ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂  

 

ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။ 

 

ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ လေးနှင့်မြှားပုံ ဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။ 

 

သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ 

 

ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။ အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုခဲ့သည်။

 

ဒေသခံကာကွယ်ရေးတပ်များက အဆောက်အအုံများကို မီးရှို့ခဲ့သည်ဟု စစ်ကောင်စီက ပြောဆိုသော်လည်း သက်သေ တစ်စုံတစ်ရာ ထုတ်ဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။ ယင်းကဲ့သို့ သက်သေထုတ်ဖော်မပြသနိုင်သည့် စစ်ကောင်စီ၏ ပြောဆိုချက်ကို မီဒီယာအချို့ကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။ 

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “(ပီဒီအက်ဖ်များကို) လိုက်ရှင်းပြီး ပြန်လာတဲ့အခါ မီးလောင်နေတာ တွေ့လို့ မီးငြှိမ်းသတ်ဖို့ နောက်ထပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားခဲ့တယ်” ဟု ဆိုပြီး မီးငြှိမ်းဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် မီးမငြှိမ်းသတ်နိုင်ဘဲ မီးလောင်ရခြင်းဖြစ်တယ်” ဟု အောက်တိုဘာ ၃၀ ရက်က စစ်တပ်ပိုင် မြဝတီ သတင်းတွင် ပြောဆိုခဲ့သည်။

 

သို့သော် မီးလောင်ခဲ့သည့်နေ့က ထန်တလန်မြို့ကို ဝေဟင်မှ ရိုက်ကူးထားသည့် ဒရုန်းဗွီဒီယိုတစ်ခုအရ မီးလောင်ခဲ့သည့် အဆောက်အအုံများဝန်းကျင်တွင် စစ်ကောင်စီတပ်သားများကို မီးမလောင်မီ မိနစ်ပိုင်းအလိုက မြင်တွေ့ရသည်။ 

 

ထို့ပြင် ယခု ဓာတ်ပုံတွင် တွေ့ရသည့် စစ်သားများမှာ ထန်တလန် မြို့တွင်းနှင့် ၅ ဖာလုံခန့်အကွာ မြို့ကို အပေါ်စီးမှ မြင်ရသည့် ဗျူးပွိုင့် (View Point) ပေါ်တွင် ရှိနေကြခြင်းဖြစ်သည်။ ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေချိန် ယင်းတောင်ပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

 

ယင်းအတွက်ကြောင့် မီးမလောင်ခင်အချိန် အဆောက်အအုံများဘေးတွင် စစ်ကောင်စီတပ်သားများ ရှိနေပြီး မီးလောင်နေချိန်တွင်လည်း စစ်ကောင်စီတပ်သားများက ဗျူးပွိုင့်ပေါ်မှ ဓာတ်ပုံ ရိုက်ယူ နေနိုင်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ 

 

မီလောင်နေချိန် စစ်ကောင်စီတပ်သားများက အိမ်များအတွင်းဝင်ရောက်ကာ ဖောက်ထွင်းခဲ့မှုများ ရှိသည်ဟု ဒေသခံတစ်ဦးက ပြောထားသေးသည်။ မီးလောင်နေစဉ် မြင်တွေ့ရသည့် ဒရုန်းဗွီဒီယိုတွင် စစ်ကောင်စီ တပ်သားများသည် မီးမစွဲသေးသည့် အိမ်များအတွင်း ဝင်ထွက်နေသည်ကိုလည်း မြင်တွေ့ရသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲ ပြောဆိုသည့် မီးလောင်နေသည့်အချိန်တွင် လုံခြုံရေးအဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးစားခဲ့သည်ဆိုသည်မှာ လုံးဝ ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။

You can treat me a cup of coffee.

wave

Press ESC to close