အတုအယောင် ပီဒီအက်ဖ်များနဲ့ လက်သည် မပေါ်တဲ့ မီဒီယာသတင်းများ  

ပြီးခဲ့တဲ့ရက်က လူအတော်များများ သတိမထားမိလိုက်တဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ မော်ကျွန်းမှာ ဒလန်ဟု နာမည်ထွက်နေသူ ပစ်သတ်ခံရ၍သေဆုံးဆိုတဲ့ သတင်းပါ။ Ayeyarwaddy Times, Delta News Agency နဲ့ Mizzima တို့က သတင်းတိုရေးထားတာ တွေ့ပါတယ်။

Khit Thit ကတော့ တစ်ပုဒ်ထဲမှာ အခြားအကြောင်းအရာတစ်ခုနဲ့ ပေါင်းရေးထားတာ တွေ့ရတယ်။ အောက်မှာတော့ ဦးမာဂျစ်၏ ဆွေမျိုးများကမူ ဦးမာဂျစ်သည် သတင်းပေး ဒလန်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်ဆိုပြီး ထည့်ထားတာ တွေ့ရတယ်။ ကျန် သတင်းဌာနတွေကတော့ ထုတ်ပြန်ချက်လို့ ဆိုတဲ့ စာရွက်ထဲကအတိုင်း ကူးထည့်ထားတာ တွေ့ရတယ်။

ဒါကို Mizzima ကတော့ Lead စာပိုဒ်မှာ ဒေသခံများက ပြောကြားလို့ ရေးပြီး ဒုတိယစာပိုဒ်ကျတော့မှ Maw Gyun Warrior နဲ့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်တယ်လို့ ဆိုပါတယ်။ တချို့ သတင်းတွေမှာတော့ ဝါးခယ်မ မြို့ပြပျောက်ကြားအဖွဲ့က ထုတ်ပြန်သည်လို့လည်း ဆိုတယ်။ ခုချိန်ထိ ထုတ်ပြန်ချက် စာရွက်ကိုသာ တွေ့ရပြီး မူရင်းတင်ထားတဲ့ စာမျက်နှာကို မတွေ့ရပါ။

ဒါ့အပြင် ဝါးခယ်မအဖွဲ့က အနည်းဆုံး သုံးခုလောက် ရှိနေပြီး Maw Gyun Warrior ဆိုတဲ့ စာမျက်နှာကိုလည်း မတွေ့ရပါ။ ဝါးခယ်မမြို့ ပြောက်ကျားတပ်ဖွဲ့ (STF - WAKEMA) ကတော့ ကျနော် တို့လည်း အဲ့ဒါ ရှာနေတာပါ။ ကျနော်တို့နဲ့ပူးပေါင်းထားတဲ့ ဧရာဝတီလင်းပိုင် လို့ခေါ်တဲ့ အဖွဲ့ထဲမှာပါတဲ့ မော်ကျွန်းအဖွဲ့ဝင်တွေလည်း မဟုတ်ဖူးလို့သိရပါတယ်လို့ ပြောပါတယ်။

သေတဲ့လူကတော့ သေသွားပြီ၊ သတင်းဌာနတွေကလည်း ဒလန်ဟု စွပ်စွဲခံရသူဆိုပြီး ထုတ်ပြန်ချက်ကို အသားလွတ်ကူးချပြီးရေးပြီးကြပြီ။ ဒါပေမယ့် ဘယ်ဟာမှ အတည်ပြုလို့မရပါဘူး။ သတ်ခံရသူက မော်ကျွန်းမြို့နယ်၊ ရေဖြူကန်ရွာက နွားမှောင်ခိုသမားဆိုသူ ကိုမာဂျစ် (တချို့သတင်းဌာနတွေကတော့ မဂျစ်) ပါ။ သူ့မိသားစုဝင်တွေက ရှိသမျှ စာမျက်နှာတိုင်းအောက်မှာ ဒလန်မဟုတ်ကြောင်းအသည်းအသန် လိုက်ရှင်းနေတာ တွေ့ရတယ်။

အတွေ့များရတဲ့ Pattern တစ်ခု

ခုနောက်ပိုင်း လူတစ်ယောက်ကို သတ်ချင်ရင် အွန်လိုင်းပေါ်မှာ လုပ်လေ့ရှိတဲ့ ပုံစံတစ်ခု ရှိပါတယ်။ ပီဒီအက်ဖ်လို့ ခေါင်းစဉ်တပ်ပြီး ဘယ်သူကတော့ ဒလန်ဖြစ်ကြောင်း၊ ဘယ်မှာနေကြောင်း အရင်ဆုံး ရေးပါတယ်။ ဒါတွေကို အကောင့်တုပေါင်း မြောက်များစွာနဲ့ Facebook ပေါ် ပျံ့အောင် ထပ်ဖြန့်ပါတယ်။

တချို့ နည်းနည်း အကြံကြီးတဲ့ အဖွဲ့တွေက ထုတ်ပြန်ချက်ဆိုပြီး စာတစ်စောင် ရေးပါတယ်။ ဒါကိုပဲ မူရင်းက ဘယ်သူရေးမှန်း မသိရတော့အောင် Credit ဆိုတာတွေထည်လဲထည့်ပြီး အကောင့်တုတွေက ထပ်ဖြန့်ပါတယ်။ ကြာလာတော့ စွပ်စွဲခံရသူက ဒလန် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒလန် ဖြစ်သွားရော။

အဲ့ဒီကြေညာချက်ကိုပဲ သတင်းဌာနတွေက ယူရေးကြတယ်။ လွယ်လွယ်ကူကူပဲ ဒလန်ဟု စွပ်စွဲခံရသူ သတ်ဖြတ်ခံရဆိုပြီး ခေါင်းတင်လိုက်ကြတယ်။ ပြဿနာက လူမှားသတ်တယ်၊ သတ်ချင်တဲ့လူ သတ်တယ်။ ဒါတွေကို မပြောလိုပေမယ့် မရှိတဲ့အဖွဲ့တစ်ဖွဲ့က လူသတ်လိုက်တာကို မီဒီယာကနေ ရေးလိုက်ရင် အဲ့ဒီအဖွဲ့ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပါတော့တယ်။

ဆိုတော့ ဘာဆက်ဖြစ်သလဲ...?

အဲ့ဒီအဖွဲ့ဟာ အပြင်မှာ တကယ်မရှိပေမယ့် လေလှိုင်းပေါ်မှာ တကယ်ရှိတဲ့အဖွဲ့ ဖြစ်သွားပါတယ်။ ထပ်ဖြစ်တာက ပိုကြောက်စရာ ကောင်းပါတယ်။ ဒီလိုအဖွဲ့တွေက သူတို့ ဒလန်ရှင်းလင်းရေး လုပ်ထားပါတယ်ဆိုပြီး မီဒီယာတွေ ရေးထားတဲ့ သတင်းတွေကို ယူပြီး ငွေကြေးထောက်ပံ့သူတွေကို သွားပြပါတယ်။ ထောက်ပံ့သူတွေကလည်း မီဒီယာတွေကတောင် ရေးထားတာဆိုပြီး ထောက်ပံ့လိုက်ကြပါတော့တယ်။

ကျေးရွာအဆင့်၊ မြို့နယ်အဆင့် အဖွဲ့ပေါင်းမြောက်များစွာရှိနေတဲ့ အုတ်ရောရော ကျောက်ရောရော အဖွဲ့တွေကို သွားပြီး မလုပ်ကြပါနဲ့လိုတော့ တားမရပါဘူး။ ဒါပေမယ့် သတ်ချင်ရာသတ်၊ ထုတ်ပြန်ချက်ဆိုပြီး ပေးလာရင် Fact Check မလုပ်ကြဘဲ ရေးချင်ရာစွတ်ရေးကြတဲ့ မီဒီယာတွေကြောင့် အကျိုးဆက်က အင်မတန် ကြီးပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close