Happy Birthday, Honey

အချစ်ရေ…
 
နိုင်ငံရေးသတင်း
ဗုံးကြဲတဲ့ မြင်ကွင်းတွေနဲ့
သပိတ်မှောက်ခြင်းတွေကြား
ဟန်နီ့ကို ချစ်ကြောင်းပြောရတာ
‘မုန်တိုင်းတိုက်နေတဲ့အချိန်
မုန့်လေပွေကိုင်ပြီး
ကြိုးတန်းပေါ် လျှောက်ရသလို’ ပါပဲ။
 
မနေ့က အချစ်ကလေးရဲ့ ၃၀ ပြည့်မွေးနေ့
မိုင်ပေါင်း ၅၆၅၉ မိုင်တိတိ အဝေးကနေ
‘မွေးနေ့မှာ ပျော်ရွှင်ပါစေ အချစ်ရေ’ လို့
ပြောရတာ ဘယ် ဝ နိုင်ပါ့မလဲ
လူကြုံနဲ့ပါးရတဲ့ နှင်းဆီပွင့်တွေ
အဆင်ပြေပြေ ရောက်ပါ့မလား
ဖြစ်နိုင်ရင် ပွင့်လွှာချပ်တိုင်းမှာ
မောင့်အနမ်းတွေ ထပ်ပေးလိုက်ချင်ပါရဲ့။
 
အတိတ် ပစ္စုပ္ပန် အနာဂါတ်အားလုံး
မောင့်ဆီပုံမှတ်၊ ရင်ချင်းအပ်ဖို့
အားလုံးထားခဲ့ပြီး မောင့်နောက် လိုက်လာခဲ့သူ
‘မိုင်ပေါင်း ၉၅၀၀ ဝေးနေရတာထက်စာရင်
မိုင် ၄၀၀၀ လောက် လျော့သွားတာက
မောင်နဲ့ ပိုနီးလာတာပေါ့’ လို့
ဟန်နီတစ်ယောက်ပဲ တွေးတတ်မယ် ထင်ပါရဲ့။
 
နိုင်ငံရပ်ခြား မျက် နှာ ဖြူစပ်၊ အာရပ်တွေကြားမှာ
အများနဲ့ ရင်ဘောင်တန်းနေရတဲ့ အချစ်ကလေး
တစ်ယောက်တည်း ပင်ပန်းလှရောပေါ့
မောင်က ‘ကလစ်ပါဦး’ ဆို
သိန်းချီရအောင် မနားတမ်း ကလစ်ရဲ့
ဆောင်းပါးရေးလို့ ‘Edit လုပ် ပေးပါဦး’ ဆို
အလုပ်တွေ ပစ်ထားပြီး စစ်ပေးရဲ့
ဟန်နီက...
မောင့်ရဲ့ စာတည်းမှုးချုပ်
မောင့် ကဗျာဆရာမ
မောင့် ယောဂ နည်းပြ။
 
မောင်တို့ အတူတူ
အသက်ရှူ လေ့ကျင့်ခန်းတွေ လုပ်ကြမယ်
Bikepacking တွေထွက်ကြမယ်
In Flames သီချင်းတွေ တူတူနားထောင်ကြမယ်
ပြီးတော့...
ဟန်နီကြိုက်တဲ့ Fashion Series တွေကြည့်မယ်
‘ချိုပင်’ နားထောင်ရင်း ရေနွေးကြမ်းသောက်ကြမယ်
တမန်တော် မိုဟာမက်၊ ဗုဒ္ဓ၊ ယေရှု
နောက်ဆုံး ဆတ္ထဂုရု အထိ ငြင်းခုန်ကြမယ်။
 
A Little Life ထဲက Jude ကို သနားလို့
တချိန်လုံး စိတ်မကောင်းဖြစ်နေတတ်တဲ့ အချစ်ကလေး။
ဟန်နီ ဝမ်းနည်းနေတဲ့အချိန်တွေ
ဘေးနားမှာ မောင် ရှိ မနေပေးရတာ
‘မင်းအောင်လှိုင်ကိုပဲ ဆဲရမှာပဲ’ ဟန်နီ။
 
‘သံသရာဆိုတာ ဟန်နီတို့အတွက်
တိုတောင်းလှချည်လား မောင်ရယ်’ လို့ပြောရင်
မောင် ကျန်းမာအောင်နေမယ်
အချစ်ကလေးလည်း ကျန်းမာအောင်နေပါ။
 
မောင် အမြဲပေးနိုင်တဲ့ မွေးနေ့လက်ဆောင်က
ဟိုး ၂၀၁၅ ခုနှစ်တုန်းကတည်းက ပြောခဲ့ဖူးသလို
‘မင်းကို ရူးရူးမူးမူး ချစ်တယ်’ ဆိုတာပါပဲ။
 
Happy Birthday ပါ ဟန်နီလေး...။
 

You can treat me a cup of coffee.

wave

Press ESC to close