန်ကုန်ခံ ဖတ်ရန်မလိုပါခင်ဗျာ)

 

ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းအောင်လှိုင်မိန်းမ ဒေါ်ကြူကြူလှက ရေးထားတယ်ဆိုပြီး စာတစ်ပုဒ် တက်လာတာ မှတ်မိဦးမယ်ထင်ပါတယ်။ တချို့လည်း တခုတ်တရနဲ့ ရှဲကြ၊ တချို့လည်း ဆဲကြပေါ့။ သိပ်မကြာဘူး၊ အတုကြီး ဖြစ်နေတဲ့အတွက် ပြန်ဖျက်ကြပြန်ပါတယ်။

 

နောက်တခုကတော့ ကချင်တပ်မတော်ကတော့ ဗမာစစ်တပ်ကို ဘယ်နေရာမှာ တပ်မ ဘယ်တခုလုံး ပြုတ်သွားအောင် မျိုးဖြတ်လိုက်ပြီ၊ ရထားတွဲထဲ ပါလာတဲ့ တပ်မ ၇၇ အယောက် ၃၀ ကို မီးလောင်တိုက်သွင်းပစ်ပြီ ဆိုပြီး သတင်းတွေကို အားပါးတရ ရှဲကြတာပါ။ ဘယ်က အတည်ပြုချက် ရမှန်းလည်း မသိပါ။

 

ကချင်၊ ရှမ်း၊ ကရင်သတင်းဌာနတွေမှာ တိုက်ပွဲသတင်းတွေထဲ မင်းအောင်လှိုင်စစ်တပ်ဘက်က ကျဆုံးမှုတွေ ရှိပေမယ့် တပ်ရင်း တပ်မ ပြုတ်လောက်တဲ့အထိ မတွေ့ရပါ။ လူအများစု ရှဲနေကြတာတွေက ဘယ်ကရမှန်း မသိ၊ ဘယ်သူမှန်း မသိတာတွေချည်းပါပဲ။

 

အပေါ်က ဖြစ်ရပ် နှစ်ခုစလုံးမှာ ဝမ်းနည်းစရာအကောင်းဆုံး တခုက သတင်းမှား (သတင်းတု) ဖြစ်ရော ဘာဖြစ်လဲ၊ အားရလို့ ရှဲတယ်၊ ဆဲချင်လို့ကို ဆဲတယ်ဆိုပြီး အမှားကြီးကို မဖျက်ဘဲ တင်ကြတာ တွေ့ရတာပါပဲ။ ဒါဟာ သတင်းတုကနေ ရလာတဲ့ အကြီးမားဆုံး ဆိုးကျိုးဖြစ်ပါတယ်။ ကျနော် အနည်းငယ် ရှင်းပြချင်ပါတယ်။

 

ကျနော်တို့ဟာ သတင်းအပေါ်အခြေခံပြီး စိတ်ခံစားမှုဖြစ်ကြပါတယ်။ ပြီးတော့ အဲ့ဒီကနေ ဆုံးဖြတ်ချက် ချကြတာပါ။ သတင်းပေါ်မူတည်ပြီး လှုပ်ရှားကြ၊ နေရာရွှေ့ကြ၊ အဆုတ်အတက်ကို ဗျူဟာဆွဲကြရတာပါ။ စိတ်ခံစားမှု အတက်အကျဟာလည်း သတင်းနဲ့ သက်ဆိုင်ပါတယ်။ တော်လှန်လိုမှုဟာလည်း သတင်းရရှိမှုနဲ့ သက်ဆိုင်ပါတယ်။

 

ဒါကြောင့် အာဏာသိမ်းစစ်တပ်က စစ်သားတွေ သေဆုံးသွားပြီလို့ သိရခြင်းဟာ တဖက်မှာ စိတ်သက်သာရာ ရသွားစေပါတယ်။ စစ်ကားတစီး ပြုတ်ကျပြီး စစ်သားတယောက်ဆုံးတော့ တယောက်တည်းပဲလား၊ စိတ်တောင်မကောင်းဘူးဆိုပြီး ဝိုင်းရှဲခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။

 

ဒါဟာ စိတ်ခံစားမှုအတက်အကျကို လုံးဝ ဖြစ်ပေါ်စေတဲ့ သတင်းတွေပါပဲ။ ဒါပေမယ့် စစ်သားတွေ အများကြီး သေနေပြီဆိုတဲ့ သတင်းမှားက လူကို စိတ်သက်သာရာရသွားစေပြီး၊ စိတ်ကျေနပ်မှု ရသွားစေပြီး လူကို အားပျော့သွားစေပါတယ်။ ဟာ ဟိုကောင်တွေတော့ အများကြီး သေနေပြီ၊ ငါတို့တောင် သိပ်လုပ်စရာမလိုတော့ဘူးဆိုတာမျိုး မသိစိတ်ထဲ ကိန်းအောင်းသွားစေပါတယ်။

 

ဒီလိုသတင်းတွေဖတ်ပြီး ကိုယ့်ရဲ့ တော်လှန်လိုစိတ်၊ စစ်ကောင်စီအပေါ် မကျေနပ်စိတ်တွေဟာ မသိမသာ ပျော့သွားပါတယ်။ မာန်မရှိတော့ဘဲ ကျေနပ်တဲ့စိတ်နဲ့ အာသာပြေသွားပါတယ်။ ဒီသတင်းမှားတွေကို ဖတ်ပြီး စိတ်အာသာပြေသွားတာဟာ စိတ်ပြေပျောက်မှု အမှားသာ ဖြစ်ပါတယ်။ ဒါဟာ လူထုရဲ့ စိတ်အတက်အကျကို ပြောင်းလဲသွားစေပါတယ်။

 

ဒါကြောင့် သတင်းမှားကို သတင်းမှားအဖြစ်သာ မြင်ကြစေလိုပါတယ်။ မှားနေရင် မှားတဲ့အတိုင်း သိရှိမှတ်သား ခံစားမိကြဖို့ လိုပါတယ်ခင်ဗျာ။ အချက်အလက်အမှန် သတင်းအမှန်ကို သိနေရခြင်းက နောက်ထပ်လုပ်မယ့် အလုပ်တွေကိုလည်း ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်စေမှာ ဖြစ်ပါတယ်ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close