ရခိုင်ပြည်နယ်က ဟားဗတ်ဘွဲ့ရ ဒေါက်တာ အတု  

ဟားဗတ်တက္ကသိုလ်က PhD ဘွဲ့ရလာတဲ့ ဒေါက်တာတစ်ယောက်ဦးစီးတယ်ဆိုတဲ့ ပညာရေးသင်တန်း ကျောင်းတစ်ခု ရခိုင်ပြည်နယ်က လူငယ်တွေကြားထဲ ရေပန်းစားနေပါတယ်။ ပညာတော်သင်ဆု ပေးမယ်၊ နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာဘွဲ့လက်မှတ်တွေရမယ် ဆိုတာတွေကလည်း ဒီနာမည်နဲ့အတူ တွဲပါလာပါတယ်။

 

လူမှုကွန်ရက်ပေါ်မှာတော့ Vertex International Myanmar နဲ့ Rakhine Education Development Program (REDP) လို့ လူသိများပြီး စစ်တွေမြို့နယ်မှာ အခြေစိုက်ပါတယ်။ တည်ထောင်သူက DrSiThuAung ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်နဲ့လူသိများပါတယ်။ သူက စစ်တွေမြို့ ကုန်တန်း ရပ်ကွက်သားပါ။

 

ကိုစည်သူအောင်က သူ့ကိုယ်သူ ဟားဗတ် တက္ကသိုလ်ကနေ အင်္ဂလိပ်စာပေနဲ့ ဒေါက်တာဘွဲ့ (PhD) ရခဲ့တယ်လို့ သူ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။ သင်တန်းသားတွေကို တူညီ ယူနီဖောင်းတွေနဲ့ ကျောင်းတက်စေပြီး အမှတ်တရဓာတ်ပုံတွေ၊ ညစာစားပွဲလုပ်တဲ့ပုံတွေကို တင်လေ့ရှိပါတယ်။

 


 

Vertex of Education စာမျက်နှာက “PhD English Literature ကို Roll No. ILO134 အမှတ် (၉၇) မှတ်ဖြင့် Grade1 အဆင့်ဖြင့် အောင်မြင်သွားပြီးဖြစ်သောကြောင့် အမှတ်တရအထိမ်းအမှတ်အနေဖြင့်” ကိုစည်သူအောင် ကိုယ်တိုင် သင်ကြားမယ့် သင်တန်းတစ်ခု ဖွင့်မယ့်အကြောင်း ၂၀၂၀ ခုနှစ်  စက်တင်ဘာတုန်းက တင်ခဲ့တာ တွေ့ရပါတယ်။

 

နောက်ပြီး သြစတြေးလျ ဆစ်ဒနီမြို့က Victoria တက္ကသိုလ်မှာလည်း ကျောင်းတက်ခဲ့တယ်လို့ ကိုစည်သူအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

 

ဟားဗတ်ဘွဲ့က လွယ်သလား

ဟားဗတ်တက္ကသိုလ်မှာ PhD Candidate ဖြစ်ဖို့အတွက် အရည်ချင်းသတ်မှတ်ရာမှာ အင်္ဂလိပ်စာ ကျွမ်းကျင်ရုံနဲ့မရပါဘူး။  ပြင်သစ်၊ အီတလီ စတဲ့ ဘာသာစကားတစ်ခုခုကိုပါ ကျွမ်းကျင်ရမယ့် အကြောင်း ဟားဗတ်တက္ကသိုလ် အင်္ဂလိပ်စာဌာနရဲ့ ဒေါက်တာဘွဲ့ ခေါ်ယူတဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

ဟားဗတ်တက္ကသိုလ်မှာ သူတို့ဆီက ဘွဲ့ရတာ အမှန်တကယ် ဟုတ်မဟုတ်ကို လုပ်ဆောင်ခ (processing fee) ပေးပြီး National Student Clearing House လို့ခေါ်တဲ့ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက် ကနေတဆင့် အတည်ပြုလို့ ရပါတယ်။ ကိုစည်သူအောင်ရဲ့ ဘွဲ့ယူကျမ်း (Thesis) ကို ဟားဗတ်တက္ကသိုလ်ရဲ့ ဒေါက်တာဘွဲ့ ကျမ်းစာရင်းမှာ ရှာမတွေ့ပါဘူး။

 

နိုင်ငံတကာမှာ ပညာတော်သင်ဆုတွေရလာပြီး အင်္ဂလိပ်စာ သင်ကြားပို့ချသူတွေကတော့ ကိုစည်သူအောင်ရဲ့ အင်္ဂလိပ်စာ အရေးအသားတွေဟာ  (lower - Intermediate level) အဆင့်လောက်ပဲ ရှိမယ်လို့ လွယ်လွယ်ကူကူ မှတ်ချက်ပြုကြပါတယ်။

 

 

ဟားဗတ် ကနေ ဒေါက်တာဘွဲ့ရသူ ဦးစီးတယ်လို့ ဆိုတာကြောင့် ‘ဒေါက်တာ စည်သူအောင်’ ဦးစီးတဲ့ သင်တန်းကို လျှောက်ထားလိုသူ၊ စုံစမ်းသူတွေများနေတာကို ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ရပါတယ်။ Vertex Sittwe ရဲ့ ဂျူလိုင် ၂၄ ရက် ထုတ်ပြန်ချက်အရ အင်္ဂလိပ်စာ ဒီပလိုမာ လျှောက်ထားသူ ၄၁ ဦးရှိတယ်လို့ ဆိုပါတယ်။

 

ငါးသိန်းတန် သင်တန်း 

Vertex သင်တန်းကျောင်းက ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာ ဒီပလိုမာအတန်းကို တက်ရောက်ခဲ့တဲ့အထဲ စစ်တွေက ဆယ်တန်းကို ဂုဏ်ထူးမှတ်နဲ့အောင်မြင်တဲ့ ကျောင်းသားတွေတောင် ပါဝင်ပါတယ်။ အင်္ဂလိပ်စာ ဒီပလိုမာ ၄ လသင်တန်း တစ်ခုကို ကိုစည်သူအောင် ဦးစီးတဲ့ Vertex က သင်တန်းကြေး ငါးသိန်းကောက်ပါတယ်။

 

သင်တန်းကိုတော့ ကိုစည်သူအောင် ကိုယ်တိုင်သင်ကြားတာမဟုတ်ပါ။ သူ့လက်ထောက်ဆိုသူ ဆရာအောင်ကြည်မြင့်ဆိုသူက သင်တယ်လို့ သင်တန်းသားတစ်ဦးက ပြောပါတယ်။ သင်တန်းသားတွေက အထူးသဖြင့် စစ်တွေလိုမြို့ပေါ်က မဟုတ်ဘဲ နယ်မြို့တွေက လာတက်သူများတယ်လို့ သင်တန်းသားတစ်ဦးက ဆိုပါတယ်။

 

"အဓိက ဒေါက်တာ စည်သူက ဟားဗတ်ဆင်းဆိုတော့ အားလုံးက အထင်ကြီးကြတာပေါ့လေ။ အဲဒါက လာတက်ကြပါလို့ ကြော်ငြာစရာမလိုတဲ့ မားကတ်တင်း တမျိုးပေါ့နော်" လို့ အထက်ပါ ကျောင်းသားက ပြောပါတယ်။

 

သင်တန်းပြီးသွားတာ လချီကြာပြီဖြစ်ပေမယ့် ယခုအင်တာဗျူးချိန်အထိ သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်လည်း မရသေးဘူးလို့ သူက ဆိုပါတယ်။

 

သင်တန်း တဖြတ်ကို ၁၅ ယောက်သတ်မှတ်ထားတာကြောင့် အင်္ဂလိပ်စာဒီပလိုမှာ သင်တန်း တစ်ဖြတ်မှာ ၇၅ သိန်း ဝင်ငွေရသွားပါမယ်။ ၂၀၂၀ ဝန်းကျင်ကတည်းက စတင်လာခဲ့တဲ့ Vertex International Myanmar က အခကြေးငွေယူပြီး ပို့ချခဲ့တဲ့ သင်တန်း အခု ၂၀၂၁ သြဂုတ်လမှာဆိုရင် အပတ်စဉ် ၇ ခုအထိ ရောက်ရှိနေပြီလို့ သင်တန်းတက်ရောက်သူတွေဆီကနေ သိရပါတယ်။

 

REDP အစီအစဉ်နဲ့ စကော်လာရှစ်ပေးသလို၊ တစ်ဖက်မှာ အခကြေးငွေယူတဲ့ Vertex သင်တန်း ပို့ချတာဖြစ်ပါတယ်။ နောက်ထပ်စုံစမ်းသိရှိရတာက REDP ဟာ လုံး၀ အခမဲ့ပေးတာမဟုတ်ဘဲ ဝင်ခွင့်ဖြေဆိုပြီး အခကြေးငွေနဲ့သင်တန်း တက်ခိုင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

ကနဦးအပတ်စဉ်တွေမှာ ၅ သိန်းအထိ သတ်မှတ်ခဲ့ပေမယ့် အပတ်စဉ် ၆ မှာ ၄ လကို ၄ သိန်းခွဲ၊ အပတ်စဉ် ၇ မှာ ၃ လကို ၄ သိန်းခွဲ စသဖြင့် တောင်းခံခဲ့ပါတယ်။ REDP program ကနေ ပညာရေးဝန်ထမ်း ခေါ်ယူတာမျိုးတွေလည်း ကြေညာခဲ့ပါသေးတယ်။

 

သင်တန်း ဒါမှမဟုတ် အလုပ်အကိုင်ရရှိဖို့ လျှောက်ထားသူတွေက ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး စတဲ့ နယ်ဝေးကသူတွေပါ စစ်တွေထိ လာရောက်ကြတာတောင်ရှိပါတယ်။ အဲဒီအစီအစဉ်တွေကို လျှောက်ထားသူ ထောင်ချီရှိတယ်လို့ ကိုစည်သူအောင်နဲ့ သိကျွမ်းသူတွေက ပြန်ပြောကြပါတယ်။

 

သြစတြေးလျနိုင်ငံကနေ မာစတာဘွဲ့ရပြီးတော့ ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းပို့ချနေတဲ့ သင်တန်းဆရာတစ်ဦးကတော့  နိုင်ငံတကာကျောင်းက အွန်လိုင်းကနေ ပို့ချတဲ့သင်တန်းတွေ ပြီးမြောက်ပြီးတော့ အသိအမှတ်ပြုလက်မှတ်တစ်ခုရှိရုံနဲ့ သင်တန်းဖွင့် လုပ်ကိုင်နေတဲ့ပြဿနာတွေနဲ့ ဆင်တူတယ်လို့ မှတ်ချက်ပြုပါတယ်။ 

 

"နောက်ကြောင်းကို သေချာဆန်းစစ်သင့်ပါတယ်။ မသိရင် သိနားလည်နိုင်တဲ့ လူတွေဆီကနေ စုံစမ်းမေးမြန်းသင့်ပါတယ်။ ရခိုင် ပညာရေးအသိုင်းအဝိုင်းဆိုတာ တကယ်တော့ သိပ်မကျယ်ပါဘူး။ Critical thinking လိုအပ်ပါတယ်။ ဟားဗတ် တက္ကသိုလ်အထိ တက်လိမ်တာတော့ အတော်ကြီးကျယ်တယ်" လို့ သူက ပြောပါတယ်။

 

ဒေါက်တာလို့ သူ့ကိုယ်သူ ခေါ်တဲ့ ကိုစည်သူအောင်ဟာ တကယ်တော့ စစ်တွေတက္ကသိုလ် ကျောင်းဆင်း ဖြစ်ပါတယ်။ ပထဝီ အဓိက နဲ့ ကျောင်းပြီးခဲ့သူပါ။ သင်တန်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီး စည်သူအောင် အကောင့်ကို ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ တိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့် ယခု ဆောင်းပါးထုတ်ချိန်အထိ အကြောင်းမပြန်ခဲ့ပါ။

 

ကိုစည်သူအောင်ကို သြဂုတ်လကတည်းက စောင့်ကြည့်ခဲ့ပြီး စက်တင်ဘာ ပထမအပတ်ထဲမှာတော့ DrSithuAung ကနေ SiThu AEung (ပညာဒါန) လို့ သူ့ဖေ့စ်ဘွတ်နာမည်ကို ပြောင်းလိုက်တာ တွေ့ရပါတယ်။ ပြီးတော့ သင်တန်း အလိမ် မခံရအောင် သေချာစုံစမ်းကြဖို့၊ ပြသနာတက်ရင် သူ့ဆီကို စုံစမ်းလို့ရကြောင်း တင်ခဲ့ပါသေးတယ်။

 

ငွေကုန် လူပန်း ပညာမရ

ကိုစည်သူအောင်က "အမျိုးသားရေးအတွက် ဆောင်ရွက်သူ" လို့ သူ့ကိုယ်သူ သုန်းနှုန်းပြီး ဖေ့စ်ဘွတ်ပေါ် ရေးတင်ဖူးပါတယ်။ ရခိုင်လူမှုအသိုင်းအဝိုင်းကြားထဲမှာ တချို့က ကိုစည်သူအောင်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တနည်းအားဖြင့် ဆက်စပ်နေသလားဆိုတဲ့ မှန်းဆပြောဆိုချက်တွေလည်း ရှိပြန်ပါတယ်။

 

ULA/AA ကတော့ သူတို့ရဲ့ ပညာရေးကဏ္ဍအစီအစဉ်မှာ Vertex ဆိုတဲ့နာမည်နဲ့ ချိတ်ဆက်ထားမှု မရှိသလို သိလည်း မသိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သူတို့ လေ့လာနေတယ်လို့ ဆိုပါတယ်။

 

ကိုစည်သူအောင်ရဲ့လုပ်ရပ်က မသိနားမလည်သူတွေကို ပညာတော်သင်ဆု ပေးတယ်လို့ အယောင်ပြပြီး နာမည်ရလာချိန်မှာ "ငွေအလုံးအရင်း ရှာချင်တဲ့လုပ်ရပ်" တစ်ခုအဖြစ် ရှုမြင်တယ်လို့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး အင်္ဂလိပ်စာ သင်ကြားရေးလုပ်နေကြသူတွေက မှတ်ချက်ပြုကြပါတယ်။

 

SOAS University of London မာစတာဘွဲ့ရပြီးတော့ အင်္ဂလိပ်စာ သင်ကြားရေးလုပ်နေသူ နောက်ထပ်ဆရာတစ်ဦးကလည်း “တခြား ရိုးရိုးသားသားနဲ့ ကိုယ်တတ်သလောက်၊ သိသလောက်နဲ့ ပညာရေး ဝန်ဆောင်မှုပေးနေတဲ့ သင်တန်းတွေ၊ ဆရာ၊ ဆရာမတွေကို ထိခိုက်တယ်။ ပိုဆိုးတာက အဟုတ်ထင်ပြီး သင်တန်းတက်တဲ့ ရခိုင်လူငယ် မျိုးဆက်သစ်တွေပဲ။ အချိန်ကုန် လူပန်းပြီး ရသင့် ရထိုက်တဲ့ ပညာ အရည်အချင်းကို မရဘူး။ အင်မတန် နစ်နာဆုံးရှုံးတယ်" လို့ ဆိုပါတယ်။

 

"[ကိုစည်သူအောင်၏] သင်ကြားရေးအပိုင်းတော့ မသိဘူး၊ သူ့အင်္ဂလိပ်စာအရေးအသားက စာလုံးပေါင်းတောင် မမှန်တဲ့ အခြေအနေလို့ သူက ထောက်ပြပါတယ်။ ဒါ့အပြင် “ကျောင်းအလိမ်၊ ဘွဲ့အလိမ်၊ သင်တန်းအလိမ်တွေလုပ်ဖို့ ပရဟိတ ဗန်းပြတာမျိုးကိုတော့ လက်မခံဘူး" လို့ သူက ဝေဖန်ပါတယ်။

                                               

သင်တန်းကိစ္စမှာ အငြင်းပွားဖွယ်ရာ PhD ဘွဲ့ကိစ္စအပြင်၊ တက်ရောက်သူတွေဖက်ကပါ ဆင်ခြင်ရမယ့် ကိစ္စလို့ သြစတြေးလျ တက္ကသိုလ်ကနေ မာစတာဘွဲ့ရထားတဲ့ ဆရာတစ်ဦးကလည်း ထောက်ပြပါတယ်။

 

ရခိုင်ပညာရေးအသိုင်းအဝိုင်းတွေကလည်း ဒီလိုကိစ္စမျိုးတွေကို လူမှုရေးအရပဲ ဖြစ်ဖြစ်၊ ကျောင်းသားမိဘတွေပဲဖြစ်ဖြစ် ထုတ်ဖော်ပြောဆိုသင့်တယ်လို့ သူက အကြံပြုပါတယ်။ နောက်တစ်နည်းကတော့ ဆိုင်ရာ နယ်ပယ်အလိုက် အသင်းအဖွဲ့တွေလုပ်ပြီးတော့ အပြန်အလှန်စောင့်ကြည့်တာမျိုး လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

 

ရခိုင်ပြည်နယ်မှာ ဒီလိုဖြစ်တာ "ရှက်ဖို့ကောင်းတဲ့ ကိစ္စပါ" လို့ ဆရာတစ်ဦးက ဆိုပါတယ်။

 

ရခိုင်ပြည်နယ်ဟာ နိုင်ငံရေး စစ်ရေး အုပ်ချုပ်ရေးအရပါ ရှုပ်ထွေးမှုရှိနေတဲ့အတွက် ဒီလို အငြင်းပွားဖွယ် ကိစ္စတွေကို ဘယ်သူက တာဝန်ယူဖြေရှင်းမလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။

 

မိုးမြင့် ရေးသားသည်။

 

သတင်းစာဆရာ မိုးမြင့်သည် လုပ်သက် ၁၀ နှစ်ခန့်ရှိသည့် သတင်းထောက် တစ်ဦးဖြစ်သည်။ The Irrawaddy-English အကြီးတန်းသတင်းထောက်၊ ယင်းမတိုင်မီ RFA-Burmese ရန်ကုန်ရုံး ဒုတာဝန်ခံ၊ နောက်ဆုံး အယ်ဒီတာအဖြစ် Mizzima Media Group တို့တွင် လုပ်ကိုင်ခဲ့သည်။ ယခုအခါ အလွတ်တန်းသတင်းထောက်အဖြစ် သတင်း၊ ဆောင်းပါးများ ရေးသားလျှက်ရှိသည်။

 

You can treat me a cup of coffee.

wave

Press ESC to close