ကိုဂျင်မီ၊ ကိုဇေယျာသော် ၃ လပြည့် အင်းစိန်ထောင်တွင်း ဆွမ်းသွပ်သူများ နှိပ်စက်ခံရ

ပြီးခဲ့သည့် ဇူလိုင်က ကွက်မျက်ခံခဲ့ရသည့် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရည်စူးပြုလုပ်သည့် အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်ထံမှ ယမန်နေ့က ရရှိထားသည့် အသံဖိုင် မှတ်တမ်းများအရ သိရသည်။
 
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ သည် ကိုဂျင်မီနှင့်ကိုဇော်ယျာသော်တို့ အင်းစိန်ထောင်တွင်း ကွက်မျက်ခံရသည့် ၃ လပြည့်ဖြစ်ပြီး အသံဖိုင်အရ ယင်းနေ့တွင် နိုင်ငံရေးအကျဉ်းသားများက အနက်ရောင်လက်ပတ်များ ဝတ်ဆင်ကာ ဆွမ်းကပ်ခဲ့ကြသည်။
 
ထို့ကဲ့သို့ အထိမ်းအမှတ်ပြုလုပ်ခဲ့ခြင်းကို ၅ ဆောင်၊ ၁ ခန်း သူကြီးက အဆောင်မှုးကို တိုင်တန်းကာ ပါဝင်သူများကို ရိုက်နှက်ဖမ်းဆီးခိုင်းခဲ့သည်ဟု အသံဖိုင်မှတ်တမ်းတွင် ပြောကြားထားသည်။
 
ဦးဆောင်သူများဖြစ်သည့် “ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ဝသုန်စံ၊ ကိုဟန်သာတို့ကို ရိုက်နှက်ပြီး ခြေထောက်တွင် ဒေါက်တပ်၍ ၆ တိုက်တွင် တိုက်ပိတ်ခဲ့” သည်ဟု ဆိုသည်။
 
ယင်းတို့အနက် ကိုဝသုန်စံမှာ ရန်ကုန် တော်လှန်ရေးညီအစ်ကိုများ (Yangon Revolution Brotherhood – YRB) မှ ဖြစ်ပြီး စစ်ကောင်စီက ယမန်နှစ် စက်တင်ဘာ ၂၅ ထုတ် သတင်းစာတွင် ကိုဇေယျာသော်နှင့်အတူ ဆက်စပ်ဖော်ပြခဲ့ဖူးသည်။
 
ထို့ပြင် အထိမ်းအမှတ်ပြုလုပ်ရာတွင် ပါဝင်သည့် သက်ကိုကိုထွေး၊ ကျော်ကျော်ခန့်၊ စိုးကိုကို၊ အောင်ပြည့်စုံဦး၊ ကျော်သက်ပိုင်၊ ရဲလင်းအောင်၊ ဇော်ဇော်ဟန်၊ ဇေယျာဖြိုး၊ ဖိုးကောက်၊ နတ်ဆိုး၊ ရဲကျော်၊ J ညီ၊ ညီဇင်လတ်၊ ချမ်းမြေ့ကိုကိုဇင်၊ အောင်မင်းခန့်၊ နိုင်ထာဝရ၊ အောင်ကိုမင်း တို့ကိုလည်း ရိုက်နှက်စစ်ဆေးမေးမြန်း၍ နှစ်ယောက် တစ်တွဲစီ ခြေထောက်တွင် ဒေါက်တပ်ကာ ၅ ဆောင်ရှိ အခန်းများသို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
 
ဦးဆောင်သူ ၄ ဦးကို ခြေတွင် ဒေါက်တပ်ကာ တိုက်ပိတ်ထားသည့်အပြင် ထမင်းအသိုးများကို မြေကြီးပေါ် နင်းခိုင်းခြင်း၊ မိလ္လာခပ်ခိုင်းခြင်းတို့ကို ရိုက်နှက်စေခိုင်းခဲ့သည်ဟု ဆိုသည်။ “မင်းတို့ကို သတ်ပစ်လိုက်လို့ ရတယ်။ စာရွက်တစ်ရွက်ပဲ ကုန်မယ်" ဟု နိုင်ကျဥ်းများအား ခြိမ်းခြောက်ခဲ့ကြောင်းလည်း အသံဖိုင်တွင် နားဆင်ရသည်။
 
ပြီးခဲ့သည့် အောက်တိုဘာ ၁၉ က အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်လက်ခံသည့်နေရာတွင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် အပြင်မှ မကျေနပ်ချက်များကို နိုင်ကျဥ်းများအပေါ်တွင် ပုံချနေပြီး၊ ထောင်အာဏာပိုင်များက ခိုးဆိုးလုနှိုက်တန်းစီးများ ပူးပေါင်းကာ နိုင်ကျဥ်းများကို ဖိနှိပ်နေသည်ဟု ဆိုသည်။
 
အဆိုပါတိုက်ပိတ်ခံရသူများနှင့် ခြေတွင် ဒေါက်တပ်ခံရသည့် ၁၇ ဦးအနက် အချို့မှာ ယမန်နေ့ အောက်တိုဘာ ၃၁ က ရုံးချိန်းရှိသော်လည်း ထွက်မလာနိုင်ခဲ့ကြဟုလည်း သိရသည်။ ၎င်းတို့၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရပေ။

You can treat me a cup of coffee.

wave

Press ESC to close