Hell Fire ဒဲရစ်မေလာ

မြောက်ဥက္ကလာ ဝေဘာဂီရပ်ကွက်ထဲ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်မေးရင်းနဲ့ ၁၅ မိနစ်လောက် ရှာပြီးမှ နောက်ဆုံးလမ်းညွှန်လိုက်တဲ့ လမ်းထောင့်က သွပ်မိုးပျဉ်ကာတစ်ထပ်အိမ်ကို တွေ့တော့ “အိမ်ရှင်တို့... ဒါ အဆိုတော် ဒဲရစ်မေလာတို့ အိမ်လားခင်ဗျာ” ဆိုတော့ အမျိုးသမီးငယ်တစ်ဦး ထွက်လာတယ်။ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်း၊ ဘောင်းဘီတိုနဲ့။ 

“ကျနော်တို့က သတင်းထောက်တွေပါ၊ အဆိုတော် ဒဲရစ်မေလာကို တွေ့ချင်လို့၊ ပြီးတော့ အင်တာဗျူးလုပ်ချင်လို့” ဆိုပြီးပြောတော့ အမျိုးသမီးငယ်က နည်းနည်း စိတ်အိုက်သွားပုံနဲ့ “ဒယ်ဒီက ဆိုင်မှာ၊ လိုက်ပို့ပေးမယ်” လို့ ခပ်ပြတ်ပြတ်ပြောပြီး အိမ်နဲ့ သိပ်မဝေးတဲ့ ဘုံဆိုင်ကလေးဆီ လိုက်ပို့တယ်။ 

ကဖျင်းထိုးထားတဲ့ ဘုံဆိုင်ထဲ တစ်ယောက်တည်း ထိုင်နေတဲ့ ဒဲရစ်မေလာဘေး ကျနော်နဲ့ ကျနော့် ဓာတ်ပုံဆရာတို့ ဝင်ထိုင်လိုက်ပါတယ်။ နေ့လယ် ၂ နာရီကျော် နေရောင်ပြင်းပြင်းအောက်က ဆိုင်ထဲ ကချော်ကနဲ့ သစ်သားစားပွဲခုံတွေကြား ဇိုးသမား တချို့လည်း မြင်ရတယ်။ 

ခုနက အမျိုးသမီးငယ်က “Daddy, brace yourself!” လို့ ဆိုင်ကမထွက်ခင် အင်္ဂလိပ်လို လှမ်း ပြောသွားတယ်။ ‘ဒယ်ဒီရေ... အသင့်ပြင်ထား’ ပေါ့။ သဘောကတော့ သတင်းထောက်တွေက မေးခွန်းတွေ မေးတော့မယ်၊ သတိထားပြီးသာ ဖြေတော့ လို့အဓိပ္ပါယ်ကောက်ယူနိုင်မလား မပြောတတ်ဘူး။ 

ဒဲရစ်မေလာနဲ့ နောက်ပိုင်း စကားပြောတော့မှ ခုနက အမျိုးသမီးငယ်ဟာ သူ့သမီးငယ် ဂျူလီမေလာဆိုတာ သိရတယ်။ သမီးကြီးက ချယ်ရီမေလာ။ သတင်းထောက်တွေက သူ့ဒယ်ဒီကို အင်တာဗျူးလာမေးတာကို ဂျူလီမေလာက သိပ် သဘောတွေ့ပုံ မရပါဘူး။ 

တစ်ခုတော့ ရှိတာပေါ့လေ။ ကျနော်တို့ နိုင်ငံရဲ့ ထုံးစံအရ ဆယ်လီတွေ၊ အနုပညာရှင်တွေကို သတင်းလုပ်ကြရင် အချစ်အကြောင်းတို့၊ အိမ်ထောင်ရေးအကြောင်းတို့ ဦးစားပေးကြပြီး အတင်း အဓမ္မ ဇာတ် မနာ နာအောင် လုပ်ကြလေတော့ ဇာတ်ရှုပ်တွေနဲ့ ကင်းအောင်နေချင်တဲ့ အနုပညာသမားတချို့က သတင်းထောက်တွေကို ခပ်ဝေးဝေးရှောင်ကြလေ့ရှိတယ်။ 

ဒဲရစ်မေလာကတော့ “အေး မေးကွာ၊ ဘာမေးမလို့လဲ” ဆိုပြီး ခပ်ပြတ်ပြတ်ပြောတယ်။ လူပုံက တော်တော်ပိန်တယ် ဆိုရမယ်။ ဆံပင်က ကပ်ကပ်၊ ကျိုးတို့ကျဲတဲ။ အင်္ကျီက အိမ်နေရင်း ခပ်နွမ်းနွမ်း။ အပေါ်ကြယ်သီး သုံးလေးလုံးလောက် ဖွင့်ထားတယ်။ စကားပြောနေတုန်းပဲ စားပွဲခုံပေါ်က ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး နှုတ်ခမ်းမွေးခပ်ရေးရေးပေါ် တင်ကျန်ခဲ့တဲ့ ရေစက်တွေကို လျှာနဲ့ သိမ်းလိုက်တယ်။ 

“ဒီလိုပါ အန်ကယ်”
“ဟ... မင်းက အန်ကယ်တော့ မခေါ်နဲ့လေ” လို့ ဒဲရစ်မေလာကဆိုတယ်။ လက်ကလည်း နောက်တစ်ခွက် ထပ်ငှဲ့လိုက်တယ်။ 

ကျနော်လည်း စစခြင်း လွဲပြီဟ လို့ စိတ်ထဲ တ လိုက်မိတယ်။ အစ်ကိုကြီး လို့ ခေါ်လို့လည်း မကောင်း၊ ဦးလေးခေါ်ရင်လည်း အဆင်မပြေ။ နာမည်က မြန်မာနာမည်လည်း မဟုတ်တော့ ခက်တာပဲ။ “ဒါဆို ဦးဒဲ လို့ခေါ်မယ်ခင်ဗျ” ဆိုတော့ “အေး” လို့ ပြန်ပြောတယ်။ 

တကယ်တော့ ဒဲရစ်မေလာအကြောင်းရေးဖို့ အကြောင်းဖန်လာတာက ကျနော်နဲ့ သတင်းဓာတ်ပုံဆရာ ကိုတေဇလှိုင်တို့နှစ်ယောက် အထက်အညာဘက် ခရီးထွက်ကြရင်း အဝေးပြေးလမ်းပေါ် သီချင်းနားထောင်ကြရာက စပါတယ်။ သီချင်းအဟောင်းတွေ ရှာဖွေနားထောင်ရင်း သည်းနုတို့၊ အပြာရောင်ကော်ဖီဆိုင်တို့ နားထောင်ဖြစ်တော့ ဒီအဆိုတော်ကြီး ခု ဘာတွေများ ဖြစ်နေပြီလဲဆိုပြီး သိချင်လာပါတယ်။

ဒါနဲ့ သူ့အကြောင်း လိုက်မေးမြန်းဖြစ်တာပါ။ အများကြီး မသိရ၊ မြောက်ဥက္ကလာပမှာ နေတယ်ဆိုတာလောက်ပဲ သိရတယ်။ အဲ့ဒါနဲ့ နောက်ထပ်သတင်းသမားတစ်ဦးဖြစ်တဲ့ ကိုထွန်းခိုင်က ဝေဘာဂီမှာနေခဲ့ဖူးတဲ့လူဆိုတော့ သူ့ဆီက ထပ်ပြီး လိပ်စာသိရတယ်။ ဒါနဲ့ ဒဲရစ်မေလာဆီ ရောက်ဖြစ်ခဲ့တာပါ။

“တစ်ခုအရင်ပြောမယ်ကွ။ ကိုယ့်နာမည် စာလုံးပေါင်းတာ အမြဲမှားကြတယ်။ ဒဲရစ်မေလာ ဆိုပြီး မြန်မာလိုပဲ ပေါင်းကြတာများတာကိုး။ ပြီးတော့ Miller ဆိုပြီး er နဲ့ ပေါင်းကြတယ်ပေါ့။ တကယ်က ar – Millar မှ အမှန်။ er နဲ့ဆုံးရင် အဲ့ဒါ အင်္ဂလိပ်တွေပေါင်းတာ၊ ကိုယ်တို့က ar နဲ့ ပေါင်းတယ်” 

ဒဲရစ်မေလာက စကော့မျိုးရိုးပါ။ ဗြိတိန်၊ စကော့တလန်နိုင်ငံ စကော့လူမျိုးတွေကနေ ဆင်းသက်လာသူ။ အဖိုးဖြစ်သူနာမည်က Ebenezer Millar, အဖေက John Lancelot Millar လို့ခေါ်ပါတယ်။ အဖိုး Ebenezer Millar က ရန်ကုန်မှာ အစိုးရအသိုင်းအဝိုင်းထဲက ယစ်မျိုးမင်းကြီး - ကော်မရှင်နာပါ။ အင်္ဂလိပ်လိုတော့ Commissioner of Excise.

ဖဆပလသား ဒဲရစ်မေလာ

ကော်မရှင်နာရဲ့ မိသားစုဆိုတော့ ဒဲရစ်မေလာတို့ အဖေ ဂျွန် လန်းစလော့ မေလာတို့ဟာ အဆင်ပြေပြေနေနိုင်ခဲ့တဲ့ မိသားစုပါ။ ရန်ကုန် မင်္ဂလာတောင်ညွန့်၊ ဖဆပလ ရပ်ကွက်ထဲမှာ ကိုယ်ပိုင်အိမ်နဲ့ နေခဲ့တာပါ။ ငယ်ငယ်ကတည်းက ဂီတာတီးတာကို ဝါသနာပါခဲ့ပေမယ့် အဖေ ဂျွန်မေလာရဲ့ ချုပ်ချယ်မှု တချို့ကြောင့် သိပ်တော့ မလွတ်လပ်ခဲ့ပါဘူး။ 

“အဖေလည်း ဂီတာ တီးတယ်၊ အပျော်တမ်းပါပဲ။ ဒါပေမယ့် ကိုယ့်ကိုတော့ သူက ဂီတအလုပ် မလုပ်စေချင်ဘူး၊ ဂီတာတီးရင် စိတ်ဆိုးတယ်၊ မတီးရဘူး” 

အဲ့ဒီ ၁၉၇၀ ကာလတွေတုန်းက ရန်ကုန်မြို့လယ်ခေါင်က ၃၅ လမ်းမှာ နိုင်ငံခြားကလာတဲ့ သီချင်းခွေတွေ သွားဝယ်လေ့ရှိတယ်လို့ သူက ဆိုတယ်။ အထူးသဖြင့် အဲ့ဒီတုန်းက “ကုလားသီချင်းတွေ အများကြီး နားထောင်ခဲ့ဖူးတယ်၊ တော်တော်လည်း ကြိုက်ခဲ့ဖူးတယ်” 

“အမေရိကန် Band တွေလည်း တော်တော်များများ နားထောင်ခဲ့တယ်။ ဒါပေမယ့် အင်္ဂလိပ် Band တွေကို ပိုကြိုက်တယ်၊ ဥပမာ - Deep Purple တို့၊ Led Zeppelin တို့ နောက်ပြီး Rolling Stones တို့ပေါ့” 

တကယ်တော့ ၁၉၇၀ နဲ့ ၈၀ ကာလတွေဟာ မြန်မာနိုင်ငံမှာ ကော်ပီသီချင်းတွေ တော်တော်ရေပန်းစားတဲ့ ကာလလို့ ပြောရပါမယ်။ ဥပမာ အစောပိုင်းကာလ Beatles, Air Supply, Credence Clearwater Revival တို့ သီချင်းတွေကို တော်တော်များများ ကော်ပီခဲ့ကြပြီး နောက်ပိုင်း Bon Jovi တို့ Guns N’ Roses တို့နဲ့ Metallica တို့ရဲ့ နာမည်ကြီး သီချင်းတွေ ကော်ပီခဲ့ကြတယ်။ 

ဒါပေမယ့် ဒဲရစ်မေလာ သီချင်းတွေကတော့ ကိုယ်ပိုင်သံစဉ်တွေပါပဲ။ 

၁၉၈၈ အရေးအခင်းနောက်ပိုင်း ဖဆပလ ရပ်ကွက်ကို ဖျက်သိမ်းတာမှာ ဒဲရစ်မေလာတို့ မိသားစုလည်း ပါသွားခဲ့ပါတယ်။ အဲ့ဒီတုန်းက ဖဆပလရပ်ကွက်ကလူတွေကို မြောက်ဥက္ကလာပကို ရွှေ့ပြောင်းပစ်ခဲ့တယ်။ အဲ့ဒီကတည်းက မင်္ဂလာတောင်ညွန့် ဖဆပလသား ဒဲရစ်မေလာတို့ဟာ အဲ့ဒီကာလက ရန်ကုန်ရဲ့ အစွန်အဖျား ဖြစ်ခဲ့တဲ့ ဝေဘာဂီကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။ အာဏာရှင် ဦးနေဝင်းရဲ့ ဆိုရှယ်လစ်အစိုးရ ဒဏ်ကို ဒဲရစ်မေလာတို့ မိသားစုလည်း အလူးအလဲ ခံခဲ့ရတာပါ။ 

အရင်က ချောင်လည်ခဲ့ပေမယ့် အများနည်းတူပဲ ဒဲရစ်မေလာတို့ တော်တော်ရုန်းကန်ခဲ့ရပါတယ်။ ရပ်ကွက်ထဲမှာ နိုင်ငံခြားသားနဲ့တူတယ်ဆိုတဲ့ ထူးထူးခြားခြား ပြောခံရတာလွဲပြီး ကျန်တာတော့ သိပ်ပြီး ထူးခြားတာ မရှိခဲ့။ ဒဲရစ်မေလာက စကားပြောရင် တချို့အသုံးအနှုန်းတွေကို အင်္ဂလိပ်လို သုံးတာ များပါတယ်။ စကားပြောပြီး သိပ်မကြာဘူး၊ အိမ်သွားရအောင်ကွာ ဆိုတာနဲ့ ဆိုင်နဲ့သိပ်မဝေးတဲ့ ပျဉ်ထောင်တစ်ထပ်အိမ်ဆီ ကျနော်တို့ ရွှေ့ကြပါတယ်။ 

၂၀၁၇ ဇန်နဝါရီ ၂၇ က ဒဲရစ်မေလာနေအိမ်မှာ တွေ့ခဲ့စဉ်က။ (ဓာတ်ပုံ - တေဇလှိုင်)

ဓာတ်ပုံဆရာလည်း ပါတယ်ဆိုတော့ နဂိုဝတ်ထားတဲ့ အင်္ကျီနွမ်းနွမ်းကို ပန်းရောင်ခပ်ဖျော့ဖျော့ တစ်ထည်နဲ့ လဲလိုက်ပါတယ်။ အိမ်နံရံမှာတော့ သူ့ရဲ့ တေးစီးရီးအခွေ ကြော်ငြာနှစ်ခုကို အိမ်ခေါင်းရင်းနဲ့ အိမ်နံရံနှစ်ဖက်မှာ ချိတ်ဆွဲထားတာ တွေ့ရတယ်။ တစ်ခုက ‘ခေတ်သစ်ရေစီး’ (၁၉၉၆) နဲ့ ‘အမြဲဆုံတွေ့မယ်’ (၁၉၉၈) ပါ။ 

သူ့ရဲ့ Masterpiece တွေဖြစ်တဲ့ သဲနု၊ အပြာရောင်ကော်ဖီဆိုင် စတဲ့ သီချင်းတွေဟာ ခေတ်သစ်ရေစီး တေးစီးရီးထဲက ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ထုတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်လောက်ထိ အဲ့ဒီအချိန်က လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းတွေပေါ့။

‘အပြာရောင်ကော်ဖီဆိုင်’ သီချင်းရေးသူက ကိုဘိုနီ ပါ။ 

“သူ သီချင်းရေးလာပြီး ကျနော့်ကိုပေးတာ။ ကိုဘိုနီက ဂီတာ တီးတာ အရမ်းမကျွမ်းဘူး၊ ဒါပေမယ့် သူ ရေးခဲ့တဲ့ သီချင်းပေါင်း ၄၀၀ လောက်ရှိတယ်၊ တော်တော်များများ သီချင်းဖြစ်မလာခဲ့ဘူး” လို့ ဒဲရစ်မေလာက ဆိုတယ်။ ကိုဘိုနီရေးပြီးယူလာတဲ့ အပြာရောင်ကော်ဖီဆိုင်ကို ဒဲရစ်မေလာက သံစဉ်ထည့်၊ စာသားတချို့ ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပြာရောင်ကော်ဖီဆိုင်သီချင်း ရေးသူ နေရာမှာ - ဘိုနီ + ဒဲရစ်မေလာ - လို့ တွေ့ရတာ ဖြစ်ပါတယ်။

“ခုတော့ သူ (ကိုဘိုနီ) လည်း ဘယ်ရောက်နေလဲ မသိပါဘူးဗျာ။ သေသလား၊ ရှင်သလားတောင် မသိဘူး” 

ရန်ကုန် တက္ကသိုလ်ကနေ ရူပဗေဒနဲ့ ဘွဲ့ရခဲ့ပြီး တက္ကသိုလ်မှာ ထူးအိမ်သင်၊ ခင်မောင်တိုး၊ ဖိုးချိုတို့နဲ့လည်း သူငယ်ချင်းမိတ်ဆွေတွေပါ။ ၁၃ နှစ်အရွယ်ကတည်းက ဂီတာ စ တီးခဲ့တဲ့ ဒဲရစ်မေလာဟာ မြို့ထဲမှာရောင်းတဲ့ ဂီတာတီးနည်းစာအုပ်တွေကနေ တစ်ဆင့် အတီးသင်ခဲ့ပြီး “ကိုယ်က ဒို ရေ မီ ဖာ ကို အများကြီး မသိဘူး၊ Pucca Note ပဲ သိတယ်” လို့ ဆိုတယ်။ 

Deep Purple တို့၊ Led Zeppelin တို့ Rolling Stones တို့ ကြိုက်ခဲ့ပေမယ့် သူ့အမျိုးအစားက Jazz နဲ့ Blues ဘက်ကို ပိုရောက်ပါတယ်။ 

“လမ်းလျှောက်လို့ ကိုယ့်အရိပ်ကို ကြောက်လား သည်းနုရာ” “တံငါသည်ရဲ့ မိန်းမလို့ သူဌေးပြီး ဘုရင်ဘဝရောက်တော့မှ ဘာပြောလဲကွာ၊ မင်းလည်းပဲ အဲ့ဒီလိုလူစား မဖြစ်ဖို့ရာ အမြင့်ကြီးပေါ်က မခုန်နဲ့ကွာ” ဆိုတဲ့ အသုံးအနှုန်းမျိုးတွေဟာ အဲ့ဒီခေတ်က အတော်ရှားပါးတဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ 

ခေတ်သစ်ရေးစီး တေးစီးရီးထဲက အပြာရောင်ကော်ဖီဆိုင်နဲ့ ပေါက်ခဲ့တဲ့ ဒဲရစ်မေလာဟာ သီချင်းသာပေါက်ပေမယ့် အဆိုတော် ဗဒင်တို့ ပေါက်ခဲ့သလို လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာမျိုး မဟုတ်ဘဲ ငွေကြေးအားဖြင့်လည်း ခက်ခဲခဲ့ပါတယ်။

ပထမအခွေထွက်ခဲ့ပြီး ဂီတလောကထဲ နာမည်တစ်ခု ရလာခဲ့ပေမယ့် သူ့ရဲ့အချိန်အများစုဟာ Session Player အဖြစ်နဲ့ ကုန်တာ များပါတယ်။ “အဲ့ဒီတုန်းက မင်္ဂလာဆောင်မှာ သွားတီးရင် (ကျပ်ငွေ) ၆၀၀ လောက်ရတယ်။ နောက် စီးရီးတစ်ခုလုံးစာ သွားတီးပေးရင် ၃၀၀၀ လောက်ရတယ်” 

၁၉၉၈ မှာ ဒုတိယ တေးစီးရီးဖြစ်တဲ့ ‘အမြဲဆုံတွေ့မယ်’ ထွက်တဲ့အချိန်ဟာ ထွန်းအိန္ဒြာဗိုလ်ရဲ့ 1999 အခွေထွက်ချိန်နဲ့ သိပ်မကွာခဲ့ပါဘူး။ ဒီအခွေဟာ လူသိပ်မသိလိုက်ဘဲ မြုပ်သွားခဲ့ပါတယ်။ ဒီအခွေဟာ သူ့ရဲ့ နောက်ဆုံး တေးစီးရီးပါပဲ။ 

စကားပြောနေရင်းပဲ “ဦးဒဲ သီချင်း နည်းနည်းတီးပြပါလား” ဆိုတော့ ဘေးနားရှိတဲ့ ဂီတာနဲ့ နှစ်ပုဒ် တီးပြပါတယ်။ “သီချင်းရေးထားတာတွေ အများကြီး ရှိတယ်။ အခွင့်ရရင်တော့ ထုတ်ချင်သေးတယ်” လို့ ဆိုတယ်။

ဒဲရစ်မေလာနဲ့ တွေ့ခဲ့တာဟာ ၂၀၁၇ ခုနှစ်က ဖြစ်လို့ ခုဆိုရင် ၅ နှစ်တိတိရှိသွားပြီဖြစ်ပါတယ်။ (ခုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ဒဲရစ်မေလာရဲ့ အသစ်စက်စက် စီးရီး ‘ကချလာ မာတိကာ’ ထွက်ထားပါတယ်။)

တချို့ကတော့ ဒဲရစ်မေလာရဲ့ သီချင်းတွေဟာ Jazz နဲ့ Blues တွေလို့ ဆိုကြတယ်။ ဒါပေမယ့် ဒဲရစ်မေလာကတော့ “ကိုယ့် ဂီတအမျိုးအစားအကြောင်းပြောရင် ကိုယ့် ဘာသာရေးအယူအဆပေါ် ပြောရသလိုမျိုးပဲ။ တချို့က ကိုယ့်သီချင်းတွေက Jazz တဲ့၊ တချို့က Blues တဲ့။ ကိုယ့်အတွက်တော့ အဲ့ဒီလို သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။ ဂီတပါပဲ၊ ဒါပဲ” လို့ ဆိုတယ်။ 

၃ နာရီနီးပါးလောက် ဒဲရစ်မေလာနဲ့ စကားပြောအပြီးမှာတော့ “ဦးဒဲ ကျန်းမာရေး ဂရုစိုက်ပါဦး” လို့ပြောဖြစ်ပါတယ်။ အဲ့ဒီတော့ “ဒီနေ့မှာနေပြီး ဒီနေ့အကြောင်းပဲ စဉ်းစားတာပေါ့ကွာ၊ မနက်ဖြန် အဆင်ပြေပါလိမ့်မယ်” လို့ ဆိုတယ်။ 

ဦးဒဲနဲ့တွေ့ပြီး ၅ နှစ်အကြာ ဒီနှစ်မှာတော့ သူပြောခဲ့သလိုပဲ သူရေးထားတဲ့ သီချင်းတွေကို အခွေထုတ်နိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ 

ခေတ်သစ်ရေစီးအခွေထဲက ခေါင်းစီးတေး ထဲမှာ .... 
“အားပေးမယ့် ပရိသတ်လည်း ကျနော် လေးစား
ဆိုပါဆို ဆိုပြမယ် အေးအေးဆေးဆေးပေါ့
စင်မြင့်ပေါ် တွေ့ကြတဲ့အခါ 
ရောင်းရင်းတွေ ငြိမ့်ရစေမှာ” လို့ ဒဲရစ်မေလာက ရေးတယ်။ 

ပြီးတော့ “ဂီတရေစီး ခေတ်သစ်မှာတော့ Hell Fire ဒဲရစ်မေလာ” ဆိုသလိုပဲ... ဦးဒဲတစ်ယောက် ကျန်းကျန်းမာမာနဲ့ တကယ့် Hell Fire လိုပဲ ဂီတနဲ့ တောက်လောင်နေနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close