အာဏာရှင် လက်ထက် Facebook ဘယ်လိုသုံးမလဲ

စစ်ကောင်စီ အောက်ဆွဲအုပ်စုတွေက သူတို့ တယ်လီဂရမ်မှာ တင် သတင်းတွေစုပြီး ဖမ်းခိုင်းလို့ ပါသွားသူတွေ မနည်းတော့ပါဘူး။ “အာဗျာ ကြောက်စရာမလိုပါဘူး၊ လှန့်နေတာ၊ ခြောက်နေတာ တကယ်လည်း မလုပ်ပါဘူး” လို့ ကျနော့်ကို ပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ မိသားစုဝင်တွေ ပါသွားခဲ့ဖူးပါပြီ။ ဒါက သိတာပဲရှိတယ်၊ မသိတာ ဘယ်လောက်များများ ရှိနေမလဲ။
 
ဘာကြောင့် ဖမ်းခံရတာလဲဆိုရင် အွန်လိုင်းပေါ်မှာ ပီဒီအက်ဖ်ကို ထောက်ခံကြောင်း၊ နုဂျီကို ထောက်ခံကြောင်း ရေးလို့၊ စစ်တပ်ကို ဆဲလို့၊ ဗုဒ္ဓဘာသာကို စော်ကားလို့၊ မင်းအောင်လှိုင်ကို လှောင်ပြောင်လို့၊ ယူဂျီကို ထောက်ပံ့လို့၊ စီဒီအမ်ကို ငွေလှူလို့ စသဖြင့် အမျိုးမျိုးရှိကြတယ်။ ဒီအကြောင်းအရာတွေကို ကိုယ့် Facebook ပေါ်တင်ကြတယ်၊ ဓာတ်ပုံတွေ တင်ကြတယ်၊ စာတွေရေးပြီး ကြွယ်ကြတယ်။
 
ဒါတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီ အောက်ဆွဲအုပ်စုတွေက မြို့နယ်အလိုက် ရဲတွေကို ဖမ်းခိုင်းတာပါ။ ခုနောက်ပိုင်းဆိုရင် စာရေး၊ ပုံတင်ပြီးကြွယ်တာ မဟုတ်ဘဲ နိုင်ငံရေးဆယ်လီတွေနဲ့ သတင်းဌာနတွေအောက် ကွန်မင့် သွားပေးရင် အဲ့ဒီကွန်မင့်ကို စခရင်ရှော့တင်တဲ့အဆင့်ထိ ရောက်လာပြီ ဖြစ်ပါတယ်။
 
ဒီ စစ်ကောင်စီအောက်ဆွဲအုပ်စုတွေက တင်သမျှကို မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရဲတွေက ဖတ်ကြပါတယ်။ စစ်ကောင်စီအောက်ဆွဲ အုပ်စုက တင်လိုက်ပြီးတော့ “တိုင်းအဆင့်ကနေ ဖုန်းဆက်လာတယ်၊ မင်းကိုတော့ ဒီလိုတင်နေပြီ၊ အောက်ခြေကို တားပေးမယ်၊ ဒီလောက်တော့ နားလည်” ဆိုပြီး ရဲ လာမဖမ်းခင် အပေါ်က လှမ်းညှိတဲ့ ကိစ္စတွေလည်း ဒုနဲ့ဒေးပါ။
 
Restricted လုပ်ပြီး တင်တာပါ၊ Friends Only နဲ့တင်တာပါလို့လည်း ဆိုပြန်ပါတယ်။ ၈ လေးလုံး ထီးသပိတ်အတွက် ဆန္ဒထုတ်ဖော်ကြတဲ့ လူငယ်တွေရဲ့ အကောင့်တွေကို သိသွားတာက Restricted လုပ်ပြီး ပုံတင်ကြ၊ စာတင်ကြတာကနေ သိသွားကြတာ ဖြစ်ပါတယ်။ ကိုယ့်အကောင့်ထဲက လူတွေကပဲ ကိုယ့်ကို ပြန် ချောက်ချတာ ဖြစ်ပါတယ်။ ယူဂျီခေါင်းဆောင်တွေ၊ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို Digital Safety/Security နဲ့ ပတ်သက်ပြီး ပြောပြထားသင့်တယ်လို့လည်း မြင်ပါတယ်။
 
လွတ်ရာကျွတ်ရာ ရောက်နေသူတွေနဲ့ နိုင်ငံတွင်းမှာ ရှိနေသူတွေနဲ့ ယှဉ်လို့ မရပါ။ ဒါကြောင့် ကိုယ်တိုင်က တော်လှန်ရေးမှာ ဆက်ပါနေဦးမယ်၊ ထောက်/ပို့လည်း လုပ်နေဦးမယ်၊ အာဏာရှင်ကိုလည်း စိတ်ရှိတိုင်း ကလော်တုတ်နေဦးမယ်၊ ကလစ် နေဦးမယ်၊ တစ်ပြိုင်နက်တည်းမှာ နိုင်ငံထဲမှာပဲ ဆက်ရှိနေဦးမယ် ဆိုရင်...
 
၁) ကိုယ့်အကောင့်ကို လုံးဝ Locked ချလိုက်ပါ။
၂) ကိုယ့်ရဲ့ လုပ်ငန်း၊ ဆိုင်၊ ကိုယ်ကိုင်တဲ့ Page တွေကို ကိုယ့် ပရိုဖိုင်မှာ မထည့်ပါနဲ့။ ဥပမာ Founder at ဘာညာ၊ Works at ဘာညာ၊ Owner at ဘာဆိုင်ညာဆိုင် စသဖြင့်။ ကိုယ်ရေးတာတွေ၊ ကိုယ့်ပုံတွေကို Public ကို သိစေချင်သူဆိုရင်တော့ မပြောတတ်ပါ။
၃) ကိုယ့်အကောင့်ထဲမှာ စစ်ကောင်စီကို ထောက်ခံသူ ရှိနေတယ်၊ သူလုပ်နေတာတွေ သိချင်လို့ ထားတယ်ဆိုရင်တော့ ကိုယ့်ဇာတ် ကိုယ်နိုင်ပါစေ၊ မနိုင်ဘူးထင်ရင် အကောင့်ထဲကနေ ရှင်းပစ်ပါ။
၄) ကိုယ်နဲ့ အပြင်မှာ မတွေ့ဖူး၊ မမြင်ဖူး၊ အတူတူ မသောက်ဖူး၊ အတင်းမတုတ်ဖူးတဲ့လူတွေကို ရှင်းပစ်ပါ။
၅) အပြင်မှာသိတယ်၊ ရင်းနှီးတယ်၊ ဒါပေမယ့် တော်လှန်ရေးမှာ ဟိုလိုလို ဒီလိုလို လုပ်နေတယ် ဆိုတဲ့လူမျိုးတွေကို အကြီးကြီး သတိထားပါ။
၆) နိုင်ငံရေး ဆယ်လီတွေနဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းတွေအောက် ရဲရဲတောက် သွား မမန့်ပါနဲ့။
၇) ဟိုးအရင် တင်ထားခဲ့ပြီးသမျှ ကိုယ့်နေရပ်လိပ်စာ၊ အခန်း၊ ရပ်ကွက်၊ မြို့၊ ကိုယ့်အိမ်လို့သိသာစေတဲ့ ဓာတ်ပုံ၊ စာအရေးအသား အားလုံးကို ဖျက်ပစ်၊ ဒါမှမဟုတ် Only Me လုပ်ပစ်ပါ။
၈) ကိုယ့်နေရပ်လိပ်စာအပါအဝင် ဖုန်းနံပါတ်ကို တင်ထားမိတာမျိုး၊ Public မှာ မန့်ထားမိတာမျိုးဆိုရင် လုံးဝ ဖျက်ပစ်ပါ။
၉) ကိုယ့်လိပ်စာပါတဲ့ အလှူဖိတ်စာ၊ ကိုယ့်မိသားစုဝင် မင်္ဂလာဆောင်ဖိတ်စာတွေ တင်ထားမိရင် ဖျက်ပစ်ပါ။
၁၀) ကိုယ်တိုင်က လူငယ်ဆိုရင် အထက်က အချက်အလက်တွေကို ကိုယ့်မိဘ၊ ဦးလေး၊ အဒေါ်အရွယ်တွေကို လုပ်ပေးပါ။ ဒီအချက်က အရေးကြီးပါတယ်ခင်ဗျာ။ ကိုယ့်မိသားစုဝင်တွေကို ဂရုစိုက်ကြပါ။ ဖမ်းခံရရင် သက်ကြီးပိုင်းတွေ များပါတယ်။
 
ကိုယ်တိုင်က လူငယ်မို့ သိတယ်၊ ဦးလေးက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ၊ ဘုမသိ ဘမသိနဲ့ Public နဲ့ မင်းအောင်လှိုင်ကို ဆဲလို့ ဖမ်းခံရသူရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး နားလည်သလောက် ရေးပြတာ ဖြစ်ပါတယ်။ ဒါတွေကို ဂရုမစိုက်ဘူး၊ လုပ်တယ်၊ တင်တယ်၊ လာဖမ်းရင်လည်း ခံလိုက်မယ်ဆိုရင်တော့ မပြောတတ်ပါ။
 
ဒါတွေကလည်း အပေါ်က ပြောခဲ့သလို တော်လှန်ရေးမှာ ဆက်ပါနေဦးမယ်၊ ထောက်ပို့လည်း လုပ်နေဦးမယ်၊ အာဏာရှင်ကိုလည်း စိတ်ရှိတိုင်း ကလော်တုတ်နေဦးမယ်၊ ကလစ် နေဦးမယ်၊ တစ်ပြိုင်နက်တည်းမှာ ဒီနိုင်ငံထဲမှာပဲ ဆက်ရှိနေဦးမယ်ဆိုမှပါ။ မဟုတ်ရင် သိပ်တော့ အရေးမကြီးပါဘူး။
 
မိတ်ဆွေများ အဆင်ပြေကြပါစေဗျား။

You can treat me a cup of coffee.

wave

Press ESC to close