လောက်ကိုင် သို့မဟုတ် မြန်မာထဲက သီးခြားကမ္ဘာ

အွန်လိုင်းလိမ်လည်မှု ‘ကျားဖြန့်’ လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ‘ဝ’ ပြည် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လွှဲတဲ့သတင်းက နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ကျော်ပါပဲ။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရရဲ့ ဒီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဒီလုပ်ငန်းလုပ်ကိုင်သူတွေဟာ ‘ဝ’ ပြည် မိုင်းပေါက်မြို့ကလို့ သိရပြီး စုစုပေါင်း ၁၂၀၇ ဦး ရှိပါတယ်။ ဒီ မတိုင်ခင် သြဂုတ်နောက်ဆုံးပတ်ကတည်းက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးစ၊ နှစ်ဦးစကို ကြိုကြားဖမ်းဆီးမှုတွေ ရှိခဲ့တာပါ။

‘ဝ’ ပြည်ကနေ ဖမ်းဆီးပြီး တရုတ်ကို ပြန်ပို့ခဲ့တဲ့ အွန်လိုင်းလူလိမ်အဖွဲ့ဝင်များ။ (ဓာတ်ပုံ — ဆင်ဟွာ)

မိုင်းပေါက် ဖမ်းဆီးမှု နောက်ပိုင်း ဒီလ ၁၆ ရက်ကတော့ တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့မှာ မြန်မာစစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါသေးတယ်။ ကျားဖြန့် လုပ်ငန်းလုပ်ကိုင်တဲ့မြို့တွေထဲမှာ ဝ ပြည်နယ်နဲ့ မူဆယ်မြို့တို့အပြင် လောက်ကိုင်မြို့ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြို့တမြို့ဖြစ်ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရုံးစိုက်ရာမြို့ဖြစ်တဲ့ ဒီ လောက်ကိုင်မြို့မှာတော့ ဒေသခံလက်နက်ကိုင်အဖွဲ့ကရော မြန်မာစစ်တပ်ကပါ ကျားဖြန့်လုပ်ငန်းတွေကို မသိကျိုးကျွံပြုထားတယ်လို့ အဲ့ဒီမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

လောက်ကိုင်မြို့ဟာ ကိုးကန့်ပြည့်သူ့စစ် အုပ်ချုပ်တဲ့မြို့ဖြစ်ပါတယ်။ ကိုးကန့်ဒေသမှာ မြန်မာစစ်တပ်ရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တစ်ခုလည်း လောက်ကိုင်မှာ အခြေစိုက်ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတုန်းကတော့ ကိုးကန့်တပ်ဖွဲ့က လောက်ကိုင် ဒကစကို ဝင်ရောက်တိုက်ခိုက်တာမျိုးလည်း ရှိခဲ့ဖူးပါတယ်။

လောက်ကိုင်မြို့ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အကာအကွယ်နဲ့ လုပ်နေကြတယ်လို့ အဲ့ဒီမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ကုမ္ပဏီအဝင်ဂိတ်မှာ ပြည်သူ့စစ်တွေ၊ အစောင့်တွေ အများကြီးချထားတယ်၊ အထဲကို အပြင်က ဝင်လို့ မရဘူး။ အထဲကနေ လာခေါ်မှ စစ်ဆေးရေးလုပ်ပြီး ဝင်လို့ရတာ” လို့ လောက်ကိုင်က ကျားဖြန့်လုပ်ငန်းတစ်ခုကနေ ထွက်ပြေးလာခဲ့သူ အသက် ၂၈ နှစ်အရွယ် မယွန်းဝတီ* က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

မယွန်းဝတီ လောက်ကိုင်ကို ရောက်ချိန်ဟာ စက်တင်ဘာ ၁၀ ကဖြစ်ပြီး ဒီရက်ထဲမှာပဲ ‘ဝ’ ပြည်နဲ့ မူဆယ်မှာ ဖမ်းဆီးမှုတွေ ကြမ်းနေခဲ့တာပါ။ ဒါပေမဲ့ လောက်ကိုင်မှာတော့ ဘာမှ ထူးထူးခြားခြား ရှိတာ မတွေ့ရပါဘူး။

ကျားဖြန့်ကုမ္ပဏီ အဆောက်အဦးဟာ ကုမ္ပဏီနာမည် တပ်မထားသလို အပြင်ကနေကြည့်ရင် အတွင်းကိုလည်း မမြင်ရပါဘူး။ အဝင်ဝမှာ သေနတ်ကိုင်ထားတဲ့ ယူနီဖောင်းဝတ်တချို့နဲ့ အရပ်ဝတ်တချို့ စုစုပေါင်း လုံခြုံရေး ၁၀ ယောက်လောက် ရှိပါတယ်။ ဒီထဲက ယူနီဖောင်းဝတ်တချို့ရဲ့ လက်မောင်းတံဆိပ်မှာတော့ ‘ကိုးကန့်ရဲတပ်ဖွဲ့’ လို့ ရေးသားထားတာကို မြင်တွေ့ခဲ့ရတယ်လို့ မယွန်းဝတီက ဆိုပါတယ်။

အဆောက်အဦးကို အပြင်ကနေ ကြည့်ရင် မီးမရှိတဲ့ အဆောက်အဦးတစ်ခုလိုပါပဲ။ ဒါပေမဲ့ အတွင်းကိုဝင်လိုက်ပြီးချိန်မှာတော့ “တကယ့်ကို နိုင်ငံခြားက အတိုင်းပဲ၊ မီးတွေ လင်းထိန်နေတာပဲ” လို့ မယွန်းဝတီက သူ့မြင်တွေ့ခဲ့ရတာကို ပြန်ပြောပြပါတယ်။

တကယ်တော့ ကုမ္ပဏီဆိုပေမဲ့ အဝင်ဝမှာ ဧည့်ကြိုခန်းမလည်း မရှိ၊ ဆံပင်ညှပ်တဲ့နေရာတွေ၊ ထမင်းစားခန်းတွေ စတဲ့ လိုင်းခန်းလိုအခန်းမျိုးတွေ အများကြီးကို ကွေ့ပတ်ကျော်ခွပြီးမှ အတွင်းဘက်ကို ရောက်တာပါ။ ပြီးတော့မှ အနောက်ဘက်ကိုရောက်၊ အဲ့ဒီကနေ ဓာတ်လှေကားနဲ့ အပေါ်ကိုထပ်တက်ရပါတယ်။

တခြားလူတွေလိုမျိုး အွန်လိုင်းကြော်ငြာတွေကနေတစ်ဆင့် လာခဲ့တာမဟုတ်ဘဲ ယုံကြည်လေးစားရတဲ့ မိတ်ဆွေတဦးက အာမခံပြီးခေါ်တာကြောင့် မယွန်းဝတီ ဒီကိုရောက်လာခဲ့တာပါ။ အဲ့ဒီမိတ်ဆွေကလည်း ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။

နေ၊ စား စရိတ်အငြိမ်း တစ်လကို ကျပ်သိန်း ၃၀ လောက်ရမယ်ဆိုတာနဲ့ မယွန်းဝတီတယောက် ရန်ကုန်က လုပ်နေဆဲအလုပ်တွေ အကုန်လုံးထားခဲ့ပြီး ထွက်ခဲ့တာပါ။ ဒါပေမဲ့ သူထင်ထားသလို နည်းပညာကုမ္ပဏီမဟုတ်တာကို ရောက်တဲ့နေ့မှာပဲ သိရပါတော့တယ်။

ဓာတ်လှေကားနဲ့ ၃ လွှာကို တက်ပြီးတော့ အဲ့ဒီမှာ သူ့ကို အာမခံခေါ်တဲ့ မိတ်ဆွေနဲ့ တွေ့ခဲ့ပါတယ်။ အဲ့ဒီကနေ အလုပ်သမားခေါင်းနဲ့ တွေ့ရပြီး အရင်က ဘာတွေလုပ်ခဲ့ဖူးသလဲဆိုတာ မေးမြန်းပါတယ်။ အသက် ၄၅ ဝန်းကျင် အလုပ်သမားခေါင်းဆိုသူက တရုတ်လူမျိုးဖြစ်ပြီး ဘေးနားမှာ တရုတ်-မြန်မာ စကားပြန် တယောက်လည်း ရှိပါတယ်။

အင်တာနက်ကနေ ငွေကြေးလိမ်လည်ရတဲ့ ကျားဖြန့်လုပ်ငန်းဖြစ်တဲ့အကြောင်း အလုပ်သမားခေါင်းက စကားပြန်ကနေတစ်ဆင့် ရှင်းပြပါတယ်။ အင်ဒိုနီးရှား၊ ဖိလင်ပိုင်နဲ့ လာအို နိုင်ငံမှာနေထိုင်သူတွေကို အဓိကလိမ်လည်တာလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အင်ဒိုနီးရှားနိုင်ငံကို ပစ်မှတ်ထားနေတဲ့အကြောင်း အလုပ်သမားခေါင်းက မယွန်းဝတီကို ရှင်းပြပါတယ်။

အဲ့ဒီနောက် iPhone 11 ဒါမှမဟုတ် iPhone 10 နှစ်လုံးနဲ့ Desktop ကွန်ပျူတာတစ်လုံး ချပေးတယ်။ အလုပ်ကတော့ ရှင်းပါတယ်။ တရက်မှာ Instagram အကောင့်တု ၁၁ ခု ဖွင့်၊ မိန်းကလေးပုံတွေတင်ပြီး အကောင့်တစ်ခုမှာ ပို့အခု ၃၀ တင်ရပါတယ်။ အဲ့ဒီကနေ သားကောင်လိုက်ရှာရတာ ဖြစ်ပါတယ်။

ဒီကနေ နောက်ထပ် အဖွဲ့တစ်ခုက အဲ့ဒီသားကောင်တွေကို Application ဒေါင်းလုပ် လုပ်ခိုင်းတာ၊ လိင်အသားပေးပုံတွေ ပို့ပြီး ရင်းနှီးအောင် ငွေတောင်းတာ၊ ဘဏ်အကောင့်တွေ တောင်းတာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်တာ ဖြစ်ပါတယ်။

ဒီအဆောက်အဦးကို အပြင်ကကြည့်ရင် ၆ ထပ်တိုက်လို့ ထင်ရပေမဲ့ အတွင်းက ဓာတ်လှေကားမှာတော့ နံပါတ် ၁၀ ထိရှိပါတယ်။ ဒါ့အပြင် အလွှာတစ်ခုမှာ လူပေါင်း ၇၀၀ ကနေ ၈၀၀ ကနေ ကြားအလုပ်လုပ်နေတယ်လို့ မယွန်းဝတီက ယူဆတယ်။

ဒီတိုက်ခန်းတွေထဲမှာ “နိုင်ငံခြားသားတွေချည်းပဲ၊ တရုတ်တွေချည်းပဲလည်း တွေ့ရတယ်။ ရုရှားနိုင်ငံသားတွေလို့ ထင်တယ်၊ အုပ်စုလိုက်၊ မှန်ခန်းတွေထဲမှာ။ သူတို့နေရတာက အခန်းကောင်းကောင်း ဟိုတယ်တွေလိုမျိုးမှာ ထားတာ တွေ့တယ်” လို့ သူက ဆိုတယ်။

သူ့ကိုကွန်ပျူတာပေးတဲ့နေရာနားမှာတော့ တခြားမြန်မာလူမျိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ယောက်ျားလေး အများစု တွေ့ရပြီး တချို့က မျက်တွင်းဟောက်ပက်၊ ပိန်လှီဖျော့တော့ နေတာမျိုးပါ။ ဒီလုပ်ငန်းမှာ ပိတ်ရက်မရှိပါဘူး။ တချို့ ကံကောင်းရင် တနှစ်မှာ တစ်ကြိမ် အိမ်ကိုပြန်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

အလုပ်ထွက်ဖို့လည်း မလွယ်ပါဘူး။ ဒီအလုပ်ကနေ ထွက်ချင်ရင် ကိုယ့်နေရာကို အစားထိုးဖို့ နောက်တယောက် ထပ်ရှာပြီး အလုပ်သွင်းပေးရပါတယ်။ တကယ်တော့ မယွန်းဝတီကို သူယုံကြည်ရတဲ့ မိတ်ဆွေက အစားထိုးဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ထွက်ပြေးဖို့ကလည်း တော်ရုံ မဖြစ်နိုင်ပါဘူး။ အပြင်လူ အတွင်းမဝင်ရ၊ အတွင်းလူ အပြင်မထွက်ရ။ သေနတ်ကိုင် လုံခြုံရေးအပြည့်။

မယွန်းဝတီ ရောက်ရှိခဲ့သည့် ကျားဖြန့် လုပ်ငန်းအဆောက်အဦး

အဲ့ဒီကနေ သူနေရမဲ့အခန်းထဲကို ရောက်တော့ ရှုပ်ပွနေတဲ့အခန်းထဲမှာ အိမ်သာနံ့က လှောင်ပိတ်နေပါတယ်။ ၁၅ ပေ ပတ်လည်လို့ ထင်ရတဲ့ အခန်းထဲမှာ နံရံကပ် နှစ်ထပ်ကုတင် ၆ လုံးရှိပါတယ်။ လူ ၁၂ ယောက်နေရတာပါ။ လူ ၁၂ ယောက်အတွက် ရေချိုးခန်းနဲ့ အိမ်သာက တစ်ခန်းတည်းရှိပါတယ်။

အဲ့ဒီမှာ ရှမ်းပြည်နယ်ကနေ ရောက်နေကြတဲ့ မိန်းကလေးတချို့၊ နေပြည်တော်၊ ရန်ကုန်ဘက်က ရောက်နေကြသူတွေလည်း တွေ့ခဲ့ရပါတယ်။ အများစုဟာ ဘာအလုပ်မှန်း မသိဘဲ ရောက်လာကြပြီး ဒီကိုရောက်တော့မှ အွန်လိုင်းလူလိမ်လုပ်ငန်းမှန်း သိကြရသူတွေပါ။

မယွန်းဝတီအတွက် ဒီကိုရောက်တာ ၂၄ နာရီမပြည့်သေးပေမဲ့ ဒီအလုပ်ကို လုံးဝ မလုပ်နိုင်ဘူးဆိုတာ သေချာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ ဘယ်လိုပြန်ထွက်ရမယ်ဆိုတာ သူ မသိပါဘူး။ ဒီအလုပ်မှာ အလုပ်အတွက် သတ်မှတ်ချက်မပြည့်ရင် ထိုင်ထလုပ်ခိုင်းတာ၊ ပါးရိုက်ခံရတာတွေကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်၊ မကြားချင်မှအဆုံးပါ။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေလည်း အများကြီး။ ထွက်ပြေးလို့ ပြန်ဖမ်းမိရင် အခန်းထဲ လှောင်ပိတ်ထား၊ ရိုက်နှက်တတ်တာလည်း ရှိတယ်လို့ မယွန်းဝတီ ကြားခဲ့ရပါတယ်။

တကယ်တော့ ဒီရက်ပိုင်းမှာ ‘ဝ’ နဲ့ မူဆယ်နဲ့ ဖမ်းဆီးမှုတွေ တောက်လျှောက်ရှိနေချိန်ပါ။ တရုတ်စကားပြန်ကတော့ “ဘာမှ မကြောက်နဲ့၊ (မြန်မာ) စစ်တပ်ကော၊ (ကိုးကန့်) ပြည်သူ့စစ်တွေကိုရော အခွန်ပေးထားတယ်ပေါ့၊ အဖမ်းမခံရဘူး။ ဘာမှ မစိုးရိမ်နဲ့ပေါ့၊ အဲ့လိုပြောတယ်” လို့ သူက ဆိုတယ်။

ဒါပေမဲ့ သူထွက်ပြေးမှ ရတော့မှာပါ။ အဝတ်အစားထုပ်တွေ အကုန်ယူထားပေမဲ့ သူ့ဆီမှာ ဖုန်းတော့ ကျန်ပါသေးတယ်။ ဒါနဲ့ သူ့ကိုခေါ်ခဲ့တဲ့ ဟိုးအရင်ကတည်းက လေးစားရသူ မိတ်ဆွေကို လှမ်းပြောပြီး အတူပြန်ကြမယ်လို့ တိုင်ပင်ပေမဲ့ သူ့မိတ်ဆွေအမျိုးသားကတော့ မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် မပြန်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါတွေဖြစ်နေချိန်ဟာ ဒီကျားဖြန့်လုပ်ငန်းကိုရောက်ပြီး တရက်တည်းမှာ ဖြစ်နေတာတွေပါ။ မနက်ပိုင်းမှာတော့ သူ့မိတ်ဆွေအမျိုးသားက ဖုံးပိတ်လိုက်ပြီး အကြောင်းမပြန်တော့ပါဘူး။ ကြံရာမရတဲ့အဆုံး ရန်ကုန်မှာကျန်ခဲ့တဲ့ သူငယ်ချင်းတယောက်ဆီကို အသံမက်ဆေ့ပို့ပြီး အကူညီတောင်းကြည့်ပါတယ်။ သူ့သူငယ်ချင်းကနေ တစ်ဆင့် လောက်ကိုင်မှာရှိတဲ့ စစ်တပ်ထဲက ဗိုလ်ကြီးတစ်ဦး Viber ကနေ ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။

“ကျမ က ဒီအဖွဲ့ (ကျားဖြန့်ကုမ္ပဏီ) မှာပေါ့။ သူ (ဗိုလ်ကြီး) က သူတို့မကြားဖူးဘူးလို့ပြောတယ်။ သူတို့ဆီမှာ မှတ်ပုံတင်ထားတာ မရှိဘူးလို့ပြောတယ်။ အဲ့ဒီကုမ္ပဏီကိုလည်း သူတို့ မသိဘူးလို့ ပြောတယ်” လို့ မယွန်းဝတီက ဆိုပါတယ်။

အဲ့ဒါနဲ့ သူလည်း ကိုအော်ဒီနိတ်အညွှန်းပါအောင်ရိုက်လို့ရတဲ့ Application နဲ့ သူ့မျက်နှာပါအောင် ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပါတယ်။ ပြီးတော့ နာရီဝက်အတွင်း လာခေါ်ပေးဖို့ တောင်းဆိုရပါတယ်။ အဲ့ဒီနောက် မိနစ် ၂၀ လောက်ကြာချိန်မှာ သူ့ကိုလိမ်ခေါ်ခဲ့တဲ့ မိတ်ဆွေနဲ့ တရုတ်စကားပြန်တို့က သူ့ကို လာခေါ်ပါတယ်။

တရုတ်လူမျိုး ၇ ဦးတွေ့ရပြီး ယူနီဖောင်းနဲ့ ကိုးကန့်ပြည်သူရဲ ၃ ဦးက သူ့ကို အခန်းတစ်ခုထဲ ခေါ်သွားပါတယ်။ အဲ့ဒီမှာ ဒေါသထွက်နေတဲ့ တရုတ်လူမျိုးတဦးက စကားပြန်ကနေတဆင့် သူ့ကို ဆူဆဲပါတော့တယ်။

“ငါ့တို့ဆီမှာ လုပ်ရင် ပြန်လို့မရဘူးဆိုတာ မသိဘူးလား” လို့ သူက အော်ပြောတယ်လို့ မယွန်းဝတီက ဆိုတယ်။ နောက်ဆုံးတော့ သူ့ကို နံရံမှာကပ်ခိုင်းပြီး တရားခံတွေကို ဓာတ်ပုံရိုက်သလိုမျိုး လုပ်ခိုင်းပါတယ်။ သူက အကြောက်အကန်ငြင်းပါတယ်။ ကိုးကန့်ရဲတဦးက သူ့လက်ကိုနောက်ပြန်လိမ်ထားပြီး ဖုန်းကိုလုယူပါတယ်။

အဲ့ဒီလို ဝရုန်းသုန်းကားဖြစ်နေချိန်မှာပဲ သူအကူညီတောင်းထားသူက အောက်မှာ ရောက်လာပုံရပါတယ်။ သူတို့ဘာမှ ဆက်မလုပ်ကြတော့ဘဲ ရပ်လိုက်ကြတယ်။ ကံကောင်းစွာနဲ့ သူလည်း ဓာတ်ပုံအရိုက်မခံလိုက်ရပါဘူး။

အဲ့ဒီနောက် “ကိုးကန့်ရဲတပ်ဖွဲ့ကတယောက်က (ကုမ္ပဏီထဲကို) လာခေါ်တယ်။ (မြန်မာစစ်တပ်) ကတော့ မဝင်ဘူး အထဲကို” လို့ မယွန်းဝတီက ဆိုတယ်။ အဲ့ဒီကုမ္ပဏီဝင်းထဲနေ အပြင်ထွက်လာပြီး ခပ်လှမ်းလှမ်းရောက်တော့မှ ဗိုလ်ကြီးလို့ ယူဆရသူက သူ့ကားနဲ့လာခေါ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေ ကားငှားပြီး ညတွင်းချင်း လောက်ကိုင်ကနေ လားရှိုးကိုပြန်ဆင်းခဲ့ပါတယ်။

တရုတ် မြန်မာနယ်စပ်က လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာ အာဏာသိမ်းစစ်တပ်နဲ့ တရုတ်အစိုးရတို့ကြား သဘောတူညီမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီလ အစောပိုင်း ဖမ်းဆီးမှုတွေကိုလည်း တရုတ်အစိုးရ နိုင်ငံတော်အဆင့် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှုတွေ လုပ်ခဲ့တာပါ။

လောက်ကိုင်မြို့မှာ အလုပ်လုပ်နေသူ ၄ ဦးနဲ့ဆက်သွယ်ပြောဆိုချက်အရ လောက်ကိုင်မြို့ထဲမှာ ဒီလို ကျားဖြန့်လုပ်ငန်းတွေ နေရာတိုင်းနီးပါးရှိတယ်လို့ဆိုပါတယ်။ ‘ဝ’ ပြည်နယ်နဲ့ မူဆယ်တို့မှာ ဖမ်းဆီးမှုတွေ တောက်လျှောက်ရှိခဲ့ပေမဲ့ လောက်ကိုင်မှာတော့ ဖမ်းဆီးတဲ့အသံ မကြားရဘူးလို့ ဒီမှာ အလုပ်လုပ်နေသူတွေက ဆိုကြပါတယ်။

“လူကုန်ကူးတယ်ဆိုတာ ဒီနေ့ခေတ်မှာ တော်တော်များများက ရောင်းစားလိုက်တာတို့၊ လူကိုပေးပြီး ပိုက်ဆံယူလိုက်တာလို့ ထင်ကြတာပေါ့။ တကယ်တမ်းတော့ လူရှာပေးတယ်၊ သူလုပ်ချင်ချင် မလုပ်ချင်ချင် ခေါ်လာပြီး မဖြစ်မနေ လုပ်ရမယ်ဆိုတာမျိုး။ အဲ့ဒီကနေလည်း (ခေါ်ပေးတဲ့လူက) ကော်မရှင်ရတယ်၊ လစာတိုးတယ်ပေါ့၊ ပြီးတော့ အဲ့ဒီမှာ ပြောကြတာက လူသစ်တယောက်ခေါ်ပေးရင် တလကို တရုတ်ငွေ ယွမ် တစ်ထောင် ပြန်ရတယ်ပေါ့”

မယွန်းဝတီကတော့ သူ လူကုန်ကူးခံခဲ့ရတာပဲလို့ ဆိုပါတယ်။
◼︎

မယွန်းဝတီ — သတင်းရင်းမြစ်၏ လုံခြုံရေးကြောင့် နာမည်လွှဲ၍ အသုံးပြုထားသည်။

You can treat me a cup of coffee.

wave

Press ESC to close