ICJ အနိုင်အရှုံးနဲ့ မွတ်စလင်တို့ရဲ့ အကြောက်တရား

နယ်သာလန်၊ ဟိဂ်မြို့က တရားခွင်ထဲ ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး “အဖွားကြီးတော့ ခံနေရပြီဟ” လို့ လက်ခမောင်းခတ်နေကြတဲ့ မွတ်စလင်တွေရှိသလို တဖက်မှာ မြန်မာရှုံးရင် ဖြစ်လာမယ့် အကျိုးဆက်နဲ့ နိုင်ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကို တွေးပူနေတဲ့ မွတ်စလင်တွေလည်း ရှိကြပါတယ်။

“အဖွားကြီးတော့ ခံနေရပြီဟ” ဆိုတဲ့ ဘက်မှာ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ နာမည်တပ်ပြီး နိုင်ငံရပ်ခြားကနေ ပြည်တွင်းနေမွတ်စလင်တွေကို သွေးထိုးပေးနေကြသူတွေ ရှိသလို ပြည်တွင်းမှာလည်း “မိုက်တယ်ဟေ့” ဆိုပြီး ကျိတ်ဝမ်းသာနေတဲ့ မွတ်စလင်တွေကိုလည်း တွေ့ရတယ်။

ဒါပေမယ့် အစွန်းနှစ်ဖက်မျှတစွာနဲ့ ရေရှည်အတူတကွ ငြိမ်းချမ်းစွာနေထိုင်ရေးကို ရှေးရှုတဲ့ မွတ်စလင်တွေကတော့ လာမယ့်နေ့ရက်တွေကို စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ရင်...

အိုင်စီဂျေမှာ မြန်မာနဲ့ ဂမ်ဘီယာဟာ အခုမှ အစပဲ ရှိသေးပေမယ့် ကိုယ့်ရဲ့ တင်ကူးမှန်းဆချက်တွေနဲ့ ဝမ်းသာသူတွေရှိသလို ရှုံးသွားမလားဆိုပြီး စိတ်ပူနေကြသူတွေလည်း ရှိတယ်။ ကြားထဲမှာ နိုင်နိုင်၊ ရှုံးရှုံး ပြဿနာရှိနိုင်ပြီး ကြားညပ်နိုင်တာကတော့ မွတ်စလင်တွေပဲ ဖြစ်ပါတယ်။ ကျနော်ရဲ့ တဦးတည်း အမြင်သာဖြစ်တယ်။

မြန်မာနိုင်ခဲ့ရင် မွတ်စလင်တွေ စိုးရိမ်ကြတာက အရင်ကလို “မျိုးချစ် မဘသနဲ့ ကုလားမုန်းတီးရေးသမားတွေ” က “အိုင်စီဂျေမှာ ရင်ဆိုင်ပြီးတာတောင်မှ ဘာမှ ဖြစ်မသွားဘူး” ဆိုတဲ့ အဓိပ္ပါယ်မျိုး ကောက်ယူလာနိုင်ပြီး ဒီကနေ ပိုပြီး ဆိုးရွားလာနိုင်ခြေရှိပါတယ်။

“ဒီလို အဓိပ္ပါယ်မျိုး ရောက်လာနိုင်သလား” လို့ မေးရင် တကယ်ကို ဖြစ်လာနိုင်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။

ဒါကို အစိုးရကရော၊ အသိုင်းအဝိုင်းနဲ့ ဆက်စပ်နေသူတွေကပါ ကြိုတင်အစီအမံတွေ ချထားနိုင်ဖို့ လိုပါမယ်။ အွန်လိုင်းပေါ်မှာ၊ မြေပြင်မှာ အမုန်းစကားဖြန့်ဖြူးမှုတွေ၊ ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေကို ကြိုတင်ကာကွယ်ပြီး ထပ်မံ မဖြစ်အောင်၊ (အရှင်းဆုံးပြောရရင် မီးစ တခု ပေါ်မလာအောင်ကို) ကာကွယ်၊ အရေးယူမှုတွေလုပ်ဖို့ လိုပါမယ်။


မြန်မာရှုံးရင်...

နောက်တခုက အခုပြဿနာဟာ “ရိုဟင်ဂျာ ပြဿနာ” က စတင်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့နဲ့ ဘာသာတူ အစ္စလာမ်ဘာသာကိုးကွယ်သူတွေဘက်ကို ရှုံးမဲ၊ မဲ တာမျိုး ဖြစ်လာနိုင်ပါတယ်။ “မင်းတို့ မွတ်စလင်တွေ” ကြောင့်ဖြစ်တာဆိုတဲ့ အသံမျိုး ထွက်လာနိုင်ပါတယ်။ ဒီလိုအသံမျိုးဟာ အာဏာရပါတီ ထောက်ခံသူတွေဆီကပါ ထွက်လာနိုင်တာမျိုးပါ။ “ငါတို့အမေဟာ မင်းတို့ကြောင့် နိုင်ငံတကာမှာ အရှက်ကွဲခဲ့ပြီ” ဆိုတာမျိုးထိ ရောက်လာနိုင်ပါတယ်။

နောက်တခုကတော့ ဒီလိုအခြေအနေကို စောင့်နေတဲ့ “တောကြောင်” တွေအကွက်ပါပဲ။ “ကုလား ဘယ်နေရာမှာ မှားသွားမလဲ” ဆိုပြီး ထိုင်စောင့်နေတဲ့ အသိုင်းအဝိုင်း အနေနဲ့ “ဒီအချိန်မှာတော့ အာဏာရ၊ အာဏာမဲ့၊ အာဏာလု၊ မျိုးချစ် အားလုံးရဲ့ ဘုံရန်သူဟာ မွတ်စလင်တွေ ဖြစ်တယ်” ဆိုတဲ့ နှပ်ကြောင်းပေးမှုဆီကို ရောက်လာနိုင်တာပါပဲ။

ဒီလိုအခြေအနေဟာ “ဂျီနိုဆိုက် ကျူးလွန်ခဲ့သည်၊ မကျူးလွန်ခဲ့ပါ” ဆိုတဲ့ ပြဿနာကို ဆိုလိုခြင်း မဟုတ်ဘဲ၊ မြန်မာနိုင်ငံဟာ နောက်တကြိမ် နိုင်ငံတကာ တံတွေးခွက်ထဲမျောပြီး၊ နလန်မထူနိုင်တဲ့ အခြေအနေဆီ ပြန်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ဖန်တီးခဲ့ပါတယ် ဆိုတဲ့ သမိုင်းတရားခံလုပ်ပစ်နိုင်တဲ့အကွက်က သိပ်လှနေပါတယ်။ အရမ်းဂရုစိုက်ကြဖို့ လိုတယ်လို့ မြင်မိတယ်။

ပြည်တွင်းက “မွတ်စလင် မဘသ” တွေဟာလည်း ဒီလိုအခြေအနေကို ကိုယ့်ဘာသ ကြိုတင်မှန်းဆ ထားနိုင်ကြဖို့ ဖြစ်ပါတယ်။ ဒီတကြိမ်ဖြစ်ရင် ဆိုင်တဲ့သူတွေရာ၊ မဆိုင်တဲ့သူတွေပါ အားလုံးကို ဆိုးရွားတဲ့အကျိုးဆက်တွေ ခံစားရစေမှာဖြစ်ပေါ်စေနိုင်တယ်လို့ ယူဆပါတယ်။ သမာသမတ်ကျတဲ့ မွတ်စလင်တွေအနေနဲ့ အရင်အကြိမ်တွေတုန်းကထက် ပိုပြီး ဇောင်းထနေတဲ့ ဒီ “မွတ်စလင် မဘသ” တွေကို ထိမ်းကွပ်ထားနိုင်ဖို့လည်း လိုပါတယ်။

ဒီတကြိမ်ထပ်ဖြစ်ရင် “တနိုင်လုံးနဲ့ မွတ်စလင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားနိုင်တယ်ဆိုတာ သတိချပ်ကြစေလိုပါတယ်။ အိုင်စီဂျေမှာ မြန်မာရှုံးရင် ဖြစ်ဖြစ်၊ နိုင်ရင်ဖြစ်ဖြစ်၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကြီးကြီးမားမားတခုကို စိုးရိမ်၍ ပြောရခြင်းသာ ဖြစ်ပါတယ်။

တွေးတော၊ ဆင်ခြင်နိုင်ကြပါစေဗျာ...

You can treat me a cup of coffee.

wave

Press ESC to close