Facebook Content နဲ့ ရွာက အမျိုးတွေ

ဆိုရှယ်မီဒီယာတွေနဲ့ငွေရှာတဲ့ ပလက်ဖောင်းတစ်ခု* ရဲ့ အဆိုအရတော့ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူတွေထဲ ၁၈ နှစ်ကနေ ၃၄ နှစ်ကြားက အများဆုံးဖြစ်ပါတယ်။ တစ်နိုင်ငံလုံး Facebook အသုံးပြုသူရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ သူတို့ဟာ အချိန်ပြည့်နီးပါးလည်း အွန်လိုင်းပေါ် ရှိနေတတ်ပါတယ်။ ဒါကြောင့် ‘ပွဲ’ မှန်သမျှလည်း မလွတ်တတ်သလို၊ Viral, Trend ပေါ်လည်း လိုက်နိုင်ကြပါတယ်။
 
တော်လှန်ရေးစာမျက်နှာတွေနဲ့ Click Page တွေ ညည်းညူကြတာ တွေ့လို့ပါ။ ဒါ့အပြင် တချို့ကလည်း NUG ရဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေကို လူတွေ စိတ် မဝင်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ဒါကတော့ သိပ်ပြီး အဆန်းမဟုတ်ဘူးလို့ ဆိုရပါမယ်။ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လူထုဟာ နဂိုကတည်းက စိတ်မဝင်စားပါ။
 
ဟိုးအရင်ကတောင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စာမျက်နှာတွေက ထုတ်ပြန်ချက်တွေထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး စာမျက်နှာက တင်တာတွေကပဲ Like, Comment, Share များတာ ဖြစ်ပါတယ်။ အကြောင်းအရာနဲ့ မဆိုင်၊ ထင်ပေါ်ကျော်ကြားမှု၊ လူပုဂ္ဂိုလ်နဲ့ ဆိုင်တာဖြစ်ပါတယ်။
 
NUG တင်ပဲလားဆို မဟုတ်ပါဘူး၊ KNU ရဲ့ ထုတ်ပြန်ချက်တွေဆိုရင်လည်း ခုနောက်ပိုင်းမှာ Viral မဖြစ်ရင် Like အများဆုံး 2K ရဖို့တောင် မလွယ်တော့ပါ။ ‘အောင်မြင်ချင်ရင် ဒါတွေလုပ်ပါ’ ဆိုပြီးလျှောက်ရေးထားတဲ့ Click-bait Page နဲ့ နန်းသန်းသန်းဌေး (ဘဝစာပေ) ဆိုတာတွေရဲ့ Like, Comment, Share တွေနဲ့ယှဉ်ရင် ရူးသွားပါလိမ့်မယ်။
 
ဟိုးအစောပိုင်းမှာ တနိုင်ငံလုံးအတိုင်းအတာ Trend က စစ်တပ်ရဲ့ ဆိုးညစ်ယုတ်မာမှုတွေ အပေါ်မှာပဲ သီးသန့် အာရုံစိုက်တာဆိုတော့ ဒီ Trend နဲ့ ဆိုင်တာမှန်သမျှ Viral ဖြစ် (နာမည်ကြီး) ပါတယ်။ နောက်ပိုင်းမှာတော့ ဒီပုံစံ မဟုတ်တော့ပါဘူး။
 
အညှီအဟောက်၊ ဟာသနဲ့ ဘဝအောင်မြင်ရေးတွေက ပိုပြီး နေရာယူလာပါတယ်။ သတင်းပုံစံနဲ့ ချိန်ထိုးကြည့်ရင်တော့ စစ်တပ်က လူသတ်နေတာ ထူးခြား သတင်း မဟုတ်တော့ဘူး၊ တစ်ရွာလုံးမီးရှို့ပစ်တာက ဓာတ်ပုံလောက်ပဲ ကြည့်တော့တာပါ၊ ပီဒီအက်ဖ်က ဒလံရှင်းတာကို လူတွေ မအံ့သြတော့ဘူး။
 
ကိုတေဇာဆန်းက သူရေးတဲ့စာတွေအောက် ကွန်မင့်မှာ ‘အရေးတော်ပုံ မုချ အောင်ရမည်’ လို့ရေးရင် ဟိုးအရင် ကွန်မင့်ကိုချည်း အနည်းဆုံး Like 2K ရှိပါတယ်။ ခုတော့ 100 တောင် မပြည့်တော့ပါ။
 
ကြိုးပေးတဲ့သတင်းဆိုရင် ၂ ရက်ပဲ ခံပါတယ်။ မုန်တိုင်ပင်မှာ အစုလိုက်အပြုံလိုက် သတ်တာဆိုရင် ၁ ရက်ပဲ ခံပါတယ်။ ဒါကလည်း တကမ္ဘာလုံးအတိုင်းအတာ ဖြစ်နေကျပါပဲ။ ခုနောက်ပိုင်းမှာ လက်ခံရမှာက နိုင်ငံက ပုံမှန် မဟုတ်ပေမယ့် Online/Internet Trend က ပုံမှန် ပြန်ဖြစ်သွားပါပြီ။
 
သဘောက စစ်တပ်ရဲ့ ဆိုးရွားရက်စက်မှုတွေက နေ့စဉ်ဖြစ်ပျက်နေတာကြောင့် Online သဘောသဘာဝအရ Viral မဖြစ်နိုင်တော့ပါ။ ဆိုင်ရာနယ်ပယ်အလိုက်ပဲ ကွက်ကြား Viral ဖြစ်ပါတော့တယ်။ ဒါက ငြင်းလို့မရပါ။
 
ဒါကြောင့်မို့ နိုင်ငံရေးနဲ့ဆိုင်တာ တစ်ခုခုက Viral ဖြစ်မှသာ ဟိုးအရင်ကလို လူတိုင်း၊ အထူးသဖြင့် အင်တာနက်ပေါ်က လူများစုဖြစ်တဲ့ ၁၈ နှစ်ကနေ ၃၄ ကြားအုပ်စုက အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။ ဒီအုပ်စုကြီးက အုံးကနဲ မဖြစ်သရွေ့ ဘာကိစ္စဖြစ်ဖြစ် ရုတ်တရက် ထိုးတက်သွားဖို့ မဖြစ်နိုင်ပါ။
 
ပြဿနာက ကျန်တဲ့ အညှီအဟောက်တွေ၊ ဟာသတွေမှာ လူတွေ ပြောင်းသွားတယ်၊ အကြောင်းအရာ ပြောင်းသွားတာရယ်ကြောင့် အသစ်ပေါ်လာတိုင်း ခဏတိုင်း Viral ဖြစ်နိုင်ပေမယ့် နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းနဲ့ အကြောင်းအရာတွေကတော့ Viral ဖြစ်နိုင်ဖို့ ခက်ခဲပါတယ်။
 
ဒါကြောင့် အွန်လိုင်းကို အသုံးပြု မှီတည်နေကြသူတွေအဖို့ ပုံမှန်ရှိနေပြီးသား၊ စိတ်ဝင်စားနေပြီးသားလူတွေရဲ့ ကြည့်အား (View) နဲ့ Click အားကိုပဲ တွက်ထားဖို့ ရေရှည်မှာ ပြင်ဆင်ထားသင့်ပါတယ်။ ဒါကတော့ ‘နိုင်ငံရေးနဲ့ ဆိုင်တဲ့ Content တွေ’ ကိုပဲ သီးသန့်တင်နေမယ်ဆိုရင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စလို့ မြင်ပါတယ်။
 
‘နိုက်ထရစ်အက်ဆစ်’ ဟာ ၄ ရက်ကြာတဲ့အထိ 1M မပြည့်သေးသလို 'လေဆန်' ဟာလည်း တစ်လကျော်ကြာပေမယ့် 1M မပြည့်သေးပါ။ ဒါပေမယ့် ‘အရင်ခေတ်က တောသူနဲ့ ခုခေတ် တောသူ’ ဆိုတဲ့ ဟာသတိုကလေးက တစ်ပတ်အတွင်း 2.5M ကျော် ရှိပါတယ်။ ဟာသတင်ပဲလားဆို မဟုတ်ပါဘူး။ ‘ကြင်နာ မင်းပြောသမျှ ခေါင်းညိတ်ခဲ့တာ’ ဆိုတဲ့ သီချင်းကို ဂစ်တာတီးပြီး Cover ပြန်ဆိုတာ ၆ ရက်အတွင်း 1.8M ကျော်ပါတယ်။
 
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေရဲ့ ပထမဆုံးအကြောင်းအရာကတော့ ဖော်ပြတဲ့ အကြောင်းအရာ (Content) ကြောင့်လို့ မြင်မိပါတယ်။ ‘နိုင်ငံရေးနဲ့ ဆိုင်တဲ့ Content တွေ’ ကို လူတွေကို စိတ်မဝင်စားကောင်းရလားဆိုပြီး အပြစ်ဆိုလို့တော့ မရနိုင်ဘူးထင်ပါတယ်။ နဂိုရှိနေပြီးသား View အားနဲ့ Click အားအတိုင်းပဲ ‘ရုန်း’ မယ်ဆိုရင် နိုင်ငံရေးသီးသန့် Content တွေချည်း ဆက်ပြီး တင်နေတာ ပြဿနာ မရှိနိုင်ပါ။
 
ဒါပေမယ့် View အားကို ပြန်ဆွဲခေါ်ပြီး Click အားကိုလည်း မြှင့်ချင်တယ်ဆိုရင်တော့ Content ကို တခြားအသစ်တွေ စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ တစ်ခုတော့ ရှိနိုင်ပါမယ်။ အမြဲတမ်းတော့ Viral မဖြစ်နိုင်ပါ။ ဆိုတော့ လူတွေရဲ့ စိတ်ဝင်စားမှုအားကို တွက်ရင် Viral ဖြစ်တဲ့အချိန်ကရခဲ့တဲ့ Engagement ကို စံ ထားပြီး မတွက်မိဖို့ လိုမယ်ထင်ပါတယ်။
 
ရွာက အမျိုးတွေ
 
Facebook ပေါ်ကနေ ပျော်စရာရှာတဲ့ လူများစုက ‘ရွာကအမျိုးတွေ’ များပါတယ်။ ရုပ်ရှင်ကို ဒီကနေ ကြည့်ပါတယ်၊ သီချင်းကို ဒီကနေ နားထောင်တယ်၊ ဟာသနဲ့ ပေါက်ကရကိုလည်း ဒီကနေကြည့်ပါတယ်။
 
ဒီနေရာမှာ နယ်မှာရှိတဲ့ ရွာက အမျိုးတွေနဲ့ ရန်ကုန် မန်းလေးလို မြို့ကြီးတွေမှာ ရှိနေတဲ့ ‘ရွာကအမျိုးတွေ’ က အတူတူပါပဲ။ ဒီပရိသတ်က ၇၀ ရာခိုင်နှုန်းထဲမှာ ၄၀ ရာခိုင်နှုန်းလောက် ရှိနေမလားလို့တောင် သံသယရှိပါတယ်။ သူတို့ကိုပါ ရအောင်ဆွဲဆောင်နိုင်ရင်တော့ မပြောတတ်ပါ။
 
သတိထားသင့်တာကတော့ လူတွေရဲ့ စိတ်ဝင်စားမှုအားကို တွက်ရင် Viral ဖြစ်တဲ့အချိန်ကရခဲ့တဲ့ Engagement ကို စံထားပြီး မတွက်မိဖို့ပါ။ လူတွေဆိုတဲ့နေရာမှာ ၁၈ နှစ်ကနေ ၃၄ ကြားကို အထူးသဖြင့် ဆိုလိုပါတယ်။
 
ဒါကြောင့် လုပ်မယ့် Content တွေကိုလည်း ၁၈ ကနေ ၃၄ ကြား ‘ပစ်’ နိုင်မှသာ Trendy ဖြစ်နိုင်မယ်လို့လည်း တွေ့ရပါတယ်။ ဒါ့အပြင် ပုံမှန် ပရိသတ်အပြင် ‘ရွာကအမျိုးတွေ’ ကိုပါ ဆွဲခေါ်နိုင်ရင်တော့ ပိုပြီးကောင်းလာမယ်လို့လည်း တွေးမိပါတယ်။
 
ပလက်ဖောင်းတစ်ခု* = NapoleonCat

You can treat me a cup of coffee.

wave

Press ESC to close