ဇူကာဘတ်ဆီက လွတ်အောင်ပြေးကြ

လစ်ဘရယ်တွေ နိဂုံးချုပ်ပြီးလားဆိုပြီး CNN ရဲ့ နာမည်ကျော် ဖာရိ ဇာခါရီးယား နဲ့ အတူ စကားစစ်ထိုးပွဲတွေ လုပ်ပြီးတဲ့နောက် ဗြိတိသျှသား သမိုင်းပညာရှင်၊ နိုင်ငံရေးလေ့လာသုုုံးသပ်သူ နီးလ် ဖာဂူဆန် ပြောလာတာက ဆိုရှယ်မီဒီယာတွေဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု ဖြစ်လာသလား ဆိုပြီး မေးခွန်းထုတ်လိုက်တာပါပဲ။

ဒီနှစ်ထဲမှာပဲ လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ Facebook ရဲ့ လွှမ်းမိုးမှုတွေနဲ့အတူ လူမှုအသိုင်းအဝိုင်းကြား ပြောင်းလာလာပုံတွေအကြောင်းရေးထားတဲ့ သူ့စာအုပ် ကလည်း အရောင်းရဆုံး စာအုပ်ဖြစ်နေပါတယ်။

ဒီနေ့မှာ Facebook, twitter အပြင် YouTube နဲ့ နာမည်ကြီး ဆိုရှယ်မီဒီယာတွေဟာ လွတ်လပ်စွာပြောဆိုနိုင်ခွင့်တွေရဲ့ ပြယုဒ်တခုဖြစ်နေဆဲပါပဲ။ လစ်ဘရယ်ဝါဒ ရှင်သန်နေတဲ့အနောက်ကမ္ဘာမှာ ဆိုရှယ်မီဒီယာဟာ အရာရာဖြစ်နေခဲ့တယ်။ သမိုင်းခေတ်တွေ တဆင့်ခြင်း ရင့်သန်လာခဲ့တဲ့ အနောက်ကမ္ဘာဆီက ဆိုရှယ်မီဒီယာလှိုင်းဟာ ကမ္ဘာ့အရှေ့ခြမ်း ကမောက်ကမ သမိုင်းဖြစ်စဉ်တွေနဲ့ ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေဆီ အလွယ်တကူပဲ ပြန့်နှံ့လာခဲ့ပါတယ်။ အခုဆိုရင် အာဏာရှင်အကျွင်းအကျန်၊ အငွေ့အသက်မကင်းသေးတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ ဆိုရှယ်မီဒီယာဟာ နေ့စဉ် မရှိမဖြစ်လူသုံးကုန်ဖြစ်နေပါပြီ။

ဒီအချိန်မှာ ကမ္ဘာ့နည်းပညာတွေရဲ့ ရေသောက်မြစ်၊ ဆိုရှယ်မီဒီယာတွေ ပေါက်ဖွားရာ ဆီလီကွန်ဗယ်လီလို နေရာကြီးပေါ် ခွထိုင်ပြီး လစ်ဘရယ်နဲ့ ဒီမိုကရေစီကို သွတ်သွင်းမိတ်ဆက်နေတဲ့ နိုင်ငံတွေက အတတ်ပညာရှင်တွေ၊ အတွေးအခေါ်သမားတွေဟာ ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးနဲ့ ခြိမ်းခြောက်မှုတွေကို ပြောလာနေတာဟာ အံ့အားသင့်စရာပါပဲ။ ဒီလိုပြောလာတာ သိပ်တော့ မကြာသေးပါဘူး။ ၂၀၀၄ ခုနှစ်မှာ စတင်အသုံးပြုလာခဲ့တဲ့ Facebook နဲ့အတူ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို လူတွေကြိုဆို၊ နှစ်ခြိုက်ခဲ့ကြတာ မနေ့တနေ့ကလိုပါပဲ။

ဂူဂဲရဲ့ အမှုဆောင်ဥက္ကဌ ဂျရတ် ကိုဟင်နဲ့ အဲရစ် ဆခင်းမစ် တို့နှစ်ယောက်က ၂၀၁၃ ခုနှစ်က သူတို့ရေးခဲ့တဲ့စာအုပ် 'ဒစ်ဂျစ်တယ် ခေတ်သစ်' မှာ “လက်ရှိ ဆက်သွယ်မှုကွန်ရက် နည်းပညာဟာ ပြည်သူပြည်သားတွေ အမှန်တကယ် မျက်နှာသာရစေပါတယ်” လို့ ရေးခဲ့ဖူးပါတယ်။ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ပြဿနာတွေဟာ ဒီဆက်သွယ်မှုကွန်ရက် နည်းပညာတွေကြောင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကြားရ၊ မြင်လာရတယ်၊ ပြည်သူဗဟိုပြုဖြစ်လာတယ်လို့ ဆိုခဲ့ကြပါတယ်။ သောင်းသောင်းဖြဖြ ကြိုဆိုခံခဲ့ကြရတယ်။

ဒါပေမယ့် ခုတော့ ဆက်သွယ်မှုကွန်ရက် နည်းပညာတွေဟာ “အလွန်အကျွံ ပြည်သူဗဟိုပြု ဖြစ်လာသလား” ဆိုပြီး တန်ပြန်မေးခွန်းတွေ ထုတ်လာနေကြပါပြီ။ အမေရိကန်သမ္မတရွေးကောက်ပွဲကာလက အကောင့်တုပေါင်းများစွာနဲ့ ဟီလာရီကလင်တန်အပေါ် လူထုထောက်ခံမှု လျော့ကျအောင် လုပ်ခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အမေရိကန်ရွေးကောက်ပွဲကာလမှာ အကောင့်အတုပေါင်း သိန်းသောင်းချီပေါ်ခဲ့ပြီးတော့ မဲပေးသူလူထုရဲ့ ဆုံးဖြတ်နိုင်စွမ်းနဲ့ သတင်းအချက်အလက်ရရှိမှုတွေအပေါ် လွှမ်းမိုးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရန့်ရဲ့ အောင်မြင်မှုဟာ ဆိုရှယ်မီဒီယာပေါ်က အကောင့်တုပေါင်း မြောက်များစွာရဲ့ စွမ်းအားတွေလည်း ပါခဲ့တယ်လို့ ဆိုကြတယ်။

အမှန်တကယ် ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာလည်း သတင်းအတု၊ အစစ်၊ ကောလာဟလ ခွဲခြားနိုင်စွမ်းတွေ လျော့ကျကုန်ပြီး စိတ်ခံစားမှုနဲ့ လူသားရဲ့ မူလအခြေခံ တူရာအုပ်စုဖွဲ့နေလိုမှုတွေကြောင့် စိတ်ဝမ်းကွဲမှုတွေ၊ အုပ်စုုကွဲမှုတွေဟာ ဒီဆိုရှယ်မီဒီယာတွေကြောင့် အရင်ကထက်ပိုပြီး ဖြစ်လာနေပါတယ်။ လူ့အသိုင်းအဝိုင်းကြား မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းဟာ ဆိုရှယ်မီဒီယာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်း ဆိတ်သုဉ်းကုန်ပါတော့တယ်။

လူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့ နောက်ဆုံး မိုးလေဝသသတင်းကအစ သတင်းအချက်အလက် ရရှိမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ချက် ချနေကြတဲ့ ဒီနေ့ခေတ်မှာ လူတွေဟာ သတင်းအချက်အလက် သူ့ထက်ငါ လက်ဦးရလိုမှု၊ အလျင်အမြန်သိလိုမှုအပေါ်မှာသာ အာရုံရောက်သွားကြတယ်။ အမှန်အမှား ဆုံးဖြတ်နိုင်စွမ်းတွေ လျော့ကျလာပြီး စိတ်ခံစားမှုတွေဟာလည်း 'ဆိုရှယ်မီဒီယာပေါ်က အတုအယောင် လွတ်လပ်မှု' ပေါ်မှာ လွတ်ထွက်ကုန်ကြပါတယ်။

လမ်းဘေး လဖက်ရည်ဆိုင်က လူငယ်တွေရဲ့ စကားဝိုင်းကနေ သမ္မတအိမ်တော်အထိ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုက ကြီးသထက် ကြီးလာပါတယ်။ လူတွေရဲ့ နေ့စဉ်စိတ်ခံစားမှုတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်မှုတွေဟာ ဒါနဲ့ တိုက်ရိုက်ဆက်စပ်လာနေတယ်။

တဖက်မှာလည်း အာဏာရှင်တွေ၊ အာဏာရှိသူတွေနဲ့ နိုင်ငံရဲ့အုပ်ချုပ်သူ လူတန်းစားတွေဟာ ဆိုရှယ်မီဒီယာတွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာနေပါတယ်။ ၂၀၁၈ နှစ်စပိုင်းမှာပဲ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် က ဒီကိစ္စကို အကြီးအကျယ် သတိပေးခဲ့ပါသေးတယ်။

ဒီလိုပဲ ပြည်သူကို အလွန်အကျွံဗဟိုပြုလာတဲ့ ဒီဆိုရှယ်မီဒီယာကို ပြည်သူကို ထိန်းချုပ်ချင်တဲ့ အာဏာရှိလူတန်းစားတွေကပဲ ပြန်လည်ချုပ်ကိုင်ဖို့ လုပ်နေတာကို သတိမူကြဖို့ တိုက်တွန်းလာနေကြပါပြီ။ အာဏာရှင်တွေနဲ့ အာဏာလက်မလွှတ်ချင်သူတွေဟာ ဆိုရှယ်မီဒီယာပေါ်က လွတ်လပ်မှုကနေ ပြည်သူတွေရဲ့ ပုဂ္ဂလိကအချက်အလက်တွေစုဆောင်းဖို့ ပိုလွယ်လာသလို၊ စိတ်ခံစားမှုတွေကို ပိုသိလာပြီး ဒီကနေတဆင့် အာဏာကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းသွားနိုင်မလဲဆိုတာ ဗျူဟာတွေ ချမှတ်လာကြပါတယ်။

ကမ္ဘာတဝန်းလုံးမှာ အထိကရုဏ်းတွေ၊ မုန်းတီးမှုတွေ၊ ခွဲခြားမှုတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ နိုင်ငံတော်နဲ့ အာဏာရှိလူတန်းစားတွေက ဦးဆောင်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ဖို့ စိုင်ပြင်းနေကြပါပြီ။

သွေးထိုးချင်သူတွေရဲ့ ဆိုရှယ်မီဒီယာရဲ့လွတ်လပ်မှုကို အသုံးချလာမှု၊ မူးယစ်ဆေးဝါး၊ လိင်အရောင်းအဝယ်နဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှု၊ အမုန်းစကားဖြန့်ဝေမှုတွေဟာ လွတ်လပ်တဲ့ဆိုရှယ်မီဒီယာပေါ်မှာ ခလုတ်တချက်နှိပ်ရုံနဲ့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်လာကြတယ်။

နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook တို့၊ twitter တို့ဟာ သူတို့ထုတ်ကုန်ကို လူတွေအသုံးပြုရေးကို ရှေ့တန်းတင်လာခဲ့ကြရာကနေ လူ့ကျင့်ဝတ်နဲ့ညီတဲ့ ဆိုရှယ်မီဒီယာအသုံးပြုရေးကို နောက်ပိုင်းမှာ ပြောဆိုလာခဲ့ကြတယ်။ ခုတော့ ဒီကုမ္မဏီကြီးတွေအပါအဝင် အတတ်ပညာရှင်တွေ၊ တွေးခေါ်ပညာရှင်တွေဟာ ဆိုရှယ်မီဒီယာသုံးစွဲမှု လျှော့ချရေးကို ဇောင်းပေးပြောဆိုနေကြရပြီ။

Facebook အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က အင်တာနက်ဆိုတာ “ငြိမ်းချမ်းရေးအတွက် အင်အားတခုပါ” ဆိုပြီး ၂၀၁၅ ခုနှစ်က ပြောခဲ့ဖူးပါတယ်။ Facebook ပေါ်မှာ လူတွေအချင်းချင်း ဆက်သွယ်နေကြတာဟာ “ကမ္ဘာ့ ဘုံ-လူ့အသိုက်အဝန်း"တခုကို အချင်းချင်း “နားလည်လက်ခံမှုတွေ ဝေမျှပြီး တည်ဆောက်နေကြတာပါ” တဲ့။

ဒါပေမဲ့ ဒီနေ့ချိန်ထိ နေ့စဉ်လူမှုပြဿနာတွေကနေ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးပြဿနာတွေအထိ Facebook အပါအဝင် ဆိုရှယ်မီဒီယာတွေကြောင့် လျော့ကျမသွားတဲ့အပြင် ပိုပိုပြီး များပြားလာတာကိုသာ တွေ့မြင်ခဲ့ကြရမှာပါ။ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာမှာ twitter နဲ့ YouTube ကြောင့် အာဏာရှင်ဆန့်ကျင်ရေးတွေ ပေါ်ပေါက်ခဲ့ဖူးပေမယ့် ဒါတွေကြောင့်ပဲ အကြမ်းဖက်မှုနဲ့ အာဏာရှင်တွေကို ဒီနေ့ထိ လွယ်လွယ်ကူကူ ဆက်လက်အသက်ရှင်နေနိုင်ပါသတဲ့။

ဒီပြဿနာတွေအားလုံးကို ပြောဆိုဟန့်တားနေကြပေမယ့် အချိန်မီပါဦးမလား ဆိုတာကိုလည်း စိုးရိမ်နေကြရပါတယ်။ ကွန်ပျူတာတွေ အရူးအမူးအောင်မြင်မှုရခဲ့ချိန်၊ ဒေါ့ကွမ် (.com) တွေ ပလူပျံခဲ့ချိန်တုန်းက နာမည်ကျော်ခဲ့တဲ့ စကားတခွန်းရှိပါတယ်။ အဲ့ဒါက “ခင်ဗျားတို့ကွန်ပျူတာတွေကို ပိတ်လိုက်ပါ” တဲ့။ www ခေတ်ဦးပိုင်းမှာ တကိုယ်ရည်ကွန်ပျူတာ အသုံးပြုမှုများပြားလာတဲ့နောက် လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အကျင့်တွေကို ကွန်ပျူတာတွေက ဖျက်ဆီးလာနေတဲ့အတွက် ဒီလို သတိပေးတာမျိုး ထွက်ခဲ့တာပါ။

ခုတော့ ကွန်ပျူတာအလွန် လက်တဝါးစာ ဖန်သားပြင်ပေါ် အကြိမ်ကြိမ်အလီလီ အထက်အောက် ရွှေ့နေရတဲ့ ခေတ်မှာ ဆိုရှယ်မီဒီယာဆီက “လွတ်အောင်ပြေးရင်ပြေး၊ မပြေးရင် သူ့ဒဏ်ကို ခံတော့” ဆိုပြီး ဖြစ်လာပါတော့တယ်။

ဇန်နဝါရီတုန်းက မတ် ဇူကာဘတ်တယောက် ပြောဖူးတဲ့ စကားလေးတခွန်းနဲ့ နဂုံးချုပ်ချင်ပါတယ်။ အဲ့ဒါကတော့ ... 

“သုတေသနပြုချက်တွေအရ လူတွေဟာ သူတို့ရင်းနှီးကျွမ်းဝင်ကြသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုကြတဲ့အခါ စိတ်ချမ်းမြေ့စေပါတယ်။ ပြီးတော့ အချင်းချင်း ပိုပြီးချိတ်ဆက်မိနေတော့ အထီးကျန်မှုတွေလည်း လျော့နည်းလာမယ်။ ဒီကနေတဆင့် ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေကိုလည်း ရေရှည်မှာ ရရှိစေမှာပါ။ ဒါပေမယ့် တဖက်မှာတော့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေဟာ တကယ်လို့ ပျော်ရွှင်စေတာမျိုး၊ ဗဟုသုတတိုးပွားစေတာမျိုး ဖြစ်တယ်ဆိုရင်တောင်မှ တောက်လျှောက်မနားတမ်း ကြည့်ရှုတာမျိုးကတော့ မကောင်းပါဘူး”။

*ဤဆောင်းပါးသည် ကြာသပတေးနေ့ထုတ် 7Days News နေ့စဉ်သတင်းစာ Issue No.1726 တွင် ဖော်ပြပြီးဖြစ်ပါသည်။

 

You can treat me a cup of coffee.

wave

Press ESC to close