မန္တလေး မြို့သစ်က စစ်ကောင်စီ ခွင့်ပြုချက်ရ လူမိုက်များ

 
[ပေးစာ ကဏ္ဍ]
ကျနော်က မန္တလေးကပါ။
မိသားစုက ဦးစီးနေတဲ့ လုပ်ငန်းတစ်ခုမှာ အခြေခံလူတန်းစား တော်တော်များများနဲ့ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် သူတို့အကြောင်းတွေ၊ နေ့စဉ်ကြုံရတာတွေကို မကြားချင်မှ အဆုံးပါပဲ။ ဒီအောက်က အကြောင်းအရာတွေဟာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေအပြင် အခြေခံလူတန်းစားတွေ နေ့စဉ် ကြုံတွေ့နေကြရတဲ့ ပြဿနာတွေကို ရေးထားတာပဲဖြစ်ပါတယ်။
 
အခုလက်ရှိ မန္တလေးမြို့သစ်မှာ လုယက်သောင်းကြမ်းတာတွေ အင်မတန် များလာပါတယ်။ ဒါမျိုးတွေ များလာရင် သာမန်အားဖြင့် လူတွေ တွေးတတ်ကြတာက နိုင်ငံရေးကြောင့် ငတ်တဲ့လူတွေ ပေါလာတယ်ပေါ့။ အဲ့ဒီလို မဟုတ်ပါဘူး။ အမှန်တကယ် ငတ်တဲ့သူတွေက သမ္မာအာဇီဝ အလုပ်လုပ်နေကြတာ မျက်စိရှေ့တင်ပါပဲ။
 
ပြောချင်တာက ခု လုယက်နေသူတွေဟာ စစ်ကောင်စီက တမင်ရည်ရွယ်ချက်ရှိရှိ ခိုင်းစေထားတယ်ဆိုတာပါပဲ။ ဘာလို့ ဒီလိုပြောရလဲဆိုရင် ဥပမာတွေ ရှိပါတယ်။ မိတ်ဆွေတစ်ယောက် ဈေးနည်းနည်းကြီးတဲ့ ဆိုင်ကယ်ပျောက်ခဲ့ပါတယ်။ နီးစပ်ရာ ရဲစခန်းတိုင်တယ်၊ အဲ့ဒီမှာ စခန်းမှူးရဲ့ဘေးမှာ အရပ်ဝတ်နဲ့ လူတစ်ယောက်ထိုင်နေတာ တွေ့ရတယ်။
 
စခန်းမှူးက တာဝန်ယူပေးပါမယ် ပြောပြီးတော့ ပိုက်ဆံ ငါးသောင်း တောင်းပါတယ်။ အဲ့ဒါနဲ့ စကားပြောဆိုပြီး စခန်းထဲက ထွက်မယ်အလုပ်၊ အဲ့ဒီဆိုင်ကယ် နယ်စပ်ကို အမြန်သွားရောင်းဖို့ သူ့ဘေးမှာထိုင်နေတဲ့လူကို စခန်းမှူးက မှာနေတာကို သေသေချာချာ ကြားလိုက်ရတာပါပဲ။
 
နောက်တစ်ခုကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်တွေမှာ ညနေခင်းပိုင်းဆို လူငယ်လူလတ်အရွယ်စုံ တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးရင် နယ်မြေအလိုက် လုယက်ဖို့ တာဝန်တွေ ခွဲကြတယ်လို့ ဆိုပါတယ်။ ခိုးတဲ့လုယက်တဲ့ လူတွေက စနစ်တကျ စီစဉ်ပြီး ရဲတွေနဲ့ပေါင်းရိုက်နေကြတာပါ။
 
ဥပမာ ဆိုင်ကယ် ခုနစ်သိန်းနဲ့ရောင်းရရင် စခန်းကို တစ်သိန်း ပေးရပါတယ်။ ကျန်တဲ့ခြောက်သိန်းကို လုယက်သူတွေ ခွဲဝေယူကြပါတယ်။ လုယက်သူတွေဟာ လုယက်ပြီးရင် ရှောင်တိမ်းမနေဘဲ အပြင်မှာဘဲ လွတ်လပ်စွာသွားလာနေကြပါတယ်။ တချို့ဆို ဖုန်းလုခံရသူတွေက လုသွားတဲ့လူတွေကို လမ်းမှာ ပြန်တွေ့ရင် မှတ်မိတယ်။
 
မန္တလေး ၁၁၀၊ မနော်ဟရီတောင်ပိုင်းဟာ လုယက်မှု အများဆုံးဖြစ်တဲ့နယ်မြေလို့တောင် ဆိုနိုင်ပါတယ်။ မြိုထဲမှာ အဖြစ်နည်းတယ်ဆိုပေမယ့် နေ့တိုင်းမဖြစ်တာပဲ ရှိတာပါ။ ရံဖန်ရံခါတော့ကြားရပါတယ်။ မြိုသစ်ကတော့ နေ့တိုင်းနီးပါး ဖြစ်နေတာပါပဲ။
 
၁၁၁ လမ်းကနေ စပြီး ၁၁၅ အထိ အကုန်လုံးပါဗျာ။ ဖြတ်လမ်းအားဖြင့် ၅၈ လမ်း က စပြီးရေတွက်လို့ရပါတယ်။ ၅၈ လမ်း အရှေ့ခြမ်း ရပ်ကွက် အကုန်လုံးဟာ လုယက်မှုတွေအဖြစ်များတဲ့နေရာတွေပါ။
 
မြို့သစ်မှာ ရှိကြတဲ့ အခြေခံပြည်သူတွေ ဟာဆိုရင် အခုဆို စစ်သားနဲ့ရဲထက် လုယက်သူတွေကို ပို ကြောက်နေကြရတယ်။ စစ်သားက ယူနီဖောင်းမြင်ရင် ရှောင်သွားလို့ရတယ်၊ လုယက်သူတွေက ဘယ်သူဘယ်ဝါမှန်းမသိတော့ လမ်းသွားရင်းနဲ့ ကြောက်နေကြရတယ်။
 
အခုဆို လုယက်သူတွေဟာ ၁၁၅ လမ်း မှာဆို အိမ်တွေရဲ့ ဝါယာကြိုးတွေ မီတာပုံးတွေ နဲ့ ပန်းအိုးတွေပါ မချန် ရရင် ရသလိုလည်း ခိုးကြ၊ လုယက်ကြတယ်။ တစ်ခါတစ်လေ လူတွေမြင်ရင်တော့ အိမ်ထဲကနေ ခဲနဲ့ထုကြပါတယ်။ ဒါက ညမို့ပါ။ နေ့ခင်းဆို ဓားနဲ့ထောက်လုနေရင် ကူမယ့်သူမရှိပါဘူး။ ဓားနဲ့အခုတ်ခံရလည်းကူမယ့်သူမရှိပါဘူး။ တစ်ခါတစ်ခါ လုရင် လူ ၄၊ ၅ ယောက်နဲ့ အုပ်စုဖွဲ့ လုကြပါတယ်။
 
လူပြတ်တဲ့နေရာတွေ ဆိုင်ကယ်အကောင်းစီးသွားရင် "ရပ်ပေးမှာလား အထိုးခံမှာလား" ဆိုပြီးမေးခံရပြီး ချက်ချင်းပဲ ဆိုင်ကယ်ပေါ်က ဆင်းပေးရတာတွေတောင် ရှိတယ်။ ဘယ်မှလည်း တိုင်စရာမရှိပါဘူး။ တချိုတွေဆို ဓားနဲ့ တန်းခုတ်ခံရတာမျိုးတောင် ရှိပါတယ်။
 
အထက်ပါ စာများသည် Mratt's Channel ၏ အာဘော် မဟုတ်ဘဲ ပေးပို့လာသူ ဒေသခံရဲ့ အာဘော်နဲ့ အတွေ့အကြုံများသာ ဖြစ်ပါတယ်။ သူပြောလာတာတွေကို မြေပြင်မှာ ရှိနေသူ ဒေသခံတွေကို မေးမြန်းပြီး အမှန်တကယ် ဖြစ်နေကြောင်း အတည်ပြုနိုင်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close