ရခိုင်ပြည်သို့ လေယာဉ်စီးခြင်း

"သာလီစွပါ..."
 
အင်တာကွန်းက ထွက်လာတဲ့အသံကြောင့် ငိုက်နေရာကနေ ရုတ်တရက် ထကြည့်လိုက်တယ်။ ကျနော်လာတဲ့မြို့ကို ရောက်ဖို့ ၁၅ မိနစ်အလို။
 
လေယာဉ်ပေါ်က လှမ်းမြင်လိုက်တာ အောက်မှာ ရွှေရောင်ဝင်းနေတဲ့ ဗျာလ ရုပ်တုကြီး။ စင်ကာပူက Merlion ထက် ကြီးမယ်။ စီးလာတဲ့လေယာဉ်က Kyaukphyu Airline ကိုးဗျ။ လေယာဉ်ပေါ်မှာ ဖတ်ရတဲ့ Inflight Magazine ထဲမှာတော့ အစက ကျောက်ဖြူအင်တာနေရှင်နယ်အဲလိုင်း (KIA) ဆိုပြီး ပေးတာမှာ ကချင်ဘက်က ဝေဖန်မှုတွေရှိလို့ နောက်ဆုံး ကျောက်ဖြူအဲလိုင်း လို့ ပြောင်းလိုက်ပါသတဲ့။
 
သဇင်ပန်းခိုင်လေးတွေ ရင်ဘတ်မှာထိုးထားတဲ့ အဖြူရောင်အင်္ကျီ၊ ပန်းရောင်ရခိုင်ချိတ်ထဘီလေးတွေနဲ့ လေယာဉ်မယ်လေးတွေ။ လေယာဉ် အဆင်းအတက် အရင်ဆုံး ရခိုင်လိုကြေညာတယ်၊ ပြီးရင် ဗမာလို၊ နောက်ဆုံး တရုတ်လို ကြေညာတယ်။
 
လူ ၃၀၀ လောက်ဆန့်တဲ့ ဘိုးအင်း လေယာဉ်ကြီးပေါ်မှာကလည်း ဥရောပသားတွေ၊ အမေရိကန်တွေ၊ နောက် များလွန်းတဲ့ တရုတ်တွေ။ ဆင်းဆင်းချင်း ဆားနံ့သင်းတဲ့လေကို အရင်ရှုရတယ်၊ ဟော ရောက်ပါပြီ Kyaukphyu International Airport ဆိုတဲ့စာလုံးကြီး ဟီးလို့။
 
လေဆိပ်ထဲရောက်ဖို့ ၁၀ မိနစ်လောက် ကားစီးရသေးတယ်။ လေဆိပ်ထဲမှာ များပြားလွန်းတဲ့နိုင်ငံစုံကလူတွေ။ ပြောင်းလဲမှုတွေ ရင်သပ်ရှုမောနေတာ လာရင်းအကြောင်းတောင် မေ့သွားတယ်။ တကယ်က ဒီကိုလာရတာက Kyaukphyu Marine Biology University က ပါမောက္ခနဲ့ သူ့ရဲ့စာတမ်းဖတ်ပွဲကို ဖိတ်ထားတာကြောင့်ပါ။
 
ဒီပွဲမှာ နောက်ဆုံး သူ့ရဲ့ တွေ့ရှိချက် Google Satellites အကူအညီနဲ့ ဒီရေတောတွေ ဘယ်လိုထိမ်းသိမ်းမလဲဆိုတဲ့အကြောင်း သုတေသနပြုချက်တွေ ပြောပြမှာ၊ ဖိတ်စာမှာ Google က စပွန်ဆာ ပေးထားတာ သတိထားမိလိုက်ပါသေးတယ်။
 
ဒေသတွင်း တက္ကသိုလ်တွေထဲမှာ ကျောက်ဖြူက Marinetime University ရယ်၊ Agriculture and Livestock Univsersity ရယ်ဟာ ထိပ်ဆုံးမှာ ရှိပါတယ်။ ကျနော်နဲ့ တွေ့မဲ့လူကလည်း ဂျာမနီက ဟမ်းဘတ်တက္ကသိုလ်မှာ ပါမောက္ခ၊ ကောနဲလ် မှာ ဧည့်ပါမောက္ခအဖြစ် လက်ရှိလုပ်နေသူ။
 
ဒေသရဲ့ နောက်ထပ် ဂုဏ်ယူရမယ့်ကောလိပ်က Natural Resources Management College ပဲ။ ရေနံနဲ့သဘာဝဓာတ်ငွေ့ကို အထူးပြုရတဲ့ပြည်နယ်မှာ ဒီကောလိပ်ကလည်း မရှိမဖြစ်။ ၂၀၂၅ မှာ ရခိုင့်နိုင်ငံတော်အဖြစ် ကြေညာပြီးနောက်ပိုင်း ကျောက်ဖြူဟာ တိုးတက်ဖွံ့ဖြိုးလာလိုက်တာ နောက်ဆုံး ၂၀၃၅ မှာ ရခိုင့်နိုင်ငံတော်ရဲ့ မြို့တော်သစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
 
ခုဆိုရင် စစ်တွေဟာ နာရီစင်နဲ့ ပွိုင့်ကမ်းခြေက လွဲလို့ တခြား ရှေးဟောင်းအမွေအနှစ် စသဖြင့် ပြောစမှတ်ပြုစရာ တခုတလေတောင် မကျန်တော့ဘူး။ အတိတ်က ကိစ္စတွေဟာ စစ်တွေမြို့ဟောင်းနဲ့အတူ ရာဇဝင်ထဲ ကျန်ခဲ့လေပြီ။ ခုဆိုရင် ကျောက်ဖြူမြို့လယ်က နာရီစင်ကိုတောင် ဆွစ်-နည်းပညာနဲ့ ပြန်လည်ပြုပြင်ထားပြီးပြီ။
 
မေ့တော့မလို့... လေဆိပ်အဝင်မှာ တွေ့ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိဟာ ရိုဟင်ဂျာကြီး ဖြစ်နေတာကိုလည်း အံ့ဩစွာ တွေ့ရပြန်တယ်။ ဖြစ်ပုံက ဒီလို။
 
၂၀၂၅ ခုနှစ်ဟာ ရခိုင်ပြည်နယ်ရဲ့ လွတ်လပ်ရေးနှစ်လည်း ဖြစ်သလို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ထဲ ရောက်နေတဲ့ ရိုဟင်ဂျာတွေကိုလည်း စိစစ်အတည်ပြုပြီး ပြန်ခေါ်နိုင်ခဲ့တယ်။ ဒိအတွက်ကြောင့်လည်း နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု ကောင်းချီးဩဘာပေးမှုကို သူ မတူအောင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
 
ရိုဟင်ဂျာတွေကို နိုင်ငံသားပေးပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲ သွားချင်သူတွေကို လွတ်လပ်စွာ နိုင်ငံသား ကူးပြောင်းခံယူခွင့်ပြုခဲ့သလို ရခိုင့်နိုင်ငံတော်မှာနေချင်တဲ့ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားပေးခဲ့တယ်။
 
ပြန်လာတဲ့အထဲက ၃ ပုံ ၂ ပုံလောက်ဟာ မြန်မာနိုင်ငံသား ခံယူသွားခဲ့တယ်။ ရခိုင့်နိုင်ငံတော်ဟာ ဘာသာရေး၊ လူမျိုးရေးကို အဓိကဦးစားမပေး၊ ခွဲခြားမှု မရှိတော့တော့ဘဲ 'ရခိုင်နိုင်ငံသားသာ အဓိက' ဆိုတဲ့မူကို ကျင့်သုံးခဲ့တာ ကြာခဲ့ပြီ မဟုတ်ပါလား။
 
ခုဆိုရင် ကျောက်ဖြူကနေ ရန်ကုန် နေ့ချင်းလေယာဉ်တွေ အစင်းပေါင်း မရေနိုင်တော့။ ကျောက်ဖြူ-ကူမင်း၊ ကျောက်ဖြူ-ယူနန်-ပေကျင်း လေယာဉ်လိုင်းတွေ၊ ကျောက်ဖြူ-ငပလီ၊ ကျောက်ဖြူ-ကော့ဘဇား လေယာဉ်လိုင်းတွေ နေ့စဉ်နဲ့အမျှ။
 
ရေကြည်လင်ပြီး သဲဖြူလွှလွှရှိတဲ့ ကျောက်ဖြူကမ်းခြေဟာ ရခိုင့်နိုင်ငံတော်ရဲ့ ခရီးသွားမြို့တော်ရှိတဲ့ ငပလီပြည်နယ်နဲ့ ဒုတိယမြောက် ရှေးဟောင်း မြောက်ဦးပြည်နယ်၊ တတိယမြောက် နိုင်ငံရဲ့ ဂျီဒီပီကို အဓိက တိုးမြှင့်နေတဲ့ ကမ်းခြေကြီး။
 
တဖက်မှာ မဒေးကျွန်း ရေနက်ဆိပ်ကမ်းနဲ့ ရွှေသဘာဝဓာတ်ငွေ့ကနေ တဖက် မြန်မာနိုင်ငံကို နှစ်စဉ် ရောင်းချရတဲ့ငွေဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၄၀% မှာရှိနေတယ်။ ဒါတောင် ချင်းနဲ့ ကချင်ကို ရောင်းတဲ့ သဘာဝဓာတ်ငွေ့ မပါသေးဘူး။
 
ကျောက်ဖြူကနေ မောင်တောကို နေ့စဉ် အပျော်ခရီး ဇိမ်ခံသင်္ဘောတွေ ရှိသလို ဒီခရီးစဉ်ဟာ CNN ရဲ့ တစ်နှစ်တာအတွင်း သွားလည်သင့်တဲ့ ခရီးစဉ် ၅ ခုထဲမှာ ၂ နှစ်ဆက်တိုက် ပါဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နိုင်ငံဝင်ပေါက် တောင်ပြိုနယ်စပ်ဂိတ်ဟာ အထည်အလိပ်နဲ့ အိန္ဒိယက ဝင်လာတဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေနဲ့ နှစ်စဉ်ကုန်စည်စီးဆင်းမှု အမြင့်ဆုံးမှာ ရှိနေခဲ့တယ်။
 
စစ်တွေဟာ အထည်အလိပ်စက်ရုံတွေနဲ့ စက်မှုမြို့တော် ဖြစ်နေတာသာ ကြည့်တော့။ နိုင်ငံတကာ ထုတ်ကုန်တွေဖြစ်တဲ့ Adidas, Zara, H&M တို့ဟာ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံထက် လုပ်သားပေါပြီး နိုင်ငံရေး တည်ငြိမ်တဲ့ စစ်တွေပြည်နယ်ကို ရွေးကြတာပါပဲ။ အရင် အလုပ်လက်မဲ့ ၇၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ လျော့ကျသွားတာဟာ စစ်တွေပြည်နယ်ရဲ့ အထည်အလိပ်လုပ်ငန်းတွေကြောင့်။
 
မြန်မာနိုင်ငံက အလုပ် လာလုပ်သူတွေနဲ့ ချင်းက လာအလုပ်လုပ်သူတွေဟာ စစ်တွေပြည်နယ်မှာ အများဆုံးလို့ ဆိုရပါမယ်။ တဖက် မြန်မာနိုင်ငံ၊ မကွေးတိုင်းကလာတဲ့ အညာသားတွေဟာလည်း ရာခိုင်နှုန်း အတော်များပါတယ်။
 
တနိုင်ငံလုံးမှာ အေးချမ်းပေမယ့်လည်း ဒုစရိုက်မှုအဖြစ်များတာက စစ်တွေ။ ပြည်နယ်ကကျဉ်း၊ အလုပ်သမားနဲ့ ရွှေ့ပြောင်းလူတန်းစားအများစု နေတဲ့အတွက်ကြောင့် လူမျိုးရေးပြဿနာတချို့ ရံဖန်ရံခါ ရှိဆဲပါပဲ။
 
စစ်တွေနဲ့အတူ ဒုစရိုက်မှုမှာ ဒုတိယလိုက်တာ ရသေ့တောင်။ တစ်နိုင်ငံလုံးမှာ အရက်အကောင်းဆုံးထွက်တဲ့မြို့ဖြစ်သလို မူးယစ်ဂိုဏ်းတွေ ကျင်လည်ရာ၊ ကာစီနိုရုံတွေ စည်ကားရာ လွတ်မြောက်နယ်မြေတစ်ခု။ ရခိုင့် Las Vegas ပေါ့။
 
အတိတ်ကို ပြန်လည်တူးဆွ အံဩမင်သက်လာရင်း ရေအောက်ရထား မှတ်တိုင်လွန်သွားလို့ တဘူတာ ပြန်စီးရသေးတယ်။ တနေရာနဲ့တနေရာ၊ တပြည်နယ်နဲ့ တပြည်နယ်၊ ဥပမာ ကျောက်ဖြူနဲ့ ရမ်းဗြဲ၊ မာန်အောင်နဲ့ စစ်တွေကို ပင်လယ်ထဲကနေ ရေအောက်ရထား၊ သွယ်တန်းထားတာ။ ရထားစီးနေရင်း အဏ္ဏဝါသတ္တဝါတွေကို အရှင်လတ်လတ် ငေးမောနိုင်တာ ဒီမှာပဲ ရှိတယ်။
 
ရေအောက်ဘူတာကနေ အတက်မှာ Bar တွေ တန်းစီလို့ တွေ့ရပြန်တယ်။ Pauktaw Bourbon (ပေါက်တော ဘာဘွန်း)၊ Ponnagyun Scotch (ပုဏ္ဏားကျွန်း စကော့)၊ Mann Aung Brewery (မာန်အောင် ဘရူဝါရီ)၊ Yathaedaung Cognac (ရသေ့တောင် ကော့ညက်) စသဖြင့် ပြည်နယ် ၁၆ ပြည်နယ်က ထုတ်သမျှ ယမကာတွေဟာ ဆိုင်ရှေ့ကြော်ငြာဘုတ်တွေမှာ တန်းစီလို့။
 
ဪ ရခိုင်သားတွေဟာ နောက်ဆုံးတော့ ကိုယ်ကြိုက်တဲ့အရက်ကို ကိုယ့်နိုင်ငံတွင်းမှာတင် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ခဲ့ပြီ ဆိုပြီး ဝမ်းသာကြည်နူးမိပြန်တယ်။ ညစာဖက်သားမှပဲ ပေါက်တောဖက် ခဏကူးပြီး ဘာဘွန်းလေးသောက်ရင်း ပင်လယ်စာနဲ့ဒင်နာသွားစားမယ် စိတ်ကူးတယ်။ ကျောက်ဖြူ-ပေါက်တောဆိုတာကလည်း ရထားစီးသွားရင် မိနစ် ၂၀ လောက်သာကြာတာကိုး။
 
ကြား တဘူတာမှာ ခဏနား မဟာမြတ်မုနိရုပ်ပွားတော်တောင် ဝင်ဖူးနိုင်သေးတယ်။ ၂၀၂၅ နိုင်ငံတော်သစ်အဖြစ် ကြေညာပြီးကတည်းက မြန်မာနိုင်ငံအစိုးရက ရခိုင့်နိုင်ငံတော်နဲ့ ချစ်ကြည်ရေးအဖြစ် မန္တလေးက မဟာမြတ်မုနိကို ပြန်လည် ပင့်ဆောင်စေခဲ့တာပါ။
 
လမ်းတလျှောက် လျှောက်ကြည့်ရင်း မြို့လယ် တီဗီစခရင်ကြီးပေါ်မှာ ကြော်ငြာတခု တက်လာတယ်။ ရခိုင်စကားပြောသင်တန်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့အကြောင်း။ ဪ...
 
ကျောက်ဖြူရင်ပြင် (Kyaukphyu Square) လို့ ခေါ်တဲ့ မြို့လယ်နာရီစင်ကြီးဘေးမှာ လျှောက်နေတုန်း နောက်က တယောက် လှမ်းခေါ်သံ ကြားရတယ်... "ဝေး အစ်ကို" ဘယ်သူများလဲလို့... ကြည့်လိုက်တော့ မြန်မာ့လေကြောင်းဝန်ထမ်းဖြစ်နေတယ်။
 
"ထ တော့ဝေး... လေယာဉ်ဆင်းလာပြီ" တဲ့။ ဟာ... ငါ ဘယ်တွေ ရောက်နေတာတုန်း....။ ခုမှ ပြန် သတိဝင်လာတာ။ ဟုတ်ပါ့ဗျာ... စစ်တွေကနေ ရန်ကုန်သွားမလို့ လေယာဉ်က ၂ နာရီ Delay မယ်ဆိုပြီး စောင့်နေတုန်း အိပ်ပျော်သွားတာပဲ။

You can treat me a cup of coffee.

wave

Press ESC to close