"မောလို့ မြေကြီးပေါ် လှဲနေတုန်း သူ ကျမအပေါ်ကို တက်လာတယ်၊ အဓမ္မကျင့်ဖို့ ထပ်ကြံတယ်"

မြို့နယ် ရဲစခန်းတွင် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်သားတစ်ဦးက ခိုးယူထွက်ပြေးသွားသည်ဟူသည့် သတင်းတစ်ပုဒ် ပြီးခဲ့သည့် ဇူလိုင်လက ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးသွားခဲ့ဖူးသည်။
 
မိတ္ထီလာ၊ မလှိုင်မြို့နယ်တွင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ အမျိုးသမီးအား ရဲတပ်သားတစ်ဦးမှ အချုပ်ခန်းသော့အား ယူဖွင့်၍ ခိုးယူထွက်ပြေးသွားကြောင်း သတင်းဌာန မဟုတ်သည့် အွန်လိုင်း စာမျက်နှာများက တင်ခဲ့ရာ လူအများအပြား မျှဝေခဲ့ကြသည်။
 
ယင်းသတင်းကို စတင် ဖြန့်ခဲ့သည်မှာ မန္တလေးအခြေစိုက် Voice of Myanmar (VOM) ဖြစ်ပြီး "အကြမ်းဖက်မှုဥပဒေနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီး ၁ ဦးကို တာဝန်ကျ ရဲက ခိုးပြေး" ဟု ခေါင်းစဉ်တပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ကိုးကားသည့် သတင်းရင်းမြစ်မှာ 'မန္တလေး ရဲအသိုင်းအဝိုင်း' ဖြစ်သည်။
 
ဖြစ်စဉ်အမှန်မှာ ယင်းအမျိုးသမီးငယ်နှင့် ‘ခိုးပြေးသူ’ ဟု ဆိုသည့် ရဲတပ်သားမှာ သမီးရည်းစား မဟုတ်ပေ။ စခန်းရှိ ရဲတပ်သားက CDM လုပ်လိုသည်ဟုဆိုကာ အမျိုးသမီးငယ်ကို အကူအညီတောင်းရာမှ နောက်ဆုံးတွင် ရဲအချုပ်ခန်းကို ဖောက်၍ အတူတကွ ထွက်ပြေးခဲ့ကြသူများသာ ဖြစ်သည်။
 
အကြမ်းဖက်ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ခံရကာ မလှိုင်မြို့နယ် ရဲစခန်းတွင် အချုပ်ခံထားရသူ မအိသန္တာအောင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေတစ်ခုတွင် ၇ လကြာ သင်တန်းတက်ရောက်ခဲ့ကာ ထောက်ပို့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျန်းမာရေးမကောင်း၍ အိမ်ပြန်လာရာမှ ဇွန် ၁၆ တွင် စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်သည်။
 
မြို့နယ်စခန်းတွင် ချုပ်နှောင်ခံထားရစဉ် ယင်းစခန်းမှ ရဲတပ်သား စိုးပိုင်က CDM လုပ်လိုသည်ဟု အကူအညီ တောင်းလာသည့်အတွက် မအိသန္တာအောင်က ၎င်း၏ မိတ်ဆွေများနှင့် ဆက်သွယ်ပေးခဲ့သည်။ စခန်းတွင် ၃ ပတ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ ယင်းနောက် ဇူလိုင် ၉ ည သန်းခေါင်ကျော်တွင် ရဲတပ်သားက အချုပ်ခန်းသော့ဖွင့်ကာ မအိသန္တာအောင်ကို ခေါ်ယူထွက်ပြေးခဲ့သည်ဟု ဆိုသည်။
 
"စခန်းကနေ ထွက်ဖြစ်တော့ ညသန်းခေါင်ကျော် ၁၂ နာရီခွဲ လောက်၊ သူ့အဆောင်ကနေ သူ့အဝတ်အိတ်တစ်လုံး ပါလာတယ်" ဟု မအိသန္တာအောင်က ဆိုသည်။ ယင်း မလှိုင်ရဲစခန်းမှ ထွက်ပြေးလာပြီးနောက် ယာခင်း၊ နှမ်းခင်းများကို ဖြတ်၍ ရန်ကုန် မန္တလေး ကားလမ်းမပေါ်အရောက် သွားခဲ့ရသည်။
 
"ဝါဆိုလပြည့်ခါနီးနေပြီဆိုတော့ လရောင်နဲ့ ပတ်ဝန်းကျင်ကို နည်းနည်းမြင်ရတယ်။ မြက်ပင်တွေဆိုလည်း အရှည်ကြီးတွေ" ဟု မအိသန္တာအောင်က ထွက်ပြေးခဲ့သည့်ညက မြင်ကွင်းကို ပြောပြသည်။
 
ယင်းနောက် ရဲတပ်သားစိုးပိုင်က တစ်ပေခွဲခန့်ရှိသည့် ဓားတစ်ချောင်းကို ထုတ်ပြပြီး ဖမ်းမိပါက သူသေကိုယ်သေပြန်ချရန်နှင့် ၎င်းတို့လက်ထဲ အပါမခံနိုင်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
 
နံနက် ၂ နာရီခန့် ရှိလာသည်။ လမ်းမကြီးပေါ်လည်း ရောက်ပြီဖြစ်သည်။ မြို့အဝင် တိုးဂိတ် အနည်းငယ်ကျော်ပြီးနောက် ကတ္တရာလမ်းမ၏ ညာဘက် ထရံတစ်ခုဘေး ခဏရပ်နားရန် ပြင်ဆင်ကြစဉ်...
 
“အဲ့ဒီမှာ ခဏနားနေတုန်း သူက ကျမကို ချစ်တယ် ဘာညာနဲ့ မုဒိန်းကျင့်ဖို့ကြံတယ်။ ခန္ဓာကိုယ်ကို ပွတ်သပ်၊ ရင်သားတွေရော၊ ပေါင်တွေရော။ ကျမက မလုပ်ဖို့ တောင်းပန်တယ်၊ မရဘူး" ဟု မအိသန္တာအောင်က ဆိုသည်။
 
ယင်းနောက် စကားအခြေအတင်ဖြစ်ကြပြီး ရဲတပ်သားစိုးပိုင်က စိတ်ဆိုးသွားရာမှ “ငါဆက်မလိုက်တော့ဘူး နင့်ဘာသာသွားတော့ ဆိုပြီးပြောတယ်” ဟု ဆိုသည်။
 
ပြန်မသွားရန် မအိသန္တာအောင်က တောင်းပန်ခဲ့ရပြီး ရဲတပ်သားစိုးပိုင်ကလည်း သဘောတူသည့်နောက် လမ်းမကြီးပေါ်မှ မလျှောက်ဘဲ လမ်းဘေးမှ အတူဆင်းလျှောက်ခဲ့သည်ဟုဆိုသည်။ နံနက် ၃ နာရီခန့်ရှိပြီဖြစ်သည်။ ယင်းနောက် ခြုံပုတ်နှစ်ခုကို အကာအကွယ်ယူ၍ လုံခြုံရေးအရ တစ်ထောက်နားခဲ့ကြသည်။
 
ယင်းနေရာတွင် "သူက ပါလာတဲ့ ဓားကို ထုတ်ပြီး ငါ နင့်ကို တစ်ခုခုလုပ်ရင် နင် ငါ့ကို ဒီဓားနဲ့ထိုး ဆိုပြီး ကျမကို ထုတ်ပေးတယ်" ဟု မအိသန္တာအောင်က ဆိုသည်။ ထို့နောက် လမ်းမဘေးမှ သွားနေရသည်ကို စိတ်မချ၍ ချိုင့်ထဲဆင်း၍ ဆက်လျှောက်ခဲ့ကြသည်ဟု ဆိုသည်။ ဦးတည်ရာမှာ မန္တလေးသို့ ဖြစ်သည်။
 
ထို့နောက် “မောလို့ မြေကြီးပေါ် လှဲနေတုန်း သူ ကျမအပေါ်ကို တက်လာတယ်။ အဓမ္မကျင့်ဖို့ ထပ်ကြံတယ်၊ ဘယ်လိုမှမရုန်းနိုင်ဘူး" ဟုဆိုပြီး "အများကြီး တောင်းပန်ခဲ့တယ်၊ ငိုပြီးလည်း တောင်းပန်တယ်၊ ငါ့ကို မလုပ်ပါနဲ့ပေါ့၊ သူကမရဘူး" ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
 
"အဲ့ဒီအချိန်မှာ သူ့ဘယ်ဘက် ပုခုံးကို ကျမ ကိုက်လိုက်တယ်၊ သွေးတွေစို့တဲ့အထိပဲ၊ အဲ့ဒီအချိန်ကျမှ သူ ကျမကို လွှတ်လိုက်တယ်။ အဲ့ဒါပြီးတော့ ၁၀ မိနစ်လောက် စကားမပြောကြဘူး" ဟုဆိုသည်။ ယင်းနောက် မအိသန္တာအောင်က ၎င်းကို တစ်ဦးတည်း မထားခဲ့ရန်နှင့် မန္တလေးသို့ ရောက်သည်အထိ အတူဆက်သွားရန် တောင်းပန်ခဲ့ရပြန်သည်။
 
ထို့နောက် ရဲတပ်သားစိုးပိုင်က မအိသန္တာအောင်၏ ကိုယ်ခန္ဓာကို လမ်းတစ်လျှောက် ထိကပါး ရိကပါး ကိုင်တွယ်လာခဲ့ပြီး "တစ်လမ်းလုံး အောင့်အီးပြီး နေနေရတယ်။ စိတ်မလုံခြုံဘူး မြန်မြန်မိုးလင်းပါစေ ပဲ ဆုတောင်းမိတယ်" ဟု ဆိုသည်။
 
ထို့နောက် လမ်းဆက်လျှောက်ခဲ့ကြပြီး မအိသန္တာအောင်၏ အဆက်အသွယ်ဖြင့် ယင်းနေ့တွင်ပင် မန္တလေးရှိ မြေအောက်အဖွဲ့တစ်ခုနှင့် တွေ့ခဲ့ကြသည်။ ထို့ကဲ့သို့ တွေ့ဆုံခဲ့ရာတွင် မအိသန္တာအောင်က လမ်း၌ဖြစ်ပျက်ခဲ့သည်များကို ပြောပြခဲ့သည်ဟုဆိုသည်။ ထို့နောက် မြေအောက်အဖွဲ့က စစ်ကိုင်း၊ မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတစ်ခုသို့ မအိသန္တာအောင်နှင့် ရဲတပ်သားစိုးပိုင်တို့ကို ခွဲခြား၍ပို့ခဲ့သည်ဟု သိရသည်။
 
ယင်းသို့ ခွဲခြား၍ ပို့လိုက်သော်လည်း မြောင်သို့ရောက်ရှိခဲ့ရာတွင် မအိသန္တာအောင်မှာ ရဲတပ်သားစိုးပိုင်နှင့် တစ်ရွာတည်း နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် စိတ်မလုံခြုံ၍ မိတ်ဆွေတစ်ဦးရှိသည့် ပုလဲမြို့နယ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြန်သည်။
 
ပုလဲမြို့နယ်ရှိ ကျေးရွာအများစုမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အောက်တွင် ရှိပြီး ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော် ထိန်းချုပ်ရာ ကျေးရွာအချို့လည်း ရှိသည်။ မအိသန္တာအောင်တို့ ရဲစခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်လာခြင်းကို ပုလဲမြို့နယ် ကျေးရွာတစ်ရွာရှိ အချို့က မယုံကြည်ဘဲ ဒလန်ဟု စွတ်စွဲမှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ‘ထောက်ခံစာ’ ရေးပေးခဲ့သည်ဟု ဆိုသည်။
 
ပုလဲ ပကဖ အဖွဲ့၏ အောက်တိုဘာ ၁၆ ရက်စွဲဖြင့် ထုတ်ပေးထားသည့်စာအရ မအိသန္တာအောင်သည် "အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့် ခံထားရသူဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ထောက်ခံအပ်ပါသည်" ဟု ပါရှိသည်။
 
မအိသန္တာအောင် အပြင်သို့ သွားပါက တစ်ဦးတည်း မသွားစေဘဲ ဒေသခံ ပီဒီအက်ဖ်အဖွဲ့တစ်ခုမှ ရဲဘော်တချို့က လိုက်လံစောင့်ရှောက်ပေးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ယင်းနယ်မြေတွင်နေရသည်ကို စိတ်မလုံခြုံသည့်အတွက် နောက်ဆုံးတွင် ပုလဲတွင်ရှိနေသည့် မိတ်ဆွေ၏ အကူအညီဖြင့် ကချင်ပြည်နယ် လိုင်ဇာသို့ ရောက်ရှိခဲ့သည်။
 
"သူကအခု တော်တော် ဆိုက်ကိုဖောက်နေတယ်၊ လူတွေကိုမယုံတာတွေ၊ စကား မပြောတာတွေဖြစ်တယ်၊ ယောကျာ်းလေးတွေဆို အနားအကပ်မခံတာ၊ မယုံတာမျိုးတွေ၊ ညည အိပ်နေရင်း ငိုတာမျိုးတွေဖြစ်တယ်" ဟု စစ်ကိုင်း မြောင်မှ ကချင်ပြည်နယ် လိုင်ဇာသို့ ကူညီခေါ်ဆောင်ခဲ့သူက ဆိုသည်။
 
လက်ရှိအချိန်တွင် ရဲတပ်သားစိုးပိုင်မှာ မြောင်မြို့နယ်တွင် ရှိနေသေးသည်ဟု ယူဆရသော်လည်း မအိသန္တာအောင် နေထိုင်ခဲ့သည့် ကျေးရွာကိုထိန်းချုပ်သည့် မြန်မာ့တော်ဝင်နဂါးတပ်မတော်ကို မေးမြန်းရာတွင် ရဲတပ်သားစိုးပိုင်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းနေဆဲ ဟုဆိုသည်။ ထို့ပြင် ယခုကိစ္စနှင့် ပတ်သက်၍ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
 
မအိသန္တာအောင်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့သည်ဟုဆိုသည့် ရဲတပ်သားစိုးပိုင်ကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနထံ ပြောပြထားဖူးပြီး အကြောင်းမပြန်သေးဟု ဆိုသည်။ ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရ၏ သမ္မတရုံးသို့လည်း ပြောပြထားသေးသည်ဟုလည်း သိရသည်။
 
"(မအိသန္တာအောင်က) အဲ့ဒီရဲ အရေးယူခံရတာကို လိုချင်နေတယ်" ဟု လိုင်ဇာသို့ ကူညီခေါ်ဆောင်ခဲ့သူက ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close