ဂျင်း ထည့်ခံနေရတဲ့ အဘ တွေနဲ့ ပို ယုတ်မာလာတဲ့ အောက်ခြေတပ်များ

စစ်ကောင်စီဟာ ဒီရက်ပိုင်းမှာ ဖမ်းဆီးမှုတွေ၊ ပစ်သတ်မှုတွေ ဆက်တိုက်လုပ်ပြီး ထုတ်ပြန်နေတာ သတိထားမိမှာပါ။ သြဂုတ် ၂၁ ရက်က ထုတ်ပြန်တဲ့ မန်း ပီဒီအက်ဖ် ၂၀ ကျော် ဖမ်းခံရတယ် ဆိုတဲ့ ထုတ်ပြန်ချက်မှာဆိုရင် တကယ်ဖမ်းခံရတဲ့ ပမာဏထက် ပိုပြီး ဖော်ပြထားတာ တွေ့ရတယ်။ ဒီအချက်က ဘာကို ဖော်ပြနေသလဲဆိုရင် အောက်ခြေက နယ်မြေခံ လုံခြုံရေးတပ်တွေဟာ အပေါ်က အဘတွေကို ဂျင်းထည့်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုပါ....

 

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော် အစည်းအဝေးမှာ ကစထ မှူးတွေက အောက်က စစ်တိုင်းမှူးတွေကို ခေါ်ပြီး ကြိတ်ပါတယ်။ အထူးသဖြင့်တော့ နဂိုက သူတို့ ထိန်းချုပ်ထားနိုင်တဲ့နေရာတွေကို လက်လွှတ်ရတာတွေနဲ့ နယ်မြေတွေကို ပြန်တည်ငြိမ်အောင် (တနည်း) အပြည့်အဝ ထိန်းချုပ်နိုင်အောင် လုပ်ဖို့အတွက်ပါ။

 

လက်တွေ့မှာ အဘ တွေပြောသလောက် မလွယ်ဘူးဆိုတာ နေ့စဉ် လုံခြုံရေးလှည့်နေရတဲ့ အောက်ခြေတပ်တွေ အသိဆုံးပါပဲ။ ဆိုတော့ အောက်က နယ်မြေခံတပ်တွေဟာ အဘ တွေကို ရီပို့တင်ရင် မျက်နှာပန်းလှအောင် ဇာတ်လမ်းတွေ ရိုက်ပါတော့တယ်။ ဖြစ်ရပ်တွေနဲ့ ကြည့်ရအောင်ပါ။

 

သြဂုတ် ၂၀ ရက်က မန္တလေး မတ္တရာမှာ လက်နက်ကိုင်အကြမ်းဖက်များ အသေပစ်ခတ်ဖမ်းဆီးဆိုတဲ့ ကောလာဟလတစ်ခု စစ်ကောင်စီလက်ကိုင်တုတ် ဖေ့စ်ဘွတ်အကောင့်တွေက ကျယ်ကျယ်ပြန့်ပြန့် တင်ခဲ့ပါတယ်။ အဲ့ဒီမှာ အကြမ်းဖက်သမား ၅ ဦးက ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးတာမှာ ၂ ဦးအသေမိပြီး ၃ ဦးကိုတော့ အရှင်ဖမ်းမိတယ်လို့ ဆိုပါတယ်။

 

သူတို့ အရှင်ဖမ်းမိတယ်ဆိုသူတွေဟာ တကယ်တော့ ပီဒီအက်ဖ်တွေနဲ့ လုံးဝ မပတ်သက်ဘူးဆိုတာ အဲ့ဒီဒေသခံက ရှင်းပြပါတယ်။ တစ်ယောက်က လဖ္ဘက်ရည်ဆိုင်ပိုင်ရှင်၊ တစ်ယောက်က ကွမ်းယာဆိုင်ပိုင်ရှင်၊ နောက်တစ်ယောက်ကတော့ ပြေငြိမ်းအောင် မော်တော်ပိုင်ရှင်ရဲ့ သားဖြစ်ပါတယ်။ သူက ရဲပြေးတစ်ယောက်လည်း ဖြစ်ပြန်ပါတယ်။

 

အသေပစ်ခတ် ဖမ်းဆီးမိတယ်ဆိုတဲ့ လူငယ်နှစ်ယောက်ကတော့ ဝင်ရောက်ဖမ်းဆီးချိန်၊ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်မှာ လမ်းပေါ်ဆိုင်ကယ်စီးလာသူတွေ ဖြစ်ပါတယ်။

 

ဒါပေမယ့် စစ်ကောင်စီက ဘာလုပ်သလဲဆိုရင် ပစ်သတ်လိုက်တဲ့ လူငယ်နှစ်ယောက်ကို ကိုယ်ပေါ်မှာ သေနတ်အရှည်တွေ တင်ပြီး ဓာတ်ပုံရိုက်ပါတယ်။ ရုတ်တရက်ဆိုရင် ပစ်သတ်ခံရတာတောင် သေနတ်ကို လှလှပပလေး နေရာတကျကိုင်ပြီး ပစ်သတ်ခံရတဲ့ ပုံစံပါပဲ။ ဓာတ်ပုံရိုက်ဖို့အတွက် ဇာတ်လမ်းဆင်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ 

 

နောက် ဖြစ်ရပ်တစ်ခုကတော့ မနေ့ညက မန္တလေး မဟာအောင်မြေ၊ လမ်း ၆၀၊ ၃၇ နဲ့ ၃၈ ကြားက တိုက်ခန်းတစ်ခုကို ဝင်စီးပြီး နှစ်ယောက်ကို ပစ်သတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ဓာတ်ပုံမှာတော့ ပစ်သတ်ခံရသူရဲ့ ကိုယ်ပေါ်ကို အတို တစ်လက် ကျကျနန တင်ပေးထားတာ တွေ့ရပါတယ်။


နောက်တစ်ခုကတော့ သေဆုံးသူဘေးမှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲရေးပစ္စည်းတွေမှန်း သိအောင် သိသိသာသာ ပြထားတာပါ။ ဒါတွေဟာ သာမန် စဉ်းစားကြည့်ရင်တောင် မဖြစ်နိုင်တဲ့ အခင်းဖြစ်ပွားရာ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

 

ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ သာမန်အရပ်သားတွေကို မြင်မြင်ရာသတ်ပြီး ပီဒီအက်ဖ် နာမည်တပ်၊ တွေ့ကရာလူ ဖမ်းပြီး ပုဒ်မ အမျိုးမျိုး တပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါတွေကို အပေါ်ကို ရီပို့တင်ပြီး အဘ တွေကို ဂျင်းထည့်နေတာပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီလို ဂျင်းထည့်ဖို့အတွက် အောက်ခြေတပ်တွေဟာ အရင်ကထက်ပိုပြီး ယုတ်မာလာတာလည်း ဖြစ်ပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close