မြန်မာနိုင်ငံဟာ ဆီးရီးယားလိုဖြစ်လာနိုင်သလား ဆန်းစစ်ကြည့်ခြင်း

ဧပြီ ၁၃ ရက်နေ့မှာ ကုလလူ့အခွင့်ရေးကောင်စီရဲ့ အကြီးအကဲ မီချဲ ဘက်ချ်လက် က မြန်မာနိုင်ငံဟာ ဆီးရီးယားလိုအဖြစ်မျိုး မကြုံဖို့ အင်အားရှိတဲ့နိုင်ငံတွေက ဝိုင်းဝန်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ပြောခဲ့ပါတယ်။

ဝိုင်းဝန်းဖြေရှင်းဆိုတဲ့ ကိစ္စမှာ ဖြစ်နိုင်ခြေနှစ်ရပ်ကတော့ ကုလလုံခြုံရေးကောင်စီက ဖြေရှင်းပေးဖို့ ဒါမှမဟုတ် စစ်ရေးအရဝင်စွက်
ဖက်တဲ့နည်းပါ။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်နှစ်ရပ်လုံးက အင်မတန်ရှုပ်ထွေးပြီး၊ နောက်ဆက်တွဲကလည်း ကြီးမားနိုင်တာမို့ ဖြစ်နိုင်ခြေက ၅၀/၅၀ ပါ။ အကောင်းဆုံး နမူနာက ၈၈ အရေးအခင်းတုန်းက တစ်ခါကြုံဖူးခဲ့ကြသလို၊ ၂၀၁၇ ရိုဟင်ဂျကိစ္စတွေပါပဲ။

 
ဒါကြောင့်မို့လည်း ပြည်တွင်းရေးကို ပြည်တွင်းနည်းနဲ့ ရှင်းဖို့ ပြည်မ
မှာနေကြသူလူငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြတာပါပဲ။ စ်ဆက်တည်းမှာပဲ ဒီကိစ္စကို မောင်းတင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရသိမ်းထားတဲ့ စိုးမိုးနယ်မြေတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ရယူမယ်၊ လူထုအာဏာပြန်ရဖို့ လုပ်မယ်လို့ CRPH က ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဧပြီ ၁၄ မှာ ပြောခဲ့ပါတယ်။

CRPH လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကလည်း ရိုးရှင်းပါတယ်။ အစိုးရတစ်ရပ်ရဲ့အင်္ဂါရပ်တွေစုံလင်ဖို့ အကောင်အထည်ဖော်ရတာဖြစ်တယ်။ CRPH က ယာယီအစိုးရဖွဲ့စည်းထားပေမယ့် သိသာလွန်းတဲ့ အားနည်းချက်က သူ့မှာ ကိုယ်ပိုင်စစ်တပ်၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို နှစ်လကျော်လာတဲ့
အထိ မဖွဲ့စည်းရသေးပါ။ တစ်နည်းအားဖြင့် ကိုယ်လက်အင်္ဂါ မစုံတဲ့ အစိုးရဖြစ်နေပါတယ်။ နိုင်ငံတကာမှာ တရားဝင်အသိအမှတ်ပြုခံရဖို့ သူတို့ အနေနဲ့ ဒီလိုအပ်ချက်ကို မဖြစ်မနေ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

CRPH ပြောဆိုချက်၊
ကုလအကြီးအကဲ မီချဲ ဘက်ချ်လက် ပြောဆိုချက် နှစ်ခုကို စဉ်းစားရင် မြန်မာနိုင်ငံဟာ ဆီးရီးယားစစ်ပွဲသဏ္ဍာန် ဖြစ်ဖို့ ဦးတည်နေလို့ယူဆနိုင်စရာ ရှိပေမယ့် စောပါသေးတယ်။ ပေါ်ပေါက်လာမယ်ဆိုရင်တောင် ဘယ်လိုပုံစံမျိုးနဲ့လဲ ဆိုတာ မေးရမှာပါပဲ။
 
တိုင်းရင်းသား
တွေရဲ့ အခန်းကဏ္ဍ

သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးကလည်း အခုအချိန်မှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် ၇-၈ ဖွဲ့က တိုင်းပြည်ရဲ့အနာဂတ်အဆုံးအဖြတ်အတွက် အရေးပါဆုံး အနေအထားတစ်ခုမှာရှိတယ်လို့ ဧပြီ ၁၃ ရက်နေ့မှာ သုံးသပ်ပြောဆိုခဲ့တာရှိပါတယ်။ ဒါပေမဲ့လည်း တရုတ်
က မီးစိမ်း ပြမှသာအဆင်ပြေမယ့်သဘော သူက ထောက်ပြပါတယ်။​တစ်ခုချင်း သုံးသပ်ကြည့်ရအောင်ပါ။

ကျောက်စိမ်းမြေ ကချင်
အရင်ဆုံးတော့ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ကို
ကို ကြည့်ကြည့်ပါမယ်။ ကချင်ဟာ အခုတစ်ပတ်ကျော် လောက်အထိ အပြင်းထန်ဆုံးနေရာဖြစ်နေသလို၊ စစ်ရေးအရ အရေးပါတဲ့ နယ်မြေတွေကို ဖြတ်တောက်ဖို့ ကြိုးစားတယ်။ ဥပမာ အာလောဘွမ်တောင်က ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ လိုင်ဇာကြားကို ခွထိုင်ထားတဲ့ တောင်ကုန်းဖြစ်တယ်။ ဗျူဟာအရ အရေးပါလို့ တိုက်တာဖြစ်သလို၊ တနည်းအားဖြင့် ဆုံးရှုံးထားတဲ့နယ်မြေကို ပြန်ယူနေတဲ့သဘောဖြစ်ပါတယ်။

ဗန်းမော်၊ တနိုင်းနဲ့
ဖားကန့်နဲ့ ဝိုင်းမော်ဖက်မှာ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတာရှိတယ်။ ဒီနေရာတွေ အကုန်လုံးက သဘာ၀ သယံဇာတတွေ ပေါများတဲ့နေရာတွေဖြစ်ပါတယ်။ တစ်နှစ်ကို ကန်ဒေါ်လာ သန်းချီရှာပေး နေတဲ့ နေရာတွေဖြစ်တယ်။ စစ်တပ်နဲ့ဆွေမျိုးအပေါင်းအပါတွေကို ဗိုက်ဖြည့်ပေးနေတဲ့ နေရာတွေဖြစ်တယ်။ ဒီနေရာတွေကို KIA က သိမ်းဆည်းနိုင်ခြင်းအားဖြင့် စစ်တပ်ရဲ့စီးပွားရေး ရေသောက်မြစ်ကို အထိုက်အလျောက် တားဆီးနိုင်မှာပါ။

ဒါပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလည်း အကန့်အသတ်က ရှိနေပြန်ပါတယ်။ ဥပမာ လေကြောင်းရန်ကာကွယ်ရေးစနစ်
မရှိတာကြောင့် စစ်ကောင်စီရဲ့ F-17 / Yak-130/ SU-30SM နဲ့ Mi-24P တို့လို တိုက်ခိုက်ရေး ဟယ်လီကော်ပတာတွေကို ပြန်ပစ်ချနိုင်တဲ့အနေအထားမရှိသေးပါ။ ဒါကြောင့် အဆောက်အအုံအခိုင်မာချထားပြီးတော့ ရေရှည်ထိန်းနိုင်မယ့်အခြေအနေ နည်းပါတယ်။ ဒါကြောင့်လည်းပဲ တိုက်ခိုက်ပြီးရင် ပြန်ဆုတ်ကြတာပါ။

အခု KIA က ပြန်တိုက်ခိုက်ပြီး သိမ်းမယ့်နေရာတွေက အရင် ၂၀၁၂-၁၃ တုန်းက နောက်ဆုတ်ပေးလိုက်ရတဲ့ နေရာတွေဖြစ်သလို၊ စခန်းအသစ် နေရာသစ်တွေလည်း တိုက်ရနိုင်ပါ
သေးတယ်။ ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဘဲနဲ့တော့ တစ်ပြည်နယ်လုံး KIA လက်ထဲ ရောက်ဖို့ မလွယ်လှပါ။  
 
ကရင်ပြည်နယ်စစ်မျက်နှာ
KNU/KNLA ကတော့ CRPH ကို ထောက်ခံပြီးတော့ ပွဲဦးထွက်အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ မတ်လတုန်းက တပ်မဟာ-၅ နယ်မြေထဲက
သီးမူထ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကို တန်ပြန်အနေနဲ့ စစ်ကောင်စီက တပ်မဟာ-၅ ခရိုင်ရုံးရှိရာ ဒေပူးနိုရွာကို လေကြောင်းတိုက်ခိုက်လို့ အနည်းဆုံး ၂ ဦးသေဆုံးခဲ့ပါတယ်။ နောက်ပြီး ရွှေမိုင်းရှိရာနေရာလို့ လူသိများတဲ့ မယ်ဝိုင်ကို ဗုံးကြဲလို့ တရုတ်ကုမ္ပဏီက လုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တာလည်းရှိပါတယ်။  

KNLA တပ်မဟာ ခုနှစ်ခုရှိတဲ့အနက် တိုက်ပွဲပြင်းထန်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိတာက တပ်မဟာ-၃ နဲ့ တပ်မဟာ ၅ နေရာတွေပါ။ ကျန်တဲ့ ၁-၂-၄-၆-၇ တို့မှာ တိုက်ပွဲကျဲပါတယ်။ ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်လိုက်၊ ပြန်ရပ်လိုက်နဲ့ပါ။

KNLA ရဲ့ စစ်ရေးဗျူဟာကို တီးခေါက်မိသလောက်ပျောက်ကျားစနစ်နဲ့ဖိအားပေးရေးကို ဦးစားပေးတယ်လို့ နားလည်ရပါတယ်။ ဒါက အရင်းအနှီးအနည်းဆုံး နည်းတစ်ခုဖြစ်တယ်။ ရန်သူစခန်းတွေနဲ့ မျက်နှာချင်းဆိုင်၊ ဆိုင်ထားရတဲ့နေရာတွေက ရာနဲ့ချီရှိပါတယ်။ ဒီစခန်းတွေကို ဖိအားပေးပြီးတော့ အညံ့ခံလာအောင် ပတ်လည် ဝိုင်းပတ်ထားတဲ့စနစ်နဲ့ ရန်သူ ရိက္ခာဖြတ်တောက်နိုင်ရေးကိစ္စတို့ ပါပါတယ်။

ဒါကြောင့်လည်းပဲ စစ်ကောင်စီဟာ အကျပ်ရိုက်ပြီးတော့ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ရှိတဲ့ဖက်ခြမ်းကို ရိက္ခာပို့ဖို့ ထိုင်းဖက်ခြမ်းက
မဲ့ဆမ်လက် (သော်လဲထ) လို နေရာမျိုးကို အသုံးပြုလာတာပါ။ နောက်ပြီး သောင်ရင်းမြစ်နဲ့ သံလွင်မြစ်ဘေး နားမှာလည်း ရင်ဆိုင်ထားတဲ့ စစ်ကောင်စီစခန်းတချို့ ဆေးဝါးနဲ့ ရိက္ခာပြတ်တောက်မှုတွေ ကြုံနေပါတယ်။

အရင်းအနှီး အနည်းဆုံးနည်းဖြစ်တယ်ဆိုတာက KNLA အနေနဲ့ တိုက်ပွဲဖော်ပြီးတော့တက်သိမ်းမယ်ဆိုရင် လူအင်အား၊ လက်နက်အင်အား အရင်းအနှီးတွေလိုပါတယ်။ လူအင်အားဆိုရာမှာ အသက်အရင်းအနှီးလည်း ပါပါတယ်။ စခန်းသိမ်းတိုက်ပွဲတစ်ခုတိုက်ရင် လူအသေအပျောက်က ရှောင်လွဲနိုင်ဖို့ခက်ပါတယ်။ တဖက်မှာ သူက CDM ဝင်လာသူတွေ၊ ခိုလှုံဖို့ရောက်လာသူတွေနဲ့ သင်တန်းလာတက်သူ ကိစ္စတွေလည်း ရှိနေပါတယ်။ ပြီးတော့ စစ်ဘေးဒုက္ခသည် ကိစ္စကလည်း ရှိပါတယ်။

ပိုအရေးကြီးတာက
KNU ခွဲထွက် နယ်ခြားစောင့်တပ် (BGF) ကဒ်ကိုပါ ထုတ်သုံးလာရင် ကရင်ပြည်နယ်မှာ ကရင်အချင်းချင်းပြန်တိုက်ရတဲ့ အနေအထားကိုလည်း ရင်ဆိုင်ရမှာပါ။ လတ်တလောမှာတော့ ဒီလိုအခြေအနေမတွေ့ရသေးပါ။ ဒါပေမဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ အထူးသဖြင့် BGF စားကျက်မြေရှိတဲ့ မြဝတီနယ်တွေမှာ တိုက်ပွဲမဖြစ်သလောက် နည်းတာနဲ့လည်းဆိုင်ပါတယ်။
 
ရှမ်းပြည်နယ်အခြေအနေ

သပွတ်အူလောက်ရှုပ်ထွေးပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်တဲ့ပြည်နယ်က ရှမ်းပါ။ အာဏာသိမ်းတဲ့ နှစ်လတာ အတွင်းမှာတောင် SSPP နဲ့ RCSS တို့တိုက်ပွဲရှိနေတာပါ။ ပြီးတော့ တအာင်းလက်နက်ကိုင် TNLA အဖွဲ့နဲ့လည်း RCSS က လည်း တိုက်ပွဲခဏခဏဖြစ်တဲ့ ရာဇဝင်က ရှိပါတယ်။
ကိုးကန့်အဖွဲ့ (MNDAA) ဖက်မှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲ အနည်းငယ်ပဲ တွေ့နေရတာပါ။  

မိုင်းလားနဲ့ ၀ တပ်ဖွဲ့တော့ ဒီကိစ္စမှာ CRPH နဲ့ စစ်ကောင်စီ ဘယ်သူဈေးကောင်းပေးသလဲ လေသံ စောင့်ကြည့်တဲ့အဖွဲ့တွေလို့ နားလည်ရပါတယ်။ တဖက်မှာ တရုတ်ရဲ့အခြေအနေကိုလည်း သူကကြည့်
နေရတယ်လို့ နားလည်ပါတယ်။ UWSA ဥက္ကဌ ပေါက်ယူချန်းဆိုရင် ပြီးခဲ့တဲ့လတုန်းက တရုတ်ဖက်ခြမ်းရောက်နေလို့ နေအိမ်အကျယ်ချုပ် နဲ့နေရတယ်လို့တောင် အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရှမ်းမြောက်မှာတော့ KIA နဲ့ TNLA တပ်ဖွဲ့တွေက ဝင်တိုက်တဲ့ တိုက်ပွဲတချို့ပဲရှိပါတယ်။ ရှမ်းပြည်ကို ကြည့်တဲ့အခါ မေ့ထားလို့မရတာက ပြည်သူ့စစ်အဖွဲ့တွေပါ။ အဖွဲ့ရာနဲ့ချီ ရှိပါတယ်။ မူးယစ်ဆေးနဲ့ကျော်ကြားတဲ့ ဒီအဖွဲ့တွေက စစ်တိုက်ရာမှာ ကိုယ်တိုင်မပါပေမယ့်၊ ထုတ်မသုံးလာနိုင်ဘူးလို့လည်း ဘယ်သူမှ အာမ မခံနိုင်ပါ။ အရေးအကြီး ဆုံးကတော့ ဒီအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ လာ
ဘ်ကောင်တွေ ဖြစ်လာနိုင်ပါတယ်။ ဆိုလိုတာက မူးယစ်ဆေးက ရတဲ့ငွေမည်းတွေကို ငွေဖြူလုပ်ပြီးတော့စီးပွားရေးထိန်းဖို့  စစ်ကောင်စီက ကြိုးစားလာနိုင်ပါတယ်။

ရှမ်းပြည်နယ်ကိစ္စကို ထိန်းဖို့အတွက် စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ပါတဲ့အဖွဲ့က ဧပြီလ ၇-၈ ရက်နေ့တွေမှာ SSPP နဲ့ UWSA ကို သွားတွေ့ခဲ ့ပါတယ်။ အသေးစိ
ပ်ဆွေးနွေးချက်တွေ မသိရပါ။ အကြမ်းဖျင်းကြားသိရတာက CRPH နဲ့ မပူးပေါင်းဖို့ဆိုတဲ့အချက်ကို အဓိက ဦးစားပေးပြောဆိုပြီး၊ မက်လုံးပေးတဲ့ ကိစ္စတချို့ပါဝင်တယ်လို့ ရှမ်းနိုင်ငံရေးအသိုင်းဝိုင်းကနေ သိရပါတယ်။

UWSA ကို ချဉ်းကပ်တာတော့ဖြစ်နိုင်ခြေက ညီနောင်မဟာမိတ် သုံးဖွဲ့ (TNLA/ AA/ MNDAA) တို့ကို ထိန်းထားဖို့ကိစ္စလို့ ယုံကြည်ရပါတယ်။ အထူးသဖြင့် အနောက်ဖက်စစ်မျက်နှာ ရခိုင်ဏ္ဍ ပါနိုင်ပါတယ်။ RCSS ကတော့ တိုက်ပွဲမရှိပါ။ သူလည်း နိုင်ငံရေးရာသီဥတုကို ချိန်ဆနေတယ်။ ဥပမာ CRPH ရဲ့ Federal Charter ကို အကြိုက်တွေ့မှု နည်းတယ်လို့ ယူဆရပါတယ်။ စစ်ကောင်စီကိုတော့ သူက ကန့်ကွက်ပြီးသားဆိုပေမယ့် NCA ကိုလည်း မျှော်လင့်နေတုန်းပဲ။

ကယားကိစ္စကိုတော့ ကျနော်ထည့်မရေးတော့ပါ။ KNPP ကလည်း တည်ဆောက်ဆဲကာလ
မို့လိုပါပဲ။ နလန်ထူဖို့ ရုန်းကန်နေရတဲ့အခြေအနေဖြစ်ပြီး၊ စစ်ရေးမဟာမိတ် တည်ဆောက်နေတယ်လို့ပဲ အရိပ်အမြွတ်ပြောချင်ပါတယ်။
 
ရခိုင်မြေပြင်အခြေအနေ
ရခိုင့်မြေပြင်မှာတော့ လက်နက်ကိုင်အဖွဲ့က တစ်ခုတည်းရှိပါတယ်။ ကျန်တဲ့ အဖွဲ့သေးလေးတွေက NGO သာသာပါ။ ULA/ AA စိုးမိုးနယ်မြေတွေကို ပြောရမယ်ဆိုရင် အိန္ဒိယ၊ ဘင်္ဂလာနဲ့ ရခိုင် သုံးခွဆုံရာနယ်တွေနဲ့ ရခိုင်မြောက်ပိုင်းတခွင်ပါပဲ။ NLD အုပ်ချုပ်တုန်းကဆိုရင် စစ်တွေ အစိုးရလို့တောင် ဆိုစမှတ်ရှိကြပါတယ်။ အစိုးရအာဏာစက် သက်ရောက်မှုက မြို့ပေါ်ပဲရှိတာကြောင့်ပါ။ တောင်ပိုင်းမှာလည်းပဲ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနေရာတချို့မှာ တပ်တည်တွေရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဖြန့်ကျက်အင်အားနဲ့တိုက်ခိုက်ရေးအတွက် အဆင်သင့် လူ ၅ သောင်းရှိနိုင်ပြီး၊ တပ်မဟာ ၁၀ ခုလောက်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ရခိုင်က ၂၀၁၈ ကနေ ၂၀၂၀ အာဏာမသိမ်းခင်အထိ၊ တိုက်ပွဲ ၂ နှစ် တောက်လျှောက်တိုက်ခဲ့တာပါ။ သူ့ရဲ့သဘောသဘာဝက ကချင်၊ ကရင်နဲ့ ရှမ်းတို့မှာလို လက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို ပြန်တိုက်ရတာ မဟုတ်ပါ။ အရှိန်ကောင်းကောင်းနဲ့ တခါတည်း ရနိုင်သလောက် တိုက်ယူတဲ့ သဘောဖြစ်ပါတယ်။ ရက္ခိတအိမ်မက် (Arakan Dream 2020) ကို အကောင်အထည်ဖော်ဆောင်တဲ့အခါ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကွန်ဖက်ဒရိတ်လို့ တရားဝင်ကြေညာထားပါတယ်။

အဲဒီကြေညာချက်ကို ထပ်မံအတည်ပြုတာက ဧပြီ ၁၀ ရက်နေ့မှာကျင်းပခဲ့ ၁၂ မြောက် ရက္ခိုင့်တပ်တော်နေ့ သဝဏ်လွှာဖြစ်ပါတယ်။ သူ့ရဲ့သဝဏ်လွှာမှာ ရခိုင်ပြည်နယ်မှာ CDM လှုပ်ရှားမှု၊ ဆန္ဒပြမှုတွေမှာ မပါဘူး၊ ရက္ခိတလမ်းစဉ်နဲ့ ကိုယ်ပိုင်မူနဲ့ဆက်သွားမယ်လို့ပြောထားပါတယ်။ ပြီးတော့ CDM ကို တဖက်က ကူညီနိုင်တဲ ့နည်းနဲ့
ကူညီမယ်လို့ဆိုထားပါတယ်။

တကယ်တော့ CDM ဆိုတာ ရခိုင်တွေကို ဝိုင်းကျဉ်ခဲ့ကြတဲ့ ၂၀၁၈-၂၀၂၀ ကာလတစ်ခုလုံးမှာ ရခိုင်လူထုနဲ့ AA က အကောင်အထည်ဖော်ခဲ့ပြီးသားပါ။ ရဲတပ်ဖွဲ့တွေကို ကျည်ဆံတစ်တောင့်ပို့တာ၊ အုပ်ချုပ်ရေးမှူးတွေ မြို့နယ်လုံး ကျွတ် နှုတ်ထွက်တာ၊ NLD က စစ်တပ်နဲ့ပေါင်းပြီး AA ကို ချေမှုန်းဖို့ပြောခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စကောတီးပြီး ဆန္ဒပြကြတာ၊ ရဲ့နဲ့စစ်သားတွေရဲ့သတင်းအချိန်နဲ့တပြေးညီ သိနိုင်အောင်
ဖော်ထုတ် ပေးကြတာ၊ တပ်မတော်အဆင့်မြင့်အရာရှိတချို့ AA ဖက်ကို ဘက်ပြောင်းတာ၊ ဒါတွေအားလုံးဟာ CDM တွေပါပဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ သဝဏ်လွှာမှာပါတဲ့ အနာဂတ်အဆုံးအဖြတ်က " ဖြားအသင့်၊ လီအသင့် " (ဗမာလို ဒီရေအသင့်၊ လေအသင့်) ဆိုတဲ့ စကားဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အုပ်ချုပ်ရေးယန္တရားကို တိုးမြှင့်ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စပါတယ်။ နားလည်သလောက် အစိုးရရဲ့ အင်္ဂါရပ်တစ်ခုဖြစ်တည်ဖို့အတွက် အရေးပါတဲ့အရာဖြစ်ပါတယ်။ အသစ်အဆန်းတော့မဟုတ်ပါ။ KIA မှာဆိုလည်း အစိုးရ တစ်ခုလိုပဲ ဝန်ကြီးဌာန အသီးသီးဖွဲ့စည်းထားတာရှိပါတယ်။

သူ့ရဲ့
တည်ဆောက်ပုံနဲ့တူမယ်လို့ ယူဆရပါတယ်။ တစ်ခုရှိတာက ဘယ်လောက် မြန်ဆန်ပြီးတော့ ဘယ်တော့ အသင့်ဖြစ်မလဲဆိုတာပါ။ Social Welfare State နမူနာနဲ့သွားမယ် ပြောထားတာကြောင့် ပါလီမန်ကဏ္ဍလည်း ရှိလာနိုင်ပါတယ်။ ရခိုင်မှာ ရှေ့တန်းစခန်းတွေထက်၊ နယ်မြေခံတပ်ရင်းတွေ၊ စကခ သုံးခုနဲ့ အမ်းဌာနချုပ်ပဲ ကျန်ပါ တယ်။

ဒါဟာ ရခိုင်နဲ့ ကချင်-ကရင်- ရှမ်းတို့ အခြေအနေ မတူတဲ့အချက်ပါ။ တိုက်ပွဲဖြစ်တယ်ဆိုရင် မြို့သိမ်းတိုက်ပွဲပဲ ကျန်တော့တဲ့အနေအထားပါ။ ရခိုင်မှာသွေးမြေမကျဘဲ လိုချင်တာ ပုံဖော်နိုင်တဲ့အခွင့်အရေး AA မှာရှိနေတဲ့အတွက် CDM နဲ့တိုက်ပွဲကို AA မရွေးတာပါ။  ဒီအခွင့်ရေး သို့မဟုတ် ဒီထက်ပိုကောင်းတဲ့ ခိုင်မာတဲ့ CRPH ရဲ့ကမ်းလှမ်း မှုရှိရင်တော့ ထူးလာစရာရှိနိုင်ပါတယ်။ သူ့ရဲ့
ပဋိဉာဉ်ကို ဘယ်တိုင်းရင်းသားအဖွဲ့ကအစည်းတွေနဲ့သဘောတူညီပြီး ထုတ်ခဲ့သလဲဆိုတာ မသိရပါ။ ကျနော် ကြားမိတာက EAOs ဆယ်ဖွဲ့ကျော်ထဲက တချို့အဖွဲ့နဲ့ တိုက်ရိုက်စကား ပြောတာရှိပေမယ့် အများစုကို စာရေးပို့ခဲ့တာပါ။

လက်နက်ကိုင်အင်အား အားကောင်းတဲ့ ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင် ပြည်နယ် လေးခုက အများစုက သူ့နယ်မြေပြန် ရရေးကို ရုန်းကန်နေရတဲ့အချိန်မှာ အင်အားသိန်းချီရှိတဲ့ စစ်တပ်က နယ်မြေဆုတ်ခွာရင်တောင် ပြည်မက မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ မန္တလေး၊ ရန်ကုန် လိုနေရာမှာ သူက ဆက်ရှိနေမှာပါ။ ဒီဟာတွေ မပြုတ်ရင် အာဏာက ဆက်ရှိနေဦးမှာပါ။

အမျိုးသားများပြည်နယ် သို့မဟုတ် ဗမာတစ်ယူနစ်
CRPH မှာ ကိုယ်ပိုင်တပ်မရှိဘဲနဲ့ အပေါ်က တိုင်းခုနစ်ကို ဘယ်လို သိမ်းမှာပါပဲ။
ဒါဟာ အရေးကြီးပါတယ်။ တိုင်းရင်းသားတပ်တွေနဲ့ ဒီခုနစ်ခုကို တိုက်မယ်ဆိုပါစို့ ဘယ်အဖွဲ့ တွေက တိုက်မှာလဲ။ ဘာသဘောတူညီချက်ပေးနိုင်မှာလဲ။ ဗမာလူထုက လက်ခံမလား။ ဆိုကြပါစို့ ကရင်က ဝင်တိုက်တယ်ဆိုပါစို့ စစ်ကောင်စီရဲ့ထုံးစံအတိုင်း ရွာကို၊ ရပ်ကွက်ကို ၊ မြို့ကို မီးရှို့တယ်ဆိုရင် ဗမာလူထုက ကရင်ကို ကြည်ဖြူနိုင်မှာလား။ ချီဂွေဗားရား ဘိုလစ်ဘီးယားမှာကျတဲ့ သင်ခန်းစာကို ယူပါ။ လူထုက သူ့အတွက် အသေမခံရဲတော့ အသက် ၃၉ နှစ်အရွယ်မှာပဲ ဘိုလစ်ဗီးယားစစ်တပ်ရဲ့လက်မှာ ကျဆုံးခဲ့ရပါတယ်။  

တိုက်မယ်ဆိုရင် တစ်ဖွဲ့ချင်းဆို လက်တွေ့မကျပါ။ အကုန်စုမယ်ဆို ဘယ်နှစ်ဖွဲ့စုမှာလဲ။  နောက်တစ်ခုက ဒီတိုက်ပွဲကို ဘယ်သူက တာဝန်ခံမလဲ CRPH လား၊ NLD လား၊ တိုင်းရင်းသားအဖွဲ့တွေလား။ Free Ride လုပ်ဖို့တော့ မကြိုးစားကြပါနဲ့ အန္တရာယ်များ
လွန်းပါတယ်။

ဒါဆိုရင် ဗမာတစ်ယူနစ် သို့မဟုတ် အမျိုးသားများပြည်နယ်ပေါ်လာမလား။ ပေါ်လာတယ်ဆိုရင် ပြည်ထဲရေးကို ဘယ်သူကိုင်ပြီး၊ စစ်တပ်နဲ့ နယ်စပ်ရေးရာကို ဘယ်သူကိုင်မလဲ။ အခု လူငယ်တချို့ အထူးသဖြင့် Gen-Z အုပ်စုက သင်တန်းတွေတက်တယ်။ ဒီလူတွေကို စုဖွဲ့ပြီးတော့ပြန်တိုက်မှာလား။ ဒါဆိုရင် တောတွင်းအတွေ့အကြုံလည်းမရှိ၊ မြို့တွင်း တိုက်ပွဲအတွေ့အကြုံလည်းမရှိတဲ့ တပ်သစ်တစ်ခုကို ဘယ်သူက အမိန့်ပေးမလဲ။

ကျနော့်အမြင်ကတော့ တိုင်းရင်းသားနယ်မြေတွေမှာ ဒီသင်တန်းသားတွေ အရင်ဝင်တိုက်ပြီးတော့ သင်ခန်းစာ ယူသင့်ပါတယ်။ နမူနာတစ်ခု ပြောပြပါမယ်။ AA ဆိုရင် ကချင်၊ ကရင်၊ ရှမ်းမြောက်နဲ့ MNDAA နယ်တွေမှာက အစ တိုက်ပွဲအတွေ့အကြုံ
ယူခဲ့တယ်။ အဲဒီမှာ အတွေ့အကြုံရှိတဲ့သူတွေက ရခိုင်မှာ တပ်မှူးတွေ ပြန်လုပ်တာမျိုး တွေရှိတယ်။

သင်တန်း ၃ လတက်ပြီး၊ ချက်ချင်း တိုက်ပွဲဝင်သူတွေ မဟုတ်ပါ။ လူငယ်တွေ ထောက်ခံမှု၊ စုဖွဲ့မှုအားကောင်းနေ ချိန်မှာ တပ်ထောင်ရင် မြန်နိုင်ပါတယ်။ စည်းစနစ်ကျမှုအပိုင်းမှာတော့ ယိုပေါက်ရှိပါမယ်။ အထူးသဖြင့် တိုက်ပွဲက စိန်ခေါ်ချက် ကြီးမားမှာပါ။ ဒါက မြို့တွင်းမှာ ဖော်မလား။ နယ်မြေခံတပ်ရင်းတွေကို တိုက်မလား။ လွတ်မြောက် နယ်မြေကို ဘယ်မှာထောင်မလဲ စသဖြင့် စဉ်းစားရမှာပါ။ ဘယ်နေရာတွေကို အရင်စမလဲဆိုတာက အစ ခေါင်းဆောင်တစ်ယောက်ရဲ့ စစ်ရေးအမြင်က အရေးကြီးပါတယ်။ လေတပ်၊ အမြောက်တပ်နဲ့ နယ်မြေခံ
တပ်ရင်း တစ်ဝက်လောက်ပဲ သိမ်းနိုင်ပါစေ။ မင်းအောင်လှိုင်စစ်တပ် ပြိုကျမှာ လုံး၀ ကျိန်းသေပါတယ်။

အိမ်နီးချင်းနိုင်ငံများရပ်တည်ချက်နဲ့
အမေရိကန်
တရုတ်နိုင်ငံကတော့ သူ့အကျိုးစီးပွားကလွဲပြီး ဘယ်သူ့မှ ဂရုမစိုက်ပါ။ ကချင်ကို တိုက်တဲ့အခါ စစ်ကောင်စီရဲ့ လေကြောင်းက တရုတ်ပိုင်နက်ကို အသုံးပြုသလို၊ လက်နက်ကြီး ၆ လုံးကျတာတောင် ကန့်ကွက်စာ တစ်လုံးမှပင် ထွက်မလာပါ။ လူ ၇၀၀ ကျော် သတ်ဖြတ်ခံထားရတာတောင် သူက စစ်ကောင်စီကို ကန့်ကွက်ကြောင်း စာမထုတ် ပါ။ ဒါကြောင့် သူ့ရဲ့မူက စစ်အုပ်စုနဲ့နီးတာ အသစ်မဟုတ်ပါ။ ဒါကြောင့် ကချင်ကလည်း တရုတ်ရဲ့စာနာမှုကို မရပါ။ အဆင်မသင့်ရင် ဖိအားပေးတာမျိုး ကြုံနိုင်ပါတယ်။

ဘင်္ဂလားဖက်ခြမ်းကို ကြည့်ရင်တော့ မြန်မာနိုင်ငံနဲ့ သိပ်အလွမ်းမသင့်တဲ့နိုင်ငံ
မို့လို့၊ အနောက်ဖက်ခြမ်း ရခိုင်မှာ ဖြစ်နေတာကို သူကတော့ မျက်စိမှိတ်ထားမှာပါပဲ။ စစ်ကောင်စီအားနည်းလေ သူ့အတွက် အလုပ်ရှုပ်သက်သာ လေပါပဲ။ ဒီလိုအခြေအနေမှာ AA က ပိုအားကောင်းလာဖို့ အခွင့်ရပါတယ်။

ထိုင်းကတော့ မင်းအောင်လှိုင်ကို မွေးစားသားလိုသဘောထားတဲ့နိုင်ငံပါ။ ဒါကြောင့် စစ်ရေးဆိုင်ရာနဲ့ ထောက်လှမ်း ရေးသတင်းတွေ မျှဝေတယ်လို့လည်း တွက်ဆရပါတယ်။ ဒါကြောင့် ထိုင်းဖက်က လက်နက်မှောင်ခိုလမ်းကြောင်း တွေကို တင်းကျပ်တာ၊ နယ်စပ်တွေကို လုံခြုံရေးတင်းကျပ်တာတွေ လုပ်ပါတယ်။ နိုင်ငံတကာစင်ပေါ်မှာတော့ ဒုက္ခသည်တွေလက်ခံမယ်ပြောပေမယ့် လက်တွေ့မှာတော့ နယ်စပ်ဖြတ်သူတွေကို ဖမ်းဆီးနေဆဲပါ။ ဒါက KNLA အတွက် ကျောထောက်နောက်ခံ မရှိသလိုဖြစ်နေပါတယ်။

ဒါကို ကြိုမြင်တဲ့အတွက် KNLA ကလည်း လက်နက်တွေက အစ ပြောင်းသုံးလာတာတွေ့ရပါတယ်။ ဥပမာ AK-47 တွေ သုံးလာပါတယ်။ ပြီးတော့ ၁၀၇ မမ ရှော့တိုက်ဒုံးတွေ သုံးလာပါတယ်။ ဒါတွေဟာ ပြည်တွင်းက လက်နက်ကိုင်မဟာမိတ်တွေဆီက သို့မဟုတ် လာအိုနယ်စပ်ဖက်ကနေ ရတာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်ကတော့ အဖြေရှင်းပါတယ်။ ထောက်ပံ့မှု အပြည့်ရှိတယ်။ သူ့ရဲ့ထုတ်ပြန်ချက်တွေ၊ အင်ဒိုပစိဖိတ်၊ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် ဖြန့်ကျက်မှု ဒါတွေက မြန်မာထက် တရုတ်ကိုပဲ ရည်ရွယ်တာလို့ နားလည်ရပါတယ်။ ဒီလိုအခြေအနေမှာ တရုတ်ဟာ မင်းအောင်လှိုင်ဘက်ကို အပြည့်အ၀ ပေါ်တင်ထောက်ခံပြီး ကန့်သတ်စစ်အတွက် ကျောထောက်နောက်ခံပေးတာမျိုးရှိနိုင်ပေမယ့် လူထု ထောက်ခံမှုလုံး၀ မရှိတဲ့သူ့အဖို့ အန္တရာယ်များလှပါတယ်။ သို့သော် အမေရိကန်က တိုက်ရိုက်ဝင်နိုင်ခြေနည်းပါတယ်။ ကန့်သတ်စစ်ကို သူက ထောက်ခံမှုပေးရင်တော့ KNU က ဖဒိုမန်းမန်းပြောသလိုပဲ တကယ်လည်း ပွဲပြတ်နိုင်ပါတယ်။  

NLD or CRPH စဉ်းစားချက်
NLD ပဲဆိုဆို CRPH ပဲဆိုဆို သူတို့ရဲ့စဉ်းစားချက်တွေက အခုထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လောင်းရိပ်က မရုန်း ထွက်နိုင်သေးပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျနော်မေးမြန်းကြည့်တဲ့အခါ အခုလုပ် ထားသမျှ၊ ကတိပေးထားသမျှ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့တစ်နေ့ အကုန်ပြန်ပြင်ရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စိုးရိမ်စိတ် သူတို့မှာ ရှိပါတယ်။
 
စကားထက် လုပ်ရပ်က ပိုတာသွားတယ်ဆိုသလိုပဲ CRPH ရဲ့ ဖွဲ့စည်းပုံတွေ
၊ ပဋိဉာဉ်တွေမှာ အရင်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂိုလ်ရေးကိုးကွယ်မှုကို ဇောင်းတင်မယ့်၊ ပါဝါတင်ထားတာကို အထင်းသား တွေ့နိုင်ပါတယ်။ တကယ်တော့ သူက "အနားယူသင့်ပြီ" လို့မြင်တယ်။ ပါတီကို ထိန်းကျောင်းတာမျိုးပဲ လုပ်ပြီးတော့ လူငယ်တွေလက်ထဲကို တိုင်းပြည်ကို အပြည့်အ၀ လွဲလိုက်သင့်ပါပြီ။ မလေးရှားက မဟာသီလိုမျိုး တိုင်းပြည်ကို ကိုယ့်လက်နဲ့ပဲ တည်ချင်တယ်ဆိုတဲ့ စိတ်လျှော့သင့်ပါတယ်။

CRPH က ဒေါ်အောင်ဆန်းစုကြည်လောင်းရိပ်မလွတ်ဘူးလို့ ကျနော် ဘာကြောင့်ပြောရလဲဆိုတော့ ဒေါက်တာဇော်ဝေစိုးရဲ့ အားကောင်းမောင်းသန် "စစ်အုပ်စုဆီကနေ တစ်မြို့ပြီး တစ်မြို့ ပြန်သိမ်းမယ်" ဆိုတဲ့ ပြောဆိုချက်ကြောင့်ပါ။ လူတွေအများစုက ဒီဟာကိုပဲ ကွက်မြင်ကြပြီး နောက်ဆက်တွဲ ကဏ္ဍကို မေ့လိုက်ကြပါတယ်။ သူကတော့ သူတို့ရဲ့ကိုယ်ပိုင်တပ် အားကောင်းလာတဲ့အခါ စားပွဲပေါ်တက်လာရမယ်လို့ အာဏာသိမ်းစစ်တပ်ကို ရည်ညွန်းပြောပါတယ်။ သူပြောတဲ့ တပ်က ဖက်ဒရယ်တပ်ဖြစ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ တကယ် ဘယ်လောက်ထိ အကောင်အထည်ပေါ်မလဲက စောင့်ကြည့်ရမှာပါ။

ဒေါက်တာဇော်ဝေစိုး ပြောဆိုချက်က ဒီလိုပါ။
"တော်ရုံတန်ရုံနဲ့ကျနော်တို့ကို သူတို့ (အာဏာသိမ်းစစ်တပ်) တိုက်ခိုက်လို့မရအောင် (ကိုယ်ပိုင်တပ်) ကျနော်တို့ လုပ်ရပါမယ်။ အဲဒီနည်းအားဖြင့် သူတို့စားပွဲပေါ်တက်ချင် တက်လာရလိမ့်မယ်။ စားပွဲပေါ် တက်လာဆိုလို့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးဖို့မဟုတ်ဘူး။ ကျနော်တို့နဲ့ညှိနှိုင်းချင်ရင် ကျနော်တို့ပြောတာကို လုပ်ရပါမယ်။ ကျနော်တို့ခေါင်းဆောင်တွေကို မလွှတ်ပေးသ၍ ဘာစားပွဲမှ ထိုင်စရာအကြောင်းမရှိဘူး။ မျက်နှာချင်း လုံး၀ ဆိုင်မှာမဟုတ်ဘူး။ ကျနေ်ာတို့ခေါင်းဆောင်တွေကို လွှတ်ပြီး၊ ကျနော်တို့ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီး၊ ခေါင်းဆောင်တွေကို ပြောသင့်တာတွေပြောပြီးတဲ့အချိန်ကမှသာ စားပေါ်မှာ ထိုင်မှာဖြစ်တယ်။ ...... ဒါတောင်မှပဲ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့သမ္မတကြီးတို့ကို ကျနော်တို့တစ်တွေ သေချာပြောပြီး၊ (INFORM) လုပ်ပြီးမှ ပြောင်းလဲနေတဲ့အခြေအနေတွေကို တင်ပြခွင့်ရမှာဖြစ်တယ်။ တင်ပြခွင့်မရလို့မဖြစ်ဘူး"
.
ဒီပြောဆိုချက်က အပေါ်မှာပြောခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးရိမ်ချက်ကို ထင်ဟပ်စေပါတယ်။ ဥပမာ "ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးတို့ကို သေချာပြော
ပြီး Inform လုပ်ပြီးမှ" "တင်ပြခွင့်မရလို့မဖြစ်ဘူး"  "တပ်နဲ့ညှိနှိုင်းရေး လမ်းကြောင်း" ဆိုတဲ့ CRPH ရဲ့စဉ်းစားချက်တွေပါ။ ဒါဆိုရင် အခု ဆောင်ရွက်ထားတဲ့ ပဋိဉာဉ် ကိစ္စရပ်ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က သူမကြိုက်တာ (ဥပမာ တိုင်းရင်းသားတွေကြိုက်တဲ့အချက်) ကို မလိုက်လျောရင် CRPH က ဘယ်လိုလုပ်မလဲ။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာကြီးပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လုံးမှာ ပြစ်ပြစ်ခါခါ ပြောဆိုချက်တွေကို တိုင်းရင်းသားတွေ မမေ့ကြပါဘူး။ အရင်လိုပဲ ဗဟိုဦးစီးစနစ်နဲ့ ရွေးကောက်ပွဲနိုင်တုန်းကလို စိတ်မျိုးနဲ့ ဖက်ဒရယ် အစိုးရကို ဘယ်လောက်ထိ အကောင်ထည်ဖော်နိုင်မလဲဆိုတာ EAOs တွေမှာ စဉ်းစားချက်တော့ ရှိမှာပါပဲ။

ဒီစိုးရိမ်ချက်တွေဟာ အပေါ်မှာကျနော်ထောက်ပြထားတဲ့ တိုင်း ၇ တိုင်းကိစ္စ၊ တိုင်းရင်းသားလက်နက် ကိုင်တွေဖက်ကရင်းရမယ့် ပေးဆပ်မှု ကိစ္စမှာ ခရီးတွင်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့အချက်ပါ။ ဒါဆိုရင် အတွင်းကလာမယ့် တော်လှန်ရေးအဖွဲ့တွေရဲ့ ကန့်သတ်စစ်နဲ့အတူ ပေါက်ကွဲလာမယ့် ပြည်တွင်းစစ်ကြီး အရှိန်တုံ့နှေးနိုင်ပါတယ်။ ဒါဆိုရင် ဆီးရီးယားလို ကိစ္စမျိုးကလည်း ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

အဲဒါဆိုရင် ပြည်တွင်းစစ်မှာ ရခိုင်၊ ကချင်၊ ကရင် ပြည်နယ်တွေရဲ့ လက်နက်ကိုင်တွေက ထိန်းချုပ်နယ်မြေ ပီပြင်ဖို့ဆောင်ရွက်တာ ရှေ့ရောက်နိုင်ပြီး ကျန်ပြည်နယ်တွေမှာတော့ အရင်အတိုင်းပဲ ဆက်ရှိသွားနိုင်ပါတယ်။ ဒါဆိုရင် သွားနေတဲ့ ဦးတည်ချက်က စုတ်ပြတ်သတ်သွားတဲ့ နိုငံတစ်ခုအဖြစ်ကျန်ရစ်နိုင်ပါတယ်။ အခုလို လစ်ဟာချက်တွေကို ပြင်ဆင်နိုင်ဖို့ EAOs တွေနဲ့ CRPH ပိုပြီးတော့ ရင်ဘတ်ချင်းနီးဖို့လိုအပ်
တယ်လို့ပဲ နိဂုံးချုပ် သုံးသပ်လိုပါတယ်။

 

 

မိုးမြင့် ရေးသားသည်။ (ယခုဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး Mratt’s Channel ၏ သဘောထား မပါဝင်ပါ)

You can treat me a cup of coffee.

wave

Press ESC to close