ဘွဲ့လွန်နဲ့ ဆေးပညာမဟာ သင်တန်း ဝင်ခွင့်ဖြေဆိုသူ တကယ်များသလား  

စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆေးတက္ကသိုလ် ဘွဲ့လွန်ဝင်ခွင့် ဖြေဆိုခွင့်လျှောက်ထားသူ နဂိုထက် များပြားဆိုပြီး ဇွန်လ ၁၁ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါတယ်။

 

CDM လုပ်တာမှာ ဦးဆောင်တဲ့အပိုင်းက ပါဝင်ခဲ့တဲ့ ဆေးလောကသားတွေဟာ တကယ်ပဲ CDM ကို စွန့်လွှတ်လိုက်ပြီး စစ်ကောင်စီက ကျင်းပတဲ့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ စာရင်းပေးကြသူတွေ အရင်ထက် ပိုများသလားဆိုတာ လူတွေက သို့လောသို့လော ဖြစ်ကုန်ကြပါတယ်။

 

ဒေါ်ခင်ခင်ကြီးက ‘ဆေးတက္ကသိုလ် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲများ ကျင်းပမည်၊ ဖြေဆိုခွင့် လျှောက်ထားသူ နဂိုကထက် များပြားသည်ဟု သိရပါသည်’ လို့ ရေးထားတာပါ။ ပြီးတော့ ကွန်မင့်ထဲမှာလည်း ‘မှန်ပါတယ်၊ ဒီနှစ်ဖြေတဲ့သူ များပါတယ်၊ အတော်များများလည်း အောင်ကြမှာပါ’ ဆိုပြီး ရေးထားပါတယ်။

 

ဒေါ်ခင်ခင်ကြီး ပြောသလို ဘွဲ့လွန်နဲ့ ဆေးပညာမဟာ သင်တန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူ ‘ဖြေဆိုသူ နဂိုကထက်များပြားသလား’ ဆိုတာ ၂၀၁၉ ခုနှစ်က စာရင်းနဲ့ ဒီနေ့ ၂၀၂၁ ဝင်ခွင့်ဖြေဆိုသူ စာရင်းတွေကို ယှဉ်ပြီးကြည့်ရအောင်ပါ။ ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်ရှိလို့ စာမေးပွဲတွေ ရွှေ့ဆိုင်းခဲ့ပါတယ်။

 

ဘွဲ့လွန်ဒီပလိုမာနှင့် ဆေးပညာမဟာသိပ္ပံသင်တန်း ဝင်ခွင့်စာမေးပွဲတွေထဲမှာ လူကြိုက်များပြီး ဖြေဆိုသူအများဆုံးရှိတာ ဆေးပညာဘာသာရပ် (Medicine) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က ဒီဘာသာရပ်အတွက် စာမေးပွဲဖြေဖို့ စာရင်းတင်တာ ဆေး (၁) မှာ လူပေါင်း ၁၆၀ တိတိရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် အာဏာသိမ်းပြီးချိန်မှာတော့ စာရင်းတင်တာ ၁၉ ဦးပဲ ရှိပါတယ်။

 

ဒါ့အပြင် ဆေး (၁) မှာပဲ ၂၀၁၉ တုန်းက ခွဲစိတ်ကုပညာ (Surgery) အတွက် စာရင်းတင်တာ ၁၀၇ ယောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃ ယောက်ပဲ တင်ခဲ့ပါတယ်။ ပြီးတော့ ဆေး (၁) မှာပဲ အရေးပေါ်ကုသမှု ဆေးပညာ ဘာသာရပ်မှာဆိုရင် ၂၀၁၉ တုန်းက ဖြေဆိုသူ ၂၀ ဦးရှိခဲ့ပေမယ့် ဒီနှစ်မှာ ၁ ဦးပဲ ရှိပါတယ်။

 

တချိန်တည်းမှာပဲ ၂၀၁၉ ခုနှစ်တုန်းက ဆေး (၂) မှာ အရိုးရောဂါပညာဘာသာရပ် (Orthopaedic) အတွက် ဝင်ရောက်ဖြေဆိုသူ ၇၆ ဦးရှိခဲ့ပြီး ဒီနှစ်မှာတော့ ၇ ယောက်ပဲရှိပါတယ်။

 

ဒါဟာ သိသာထင်ရှားတဲ့လူစာရင်းကို ယှဉ်ပြခြင်းပဲ ဖြစ်ပြီး ဖြေဆိုဖို့ စာရင်းတင်တာ မရှိတဲ့ ဘာသာရပ်တွေလည်း ရှိပါသေးတယ်။ ဥပမာဆိုရင် ဆေး (၁) မှာ ဆိုရင် မှုခင်းဆေးပညာ၊ ဥပဒေရေးရာ ဆေးပညာနဲ့ နှလုံးခွဲစိတ် ဘာသာရပ်မျိုးတွေဆိုရင် ခုံနံပတ်ထွက်လာတာမျိုးတောင် မရှိဘူးလို့ ဆေးလောကသားတွေက ပြောကြပါတယ်။

 

ဒီအချက်အလက်တွေအားလုံးကို ကြည့်လိုက်ရင် ဒေါ်ခင်ခင်ကြီးပြောတဲ့ ‘ဘွဲ့လွန်ဝင်ခွင့် ဖြေဆိုခွင့်လျှောက်ထားသူ နဂိုထက် များပြား’ ဆိုတဲ့အချက်ဟာ တကယ့် ဖြစ်ရပ်မှန်နဲ့ လုံးဝ လွဲချော်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close