လုံခြုံရေးအရ မက်ဆင်ဂျာထဲမှာ ပြောထားသမျှ အားလုံးကို ဖျက်ပစ်ကြရတဲ့ အခိုက်အတန့်တွေ ကြုံလာရရင် ပြောထားတာတွေကလည်း များတော့ တကြိမ်တည်း အားလုံး ဖျက်ပစ်ရတာ တော်တော် လက်ဝင်ပါတယ်။ ဆိုတော့ မက်ဆင်ဂျာထဲမှာ ပြောထားသမျှကို အလုပ်မရှုပ်စေဘဲ ဘယ်လိုဖျက်ပစ်မှာလဲဆိုတာ စဉ်းစားရပါတော့တယ်။
ဆောင်းပါးတွေ တော်တော်များများ လိုက်ဖတ်ဖြစ်ပါတယ်။ အများစုက ‘တကြိမ်တည်း အားလုံးကို ဖျက်ပစ်လို့ မရဘူး’ လို့ပဲ ရေးကြတာပါ။ နည်းနည်း ထပ်ပြီး တူးဆွကြည့်လိုက်တော့ Chrome Browser မှာ Extension တစ်ခု သွားတွေ့ပါတယ်။ ကိုယ်တိုင် စမ်းသုံးကြည့်တော့ အဆင်ပြေပါတယ်။ နည်းပညာနဲ့ ရင်းနှီးသူတွေအတွက် မခက်ခဲပေမယ့် အနည်းငယ် အလှမ်းဝေးသူတွေအတွက် ခု စာတိုလေးက အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
၁။ မက်ဆင်ဂျာထဲက စာတွေအားလုံး တပြိုင်တည်းဖျက်ပစ်ဖို့အတွက် ဖုန်းနဲ့ လုပ်လို့ မရပါဘူး။ ကွန်ပျူတာနဲ့ လုပ်မှ ရပါမယ်။ အပေါ်မှာ ပြောခဲ့တဲ့ Chrome ဆိုတာက Browser ဖြစ်ပြီး အားလုံးသုံးနေကျဖြစ်တဲ့ Mozilla Firefox မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး Chrome Brower လိုပါမယ်။ (တချို့ ကွန်ပျူတာတွေထဲမှာတော့ အလိုလိုပါပြီး ဖြစ်ပါတယ်၊ မသုံးဖြစ်ကြတာမျိုးလည်း ရှိပါမယ်)
၂။ Chrome Browser ကိုဖွင့်လိုက်ပြီး ဘယ်ဘက်အပေါ်ထောင့်မှာ ရှိတဲ့ Apps ဆိုတဲ့ Tab ကို တချက်နှိပ်ပါ။ အဲ့ဒီမှာပေါ်လာတဲ့ စာမျက်နှာမှာ Web Store ဆိုတာ တွေ့ပါလိမ့်မယ်။ တချက် နှိပ်လိုက်ပါ။ အဲ့ဒီမှာ Search the store ဆိုတာမှာ Delete All Messages on FacebookTM ဆိုပြီး ရှာလိုက်ပါ။
ဒီနာမည်နဲ့ Extension တွေကများလွန်းတော့ Download အရေအတွက်ကို သတိထားပေးပါ။ တော်တော်များများ စမ်းသုံးကြည့်တော့ လူပေါင်း ၂၄၀၀ ကျော်ဒေါင်းထားတဲ့ Extension တစ်ခုကသာ အကောင်းဆုံးဖြစ်တာ တွေ့ရပါတယ်။ (ပုံကို ကြည့်ပါ)
၃။ တွေ့ပြီဆိုရင် တချက်နှိပ်လိုက်ပါ။ နောက်ထပ် စာမျက်နှာတစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ ညာဘက်ထောင့်က Add to Chrome ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် Chrome Browser ရဲ့ ညာဘက်ထောင့်မှာ ဒီ Extension ဝင်သွားတာ တွေ့ရပါလိမ့်မယ်။
၄။ ပြီးရင်တော့ ပုံမှာပြထားသလို ဘေးနားပေါ်လာတာကို တချက်နှိပ်လိုက်ရင် box တစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Delete All Messages on Facebook ဆိုတာကို တချက်နှိပ်လိုက်ပါ။ အဲ့ဒီမှာ STEP 1. Open Messages ဆိုတာပေါ်လာပါလိမ့်မယ်။ တချက် နှိပ်လိုက်ပါ။ ကိုယ့်ရဲ့ Facebook မက်ဆင်ဂျာထဲ အလိုလို ရောက်သွားပါလိမ့်မယ်။
၅။ ပြီးရင် ခုနက box ဆက်ရှိနေသေးရင် STEP 2. DELETE ALL MESSAGES ဆိုတာကို နှိပ်လိုက်ပါ။ တကယ်လို့ အဲ့ဒီ box ပျောက်သွားရင် အဆင့် (၄) မှာတုန်းကလို Extension ကို ထပ်နှိပ်ပါ။ ပြီးရင် Delete All Messages on Facebook ဆိုတာကို ထပ်နှိပ်ပါ။ box ကျလာရင် Step 2 ကိုတွေ့ရပါလိမ့်မယ်။တချက်နှိပ်လိုက်တာနဲ့ Messenger ထဲရှိသမျှ အားလုံး ဖျက်ပြီးသားဖြစ်သွားပါလိမ့်မယ်။
မှတ်ချက်
ဒီစာတွေဟာ ကိုယ့်ဘက်က ဖျက်လိုက်တာသာ ဖြစ်ပြီး ကျန်တဲ့တဖက်က ကိုယ်နဲ့ပြောထားတဲ့လူဆီမှာတော့ ကျန်နေဦးမှာ ဖြစ်ပါတယ်။ (Facebook server ထဲမှာလည်း ဆက်ပြီး ကျန်နေဦးမှာပဲ ဖြစ်ပါတယ်) ဒါပေမယ့် ကိုယ့်ဖုန်းကို ယူ စစ်ရင်၊ မက်ဆင်ဂျာထဲ ဝင်ကြည့်ရင်တော့ ဘာမှ တွေ့ရတော့မှာ မဟုတ်ပါဘူး။ လုံခြုံရေးအရ အရမ်းအရေးကြီးလာရင် သုံးလို့ရတဲ့ နည်းလမ်းတစ်ခုအနေနဲ့ ဖော်ပြရခြင်းဖြစ်ပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျာ။