အမျိုးသားညီညွတ်ရေးအစိုးရ မိတ်ဆက်

ဖက်ဒရယ်ပြည်ထောင်စုအစိုးရ (သို့မဟုတ်) အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းထဲမှာ ပါဝင်လာတဲ့ လူသစ်တွေအကြောင်း အကြမ်းဖျင်းသိရသလောက် မိတ်ဆက်ပေးချင်ပါတယ်။

နိုင်ငံတော် ဒုသမ္မတနေရာ ကိုတော့ ကချင်လူမျိုး ဒူဝါလရှီးလ ပါ။ သူက ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌအဖြစ် ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ လားရှိုးဖက်က လုပ်သက်ရင့် ရှေ့နေကြီးတစ်ဦးဖြစ်ပါတယ်။ ကိုမင်းကိုနိုင်ပြောဆိုပုံအရ ဒုတိယသမ္မတဟာ သမ္မတတာဝန်တွေကို ယာယီ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး အဖြစ် ချင်းအမျိုးသားသားတပ်ဦး (CNF) က ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကို ခန့်အပ်ပါတယ်။ သူက ၈၈ ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဖြစ်သလို၊ ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူပါပဲ။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးသလို ၂၀၁၂ ကနေ ၂၀၂၀ အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါခဲ့သူလည်းဖြစ်ပါတယ်။

သဘာ၀ သယံဇာတ ပြည်ထောင်စုဝန်ကြီ ဒေါက်တာ တူးခေါင်ဟာ ဧရာ၀တီ မြစ်ဆုံအရေးကိစ္စတွေ၊ မြေယာသိမ်းဆည်းခံရမှုတွေကို ကချင်ဒေသခံ တွေအတွက် တောက်လျှောက် ဆောင်ရွက်လာခဲ့သူ ဖြစ်ပါတယ်။ သူက  အမေရိကန်နိုင်ငံ Central Baptist Theological Seminary တက္ကသိုလ်က ဘွဲ့ရထားသူပါ။

အမျိုးသမီးနဲ့ လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီ နော်လှလှစိုးကိုတော့ အများသိကြမှာပါ။ သူက ၂၀၂၀ မှာ ရန်ကုန်တိုင်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ ပြည်ထောင်စုလွှတ်တော်က အမတ်ဟောင်းဖြစ်ပြီး သူက Karen Women Empowerment Group (KWEG) အဖွဲ့ထောင်သူဖြစ်သလို၊ KNU နဲ့ အစိုးရတပ်တို့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆောင်ရွက်ဖူးသူလည်းဖြစ်တယ်။ စစ်မက်ဇုံထဲက အမျိုးသမီးရေးရာတွေကို အိုဘားမားသမ္မတလက်ထက်တုန်းက ဟယ်လာရီကလင်တန် State Secretary တို့ စိတ်ဝင်စားလာအောင် ဆောင်ရွက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ကိုမိုးဇော်ဦး ဟာ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်က Master of Southeast Asian Studies နဲ့ မာစတာဘွဲ့ရထားသူဖြစ်ပါတယ်။ 

ကာကွယ်ရေး ဒုဝန်ကြီ ကိုတော့ နှစ်ဦးခန့်အပ်ပါတယ်။ ဆရာမ ဒေါ်ခင်မမမျိုးနဲ့ နိုင်ကောင်းရွက်တို့ ဖြစ်ပါတယ်။ ဆရာမဒေါ်ခင်မမမျိုးကတော့ စစ်ရေးနိုင်ငံရေး မဟာဗျူာတွေကို သင်ကြားပို့ချနေတဲ့ သူဖြစ်သလို၊ PhD ဒေါက်တာဘွဲ့ရ ဖို့အတွက် (PhD Candidate) သုသေတသနစာတမ်းပြုစုဆဲပါ။ နိုင်ကောင်းရွက်က မွန်အမျိုးသားဖြစ်ပါတယ်။ သူ့ကိုယ်ရေးရာဇဝင်ကို ဆက်လက်စုံစမ်းနေဆဲပါ။

ဖက်ဒရယ်ရေးရာ ဒုဝန်ကြီး ရာထူးကလည်း နှစ်ဦးပါ။ ဦးချစ်ထွန်းနဲ့ မိုင်းဝင်းထူးဖြစ်ပါတယ်။ ဦးချစ်ထွန်းအကြောင်းကိုတော့ မသိရသေးပါ။ မိုင်းဝင်းထူးကတော့ တအောင်းအမျိုးသားပါ။ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလို၊ တအောင်းပါတီ (TNP)၊ TNLA လက်နက်ကိုင်အဖွဲ့နဲ့လည်း သိကျွမ်းသူဖြစ်ပါတယ်။ 

စီမံဘဏ္ဍာဒုဝန်ကြီး အဖြစ်ထမ်းဆောင်မယ့် မင်းဇေယျာဦးက မွန်အမျိုးသားလို့သိရပါတယ်။ ကျနော်တို့သိရှိထားတဲ့ အရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (UPDJC) ရဲ့ နိုင်ငံရေးအစုအဖွဲ့များမှာ တွဲဖက်အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သူလို့ သိရပါတယ်။ ဒီအချက်ကို ကာယကံရှင်နဲ့တော့ မစုံစမ်းရသေးပါ ( နာမည်တူလည်း ဖြစ်နိုင်ပါတယ်။)

လူသားချင်းစာနာထောက်ထားရေးနှင့်သဘာဝဘေးအန္တရာယ် ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက နော်ထူးဖော်က ကရင်တိုင်းရင်းသူဖြစ်ပါတယ်။ သူ့ကိုယ်ရေးရာဇဝင် စုံစမ်းနေဆဲပါ။ 

ပညာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးအဖြစ် တာဝန်ယူမယ့် ဂျာထွယ်ပန် ကလည်း နိုင်ငံတကာ ဘွဲ့ရတစ်ဦးဖြစ်တယ်လို့ပြောကြပါတယ်။ ကချင်အရပ်ဖက်အဖွဲ့အစည်းတွေကို အကြံပြုချက်တွေ ပေးတဲ့သူလို့ သိရပါတယ်။ သူက ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မှာကျောင်းတစ်ခု ထူထောင်ဖူးသူပါအမေရိက ကနေ မာစတာကျောင်းပြီးထားသလို၊ UK ကပေးတဲ့ Chevening ချီးဗနင်း စကော်လာတစ်ဦးလည်း ဖြစ်ပါတယ်။ (နာမည်တူ ဟုတ်၊ မဟုတ် ကာယကံရှင်နဲ့အတည်မပြုရသေးပါ။ ဒါပေမဲ့ သူဖြစ်မယ်လို့ ခန့်မှန်းပါတယ်။)

ကျန်းမာရေး ဒုဝန်ကြီအဖြစ်ထမ်းဆောင်မယ့် ဒေါက်တာရွှေပုံကတော့ NLD ပါတီဝင်ဖြစ်ပြီး၊ အရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်ပါတယ်။

သဘာဝသယံဇာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အဖြစ် ခန့်အပ်ခံထားရတဲ့ ခွန်ဘီးထူး (ခေါ်) လွီးစီငြိမ်းကတော့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD ပါတီက ခန့်ထားတဲ့ ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုရဲ့ ပြိုင်ဘက်ပါ။ ကရင်နီပြည်နယ်က လူငယ်တွေရဲ့ထောက်ခံမှုကို ရတဲ့သူလည်းဖြစ်ပါတယ်။ 

အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒေါ်အိသဉ္ဇာမောင်ကတော့ အားလုံး သိကြတဲ့အတိုင်းပါ။ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလမှာ သူ့ရဲ့ကြွေးကြော်သံတွေကို ပြည်သူတွေ သဘောခွေ့ခဲ့ကြပါတယ်။ ၂၀၂၀ တုန်းက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ပြိုင်ပေမယ့် သူ့သူငယ်ချင်းဖြစ်တဲ့ NLD ပါတီက ဦးစည်သူမောင်ကို ရှုံးနိမ့်ခဲ့ပါတယ်။  

SNLD ပါတီဝင်လည်းဖြစ်၊ သဘာ၀ သယံဇာတရေးရာကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမော်ထွန်းအောင်ကတော့ ဒီလိုဖွဲ့စည်းမှုတွေ ထုတ်ပြန်လာတဲ့အတွက် ရှေ့လုပ်ငန်းစဉ်တွေမှာ ပိုမိုခရီးတွင်လာမယ်လို့ သုံးသပ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ နိုင်ငံအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ငွေကြေးအထောက်အပံ့ရယူမှုတွေမှာ ပိုပြီးထိရောက်လာမယ်လို့ သူက တွက်ဆပါတယ်။

"အခုဖွဲ့စည်းမှုက ပြည့်စုံရဲ့လားဆိုတော့ မပြည့်စုံသေးပါဘူး။ ဘာလို့ဆို ဒါက ပြေးရင်းလွှားရင်းနဲ့ လုပ်ရတာဖြစ်တယ်။ ဒါပေမဲ့ ဘာပဲပြောပြောဗျာ စစ်အုပ်စုနဲ့ယှဉ်ရင်တော့ အဆမတန်ကို သာပါတယ်"  လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းမှုမှာ လူအများထောက်ပြနေတာက တိုင်းရင်းသားလူမျိုး နှစ်ခု မပါတဲ့ ကိစ္စပါ။ ရခိုင်နဲ့ရှမ်း ဒီအထဲမှာ မပါ ပါဘူး။ ဒါပေမဲ့လည်း လာမယ့်ဖွဲ့စည်းမှုတွေမှာ ဘယ်လိုပါမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါ။ ကျန်တဲ့ပြည်ထောင်စုဝန်ကြီးအများစုကတော့ NLD က လူတွေဖြစ်ပါတယ်။ သမ္မတကလည်း ဦးဝင်းမြင့်ဖြစ်ပြီး၊ အတိုင်ပင်ခံရာထူးကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ပေးထားပါတယ်။

ထုတ်ပြန်ချက်တွေရဲ့ထူးခြားချက်ကတော့ ဒီကနေ့အချိန်ထိ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဆိုတဲ့ ကိစ္စက မပါသေးပါ။ ဒီအချက်ကို ကြည့်ရရင် စစ်ဦးစီးချုပ် ခန့်အပ်မယ့်အစား၊ ကာကွယ်ရေး န်ကြီးဌာနက သမ္မတကို အစီရင်ခံမယ့် စနစ်ကို ကျင့်သုံးမလားဆိုတာက မေးခွန်းအဖြစ် ကျန်နေပါတယ်။ ဒါပေမဲ့ တဖက်မှာ ညှိနှိုင်းနေဆဲ ကိစ္စလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သမ္မတကို အစီရင်ခံရမယ်ဆိုရင် သူ့ရဲ့စနစ်က အမေရိကန်နဲ့တူပါတယ်။ အမေရိကန်မှာ သမ္မတကသာ စစ်ဦးစီးချုပ်ဖြစ်ပြီး စစ်ဖက်ရေးရာ အဆုံးအဖြတ်ကို သူက ပေးရတာဖြစ်ပါတယ်။

မိုးမြင့် ရေးသားသည်

You can treat me a cup of coffee.

wave

Press ESC to close