ရန်ကုန် မရမ်းကုန်းမြို့နယ်က မျက်မမြင်ကျောင်း (ခဝဲခြံ) ထဲမှာ မင်းအောင်လှိုင် လက်ပါးစေ စစ်တပ် တပ်မ (၇၇) က ဧပြီ ၁၂ ရက်နေ့ကတည်းက တပ်စွဲထားပါတယ်။ ကျောင်းထဲမှာရှိတဲ့ မျက်မမျက်ဝန်ထမ်းတွေကြား အပျိုဖော်ဝင်အရွယ်မိန်းကလေးတွေလည်း ရှိတာကြောင့် သူတို့ လုံခြုံရေးကို စိုးရိမ်နေကြသလို ကျောင်းဝန်းထဲ နေကြသူတွေ ရှေ့မှာ ပစ်မိန့်ပေးနေတာ၊ ဖြိုခွင်းမှုတွေလုပ်ဖို့ အမိန့်ပေးနေတာတွေကြောင့် ကြောက်လန့်နေကြပါတယ်။
လုံခြုံရေးကြောင့် ကျောင်းမှာ မနေဘဲ သီးခြားနေထိုင်နေတဲ့ ကျောင်းက ဝန်ထမ်းတစ်ဦးကို Mratt’s Channel က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ကျောင်းနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်ဆုံး မြင်ရတဲ့အခြေအနေကို ပြောပြပေးပါ။
ဖြေ - မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ (မခမမ) လို့ခေါ်ကြတယ်။ အဲ့ဒီအောက်မှာမှ ရန်ကုန် မျက်မမြင်ကျောင်းက ရှိတာပေါ့။ မြင်ရတဲ့ အင်အားကတော့ သူတို့ တပည့်တွေပေါ့၊ ဝင်လာတဲ့ညက ပြောတာတော့ ၇၀ ဝန်းကျင်လို့ ပြောတယ်။ ဒါပေမယ့် သူ့ရဲ့ တပ်ရင်းမှူးတယောက် ထပ်ပြောတာကျ ၅၀ ကျော်၊ ၆၀ လောက်ပဲ တည်းခိုမှာပါလို့ ပြောပြန်တယ်။ ဒါပေမယ့် သေချာတော့ မသိနိုင်ပါဘူး။ ဘာလို့လဲဆိုရင် ကားထဲမှာလည်း နေတယ်၊ နောက် အရှေ့သွားလိုက် အနောက်သွားလိုက်နဲ့၊ ကျောင်းထဲမှာ ဝန်ထမ်းတွေကလည်း သေချာ အပြင်မထွက်ရတော့ သေချာ မသိနိုင်ပါဘူး။
မေး - သူတို့က အတင်းအဓမ္မ ခိုင်းစေတာ၊ ဥပမာ သူတို့အတွက် ထမင်းချက်ခိုင်းတာလိုမျိုး ရှိသလား။
ဖြေ - အဲ့လိုမျိုးတော့ မရှိဘူး။ သူတို့ ထမင်းချက်ဖို့နေရာတောင်းတယ်။ နောက် လစ်လပ်နေရာတွေ၊ မြေကွက်လပ်တွေမှာ သူတို့ ချက်စားကြတယ်။ ပြီးတော့ မနက်ဆိုလို့ရှိရင် သူတို့ ရေမိုးချိုး၊ အဝတ်တွေ ဘာတွေလျှော်ပြီး ကားတွေနဲ့ အလျှိုအလျှို ထွက်သွားကြတယ်။ ပြီးတော့ ထမင်းဟင်းချက်တဲ့လူ ထင်တယ်နဲ့ စစ်ကားအကြီး တစ်စီးနှစ်စီးလောက်ပဲ ကျန်တယ်။ စစ်သား ၁၀ ယောက်နီးပါးလောက်ပဲ ကျန်တယ်။ ကျန်တဲ့လူတွေ အားလုံး ထွက်သွားကြတယ်။ ပြီးတော့ ညနေလောက်ဆိုရင် ပြန်ဝင်လာကြတယ်။
မေး - ကျောင်းထဲက သူတို့နဲ့ နေထိုင်ရတဲ့ ပုံစံက ဘယ်လိုမျိုး ဖြစ်နေတာလဲခင်ဗျ။
ဖြေ - အကုန်လုံးကတော့ အဆောင်တစ်ခုနဲ့တစ်ခုကတော့ ဆက်နေတာ၊ နီးနေတာဆိုတော့ တဝန်းလုံးမှာ အတူတူ နေရသလိုပဲ ဖြစ်နေတာ။ သူတို့နေနေတာကတော့ နှစ်နေရာပေါ့။ ခြံဝန်းတစ်ခုထဲမှာပဲပေါ့။
မေး - မျက်မမြင်ကျောင်းသားကျောင်းသူတွေထဲမှာ ကလေးတွေ ပါဝင်ပါသလား။
ဖြေ - ၁၆ နှစ်အောက် ကလေးက ၈ ယောက်ရှိပါတယ်။ အားလုံး မိန်းကလေးတွေချည်းပဲ။ သူတို့က အရမ်းကြောက်နေကြတယ်။ သူတို့ (မင်းအောင်လှိုင်စစ်တပ်) ကတော့ ပြောတာပေါ့၊ သူတို့ ဘာမှ မလုပ်ဘူးပေါ့။ ဒါပေမယ့် ကလေးတွေက ဘယ်လို အတွေ့အကြုံရှိလဲဆိုတော့ ကျောင်းရဲ့ အနောက်ဖက်မှာ ဆန္ဒထုတ်ဖော်တာ ရှိတယ်။ အဲ့ဒီချိန် သူတို့ ဖြိုခွင်းတာတွေ ပစ်တာတွေ၊ မီးရှို့တာတွေ ရှိတဲ့အခါ ကလေးတွေကလည်း မျက်စိပဲ မမြင်တာ၊ ကျန်တာက အားလုံးနဲ့ တူတူပဲဆိုတော့ သူတို့ သေနတ်ပစ်တဲ့အသံကြားတယ်၊ မီးရှို့တာတွေ အနံ့ရတယ်၊ အသံတွေကြားရတယ်။ ဆိုတော့ ဒါတွေကို သိတော့ အရမ်းကြောက်နေကြတယ်။ လောလောဆယ် ကျောင်းဝန်းထဲမှာ ဘာမှ မလုပ်ပေမယ့် အဲ့လိုလုပ်မှာကို အရမ်း စိုးရိမ်နေကြတယ်။
ဒီထဲမှာမှ မျက်မမြင်ကလေးတွေထဲမှာ ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးက ၅ ယောက်ရှိတယ်။ သူတို့က မျက်စိလည်း မမြင်ရသလို တခြား မသန်စွမ်းတဲ့ လက္ခဏာတွေ ရှိသူတွေပေါ့။ အော်တစ်ဇင် (Autism) တွေရောပေါ့။ သူတို့ကလည်း ခု ဖြစ်ပျက်နေတာတွေကို သိတယ်။ သူတို့ထဲက တချို့ကလေးတွေကို ပိုပြီး ထိန်းချုပ်ရတာ ခက်တယ်။ စိတ်ခံစားမှု ပိုဖြစ်ကြတယ်။
မေး - ဒီစစ်သားတွေက ဘယ်နှစ်ရက်နေမယ်ပြောကြလဲ။
ဖြေ - တယောက်တမျိုးစီ ပြောနေကြတယ်။ ခြံဂိတ်တံခါးကို ကျော်ဝင်လာတဲ့ သူတို့ တပည့်လို စစ်သားကတော့ တစ်ပတ်လောက် နေမယ်လို့ ပြောတယ်။ နောက်တခေါက် ကျောင်းက တာဝန်ရှိတဲ့ လူကြီးတွေနဲ့ သူတို့ထဲက လူကြီးတွေနဲ့ တွေ့တဲ့အခါမှာတော့ အမျိုးမျိုးပြောနေကြတယ်။ မတိကျတော့ပြန်ဘူး။
မေး - သူတို့က ဒီကျောင်း၊ ဒီနေရာကို ဘာလို့ ရွေးရတာလဲ။သူတို့က ဘာလုပ်ချင်တာလဲ။
ဖြေ - အထင်ပေါ့၊ တစ်ဦးတည်းရဲ့ အမြင်ပါ။ အဲ့ဒါက သူတို့ အရင်ကတည်းက လိုက်ကြည့်နေတာ သတိထားမိတယ်။ စစ်ကားတွေ ပတ်နေတာ၊ကျောင်းဝန်းနားတဝိုက်ကိုပေါ့၊ သုံးလေးရက်ပဲ။ ဒီဝန်းမှာက သူတို့အတွက် ပိုပြီးမှ လုံခြုံမယ်လို့ ယူဆလို့ (လာနေတာ) လို့ ထင်တာပဲ။ မသန်စွမ်းကျောင်းလည်း ဖြစ်တယ်ဆိုတော့လေ။ ဒီလိုဖြစ်နေတဲ့အပြင် ဒီဝန်းထဲမှာကလည်း တိုက်တွေလည်းရှိတယ်၊ ဝန်းတံခါးလည်း ခြားထားတယ်။ ပြီးတော့ ပုန်းတဲ့နေရာတွေကလည်း ပိုပြီး အဆင်ပြေတာပေါ့။ ဒါကြောင့် သူတို့ လာနေတယ်လို့ ယူဆပါတယ်။
ဘာကို စိုးရိမ်နေတာလဲဆိုတော့ ဒီကိုဝင်လာတဲ့အချိန်မှာ သူတို့က ဘာမှ မလုပ်ဘူးလို့ ပြောတာပဲ။ ဒါပေမယ့် ဝန်ထမ်းတွေရှေ့မှာ စကားပြောနေတာက “ငါ့တို့ ပစ်မိန့်ရရင် ပစ်လိုက်၊ ကျည်ဆန်အစစ်သုံး” ဆိုတဲ့ အမိန့်၊ ညွှန်ကြားချက်တာတွေ လုပ်နေကြတာ။ ရှေ့မှာ ဒီလိုမျိုးတွေ ပြောနေကြတော့ ဝန်ထမ်းတွေက ပိုကြောက်လာကြတယ်။ ကြောက်စိတ်ဝင်အောင် လုပ်သွားတာ။ သူတို့က ပါးစပ်ကနေသာ ဘာမှမလုပ်ပါဘူးပြောပေမယ့် သူတို့စကားက လုံးဝ ယုံလို့မရဘူးဆိုတာ အားလုံး သိတာပဲလေ။
ဘယ်နှစ်ရက်နေမယ်ဆိုတာ မသိရတော့ဘူး။ ဘယ်လောက်ကြာတဲ့အထိ ဒီထဲမှာ နေသွားတော့မှာလည်း မသိတော့ဘူး။ လုံးဝ မသွားဘဲနေတာ့မှာလားဆိုတာ စိုးရိမ်နေကြတာပါ။ နောက်ပြီး သူတို့က ဒီထဲမှာ နေကြတယ်။ မနက်ဆို လုပ်စရာရှိတာ လုပ်ပြီးတော့ အပြင်ကို သွားတယ်၊ အပြင်မှာ သူတို့ ဒုက္ခပေးတယ်၊ ပြီးတော့ ဒီဝန်းထဲကို ပြန်ဝင်လာတယ်။ ဒီခံစားချက်ကြီးပေါ့။ ထုတ်လို့လည်း မရဘူး။ ဘာမှလည်း လုပ်လို့ မရဘူး ဖြစ်နေတယ်။
မေး - တခြား ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလားခင်ဗျာ။
ဖြေ - ကျောင်းဝန်းထဲမှာ ကျောင်းပြီးသွားတဲ့ မျက်မမြင်ကလေးတွေ ရှိတယ်။ သူတို့က ဒီမှာပဲ ဝန်ထမ်းပြန်လုပ်ကြတယ်။ အဲ့ဒီထဲမှာ မျက်မမြင် အပျိုလေးတွေ အများကြီးပါတယ်။ ဝန်ထမ်းတွေဆိုတော့ ဝန်ထမ်းအိမ်ယာလိုမျိုး အခန်းလေးတွေ ပေးထားတယ်။ အဲ့မှာ နေကြတယ်။ ဈေးဝယ်တာရှိတယ်ပေါ့၊ သူငယ်ချင်းတွေနဲ့ လမ်းလျှောက်တာမျိုး ရှိတယ်။ ခု ဝန်းထဲမှာ သူတို့က စီးနင်းလိုက်ပြီဆိုတော့ ဒီကျောင်းဝန်းထဲမှာတောင် ထွက်လို့မရတော့ဘူးပေါ့။ သူတို့အနားမှာ လူတယောက်ရှိနေပြီဆို အဲ့ဒီလူဟာ ဘယ်သူလဲဆိုတာ သူတို့ မသိနိုင်ဘူးလေ။ ဒါကြောင့် သူတို့က အရမ်းကြောက်နေကြတာ။ အပျိုလေးတွေဆိုတော့ ပိုဆိုးကြတယ်။
နောက်တစ်ခုကတော့ ရေကိစ္စပါ။ ရေကလည်း ပုံမှန်အားဖြင့် မျက်မမြင်ဝန်ထမ်းကပဲ ရေစက်မောင်းပေးရတာ။ ခုတော့ သူတို့ လူ ၇၀ အတွက်ပါ ရေစက်မောင်းပေးနေရတဲ့ အခြေအနေဖြစ်နေတာပေါ့။ သူတို့ရဲ့ ဝန်ကိုပါ မျက်မမြင်ကလေးတွေက ထမ်းနေရသလို ဖြစ်နေတာပါ။