မြောက်ဦးမြို့က လက္ကာရွာနဲ့ စစ်ကောင်စီဝင် ရခိုင်သားများ

 
လက်ရှိ မင်းအောင်လှိုင် စစ်ကောင်စီလက်ထက်မှာ နိုင်ငံတော် ကောင်စီဝင်ဖြစ်နေတဲ့ ရခိုင်လူမျိုးတစ်ဦး နာမည်က ဒေါ်အေးနုစိန်လို့ ခေါ်ပါတယ်။ ရခိုင့်နိုင်ငံရေးနဲ့ အနည်းငယ် အလှမ်းဝေးသူတွေအနေနဲ့ ရုတ်တရက် ဒီနာမည်ကို ရင်းနှီးမယ် မထင်ပါ။
 
ဗမာနိုင်ငံရေးထဲ နာမည်ကြီးတဲ့ ဒေါက်တာအေးမောင်တို့နဲ့အတူ ၂၀၁၅ ကာလတွေက မီဒီယာစာမျက်နှာတွေမှာ ရခိုင်အမျိုးသားပါတီ (ANP) နာမည်နဲ့ ပူးတွဲနာမည်ကြီးခဲ့တဲ့အထဲ ဒေါ်အေးနုစိန်လည်း ပါပါတယ်။ သူက ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ ခုတော့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတော်အဆင့် ကောင်စီဝင် တစ်ဦး။
 
နောက်တစ်ဦးကတော့ အာဏာမသိမ်းခင်က ပရဟိတ လုပ်ငန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ စစ်တွေမြို့က ဦးသန်းထွန်း (ခေါ်) ဆရာကျား။ သူလည်း မီဒီယာ မင်းသားပါပဲ။ လက်ရှိမှာတော့ အာဏာရှင်လက်အောက်က ပြည်နယ်ကောင်စီဝင် ဆရာကျား။
 
တစ်ခါတုန်းက ဒေါ်အေးနုစိန် ပြောခဲ့ဖူးတာ တစ်ခုရှိပါတယ်။
 
ရခိုင်ကို မင်းအောင်လှိုင်စစ်တပ် ဝင်လာပြီး နောက်ပိုင်း ရခိုင်ရွာတွေကို စစ်ကြောင်းထိုးတော့ ရွာသားတွေကို မေးတယ်၊ “ဟေ့ကောင် မင်း ခြေထောက်မှာလဲ ရွှံ့တွေနဲ့၊ ဘယ်သွားခဲ့တာလဲ ပြောစမ်း” မေးရင် ရခိုင်ရွာသားက “ဗုံး ထောင်သွားချေတယ်” လို့ ပြောတယ်။ “ဗုံး သွားထောင်ခဲ့တယ်” ပေါ့။
 
ငါးတို့၊ ပုဇွန်တို့ မြှုံးထောင်တာ၊ ဖမ်းတာကို ရခိုင်မှာ ဗုံးထောင်တယ် ခေါ်ပါတယ်။ ပုံး လို့ ပေါင်းနိုင်မယ်ထင်ပါတယ်။ အသံထွက်ကတော့ ဗုံး။ ရခိုင်မှာ ကုလားအိုးလို့ခေါ်တဲ့ ရေခပ်တဲ့ဒန်အိုးတွေလိုမျိုး လည်ပင်းကျဉ်း ကိုယ်ထည်ကြီးပုံစံ နှီးနဲ့ရက်လုပ်ထားတဲ့ ငါးဖမ်းကိရိယာပေါ့။ မြှုံး သဘောမျိုး။
 
ဗမာစစ်သား နားလည်အောင် ပုံးကို မြှုံးလို့လည်း မခေါ်တတ်၊ ဗမာလိုလည်း ကောင်းကောင်း မရ။ သူပြောတတ်တာ “ဗုံး သွားထောင်တယ်” ပဲ။ အဲ့ဒီမှာ စစ်သားက “ကြာတယ်ကွာ။ ဗုံးသွားထောင်တယ် ပြောတဲ့ကောင် ဖမ်း” ဆိုပြီး ဖမ်းခံရသတဲ့။
 
ဒေါ်အေးနုစိန်က သူကိုယ်တိုင်လည်း ရှေ့နေဆိုတော့ ဒီလိုအမှုသည်မျိုး သူကြုံဖူးပါသတဲ့။ ဗမာစစ်တပ်က ဘယ်လောက်ဆိုးရွားသလဲဆိုရင် ငါးသွားထောင်၊ ငါးသွားဖမ်းတဲ့လူကိုတောင် ဗုံးထောင်တယ်ဆိုပြီး ဖောက်ခွဲရေးပုဒ်မတပ်ပြီး ဖမ်းခံရသတဲ့။
 
လက်ရှိ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကောင်စီထဲမှာ နိုင်ငံတော်အဆင့် ပါဝင်နေတာက အဲ့ဒီလို ရခိုင်လူမျိုးတွေ မင်းအောင်လှိုင် စစ်တပ်က နှိပ်စက်ခဲ့တဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင်သိနေသူ ဒေါ်အေးနုစိန်ပါပဲ။
 
ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့အနောက်ဘက် ကင်းဆိပ်ရွာမှာ မနေ့က လက်နက်ကြီးကျလို့ ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၅ နှစ်အရွယ်ကလေးတို့ သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကင်းဆိပ်ရွာဆိုတာ ဟိုးအရင် ၂၀၁၉၊ ၂၀ ကာလက နာမည်ကြီး လက္ကာရွာနဲ့ ခပ်လှမ်းလှမ်းကရွာ။ အဲ့ဒီနားက ထမ္မရာဇ်ရွာတို့ဆိုတာ အဲ့ဒီကာလ အေအေနဲ့ မင်းအောင်လှိုင်တပ်တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ချိန်က ရွာလုံးကျွတ်ပြေးခဲ့ရတဲ့ ရွာတွေ။ မြောက်ဦးမြို့ထဲကထွက်လာရင် ရွာစဉ်အလိုက် အိမ်တွေဟောင်းလောင်း၊ ခြောက်ကပ်။
 
အနီးနားက ပီပင်ရင်းဆိုတဲ့ရွာမှာ ဘုန်းတော်ကြီးကျောင်းရှိပါတယ်။ အဲ့ဒီဘုန်းကြီးကျောင်းထဲ လက္ကာနဲ့ ထမ္မရာဇ်ရွာတွေကလူတွေ ဒုက္ခသည်အဖြစ် ခိုနေခဲ့ကြရတယ်။ ပီပင်ရင်းရွာကနေ လက္ကာရွာကို ဆိုင်ကယ်နဲ့ဆို အလွန်ဆုံးမှ မိနစ် ၂၀ လောက်ပဲရှိလိမ့်မယ်။ အဲ့ဒီလောက်အကွာအဝေးကို ရွာသားတွေဟာ မပြန်ရဲကြဘဲ ဒုက္ခသည်အဖြစ်နေခဲ့ကြရတယ်။
 
၂၀၁၉ နှစ်ကုန်ပိုင်း နိုဝင်ဘာတုန်းက ကျနော် လက္ကာရွာရောက်တော့ တစ်ရွာလုံးက အိမ်ကြီးအိမ်ကောင်းတွေ မီးရှို့ခံထားရတာ။ လောလောဆယ် စစ်ကိုင်းက ရွာတွေမှာ အိမ်ကြီးအိမ်ကောင်းတွေ မီးရှို့ခံထားရတာနဲ့ ဆင်တူပါပဲ။ ရွာလယ်ခေါင် လက်နက်ကြီးကျလို့ မြေကြီးပွင့်ထွက်နေတာ ကျွဲနှစ်ကောင် အိပ်စာလောက် ရှိပါတယ်။ တချို့အိမ်တွေမှာ ကျည်ဆန်ရာ၊ ဗုံးရာ ဗရပွ။ စာသင်ကျောင်းထဲ ၆၀ မမ၊ ၈၀ မမ အခွံတွေ ပြန့်ကျဲ၊ တရွာလုံး ကျည်ခွံတွေ အနှံ့။
 
ဒီလက္ကာရွာမှာ ခုလောလောဆယ် အေအေနဲ့ မင်းအောင်လှိုင်စစ်တပ်တို့ နောက်တစ်ကြိမ် တိုက်ပွဲဖြစ်နေတာပါ။ လက္ကာရွာဟာ မှတ်တမ်းတင်ရမယ့်အထဲ ပါပါတယ်။ ရခိုင်မှာ တနေရာတည်း လူအများဆုံး ဖမ်းခံရတာ ဒီရွာမှာပါ။
 
ရခိုင်မှာ အေအေနဲ့ ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၃၆၂ ဦးရှိခဲ့တာမှာ လက္ကာ တစ်ရွာတည်း ၂၇ ဦးရှိခဲ့ပါတယ်။ ၂၀၁၉ တုန်းကတည်းက ဖမ်းခံခဲ့ရပြီး အဲ့ဒီထဲက ၃ ဦး စစ်ကြောရေးမှာ သေသွားခဲ့တယ်။ အရင် အစိုးရလက်ထက်ဖြစ်လို့ စစ်ကြောရေးမှာ သေသွားခဲ့တဲ့ကိစ္စ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါ။ ပီပင်ရင်း စစ်ရှောင်စခန်းမှာ ဒီ ဖမ်းဆီးခံ မိသားစုဝင်တွေနဲ့ ကျနော် စကားတွေ အများကြီး ပြောခဲ့ပါတယ်။
 
သူတို့ကို တပ်ထားတဲ့ပုဒ်မတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ လက်နက်မှု။ ၂၀၁၉ ခုနှစ်တုန်းက ထောင်ချုပ်နဲ့အမှုရင်ဆိုင်ခဲ့ရပြီး ၃ နှစ်အကြာ အာဏာရှင် မင်းအောင်လှိုင်လက်ထက် ဒီနှစ် ၂၀၂၂ ဖေဖော်ဝါရီမှာ ပြန်လွတ်လာခဲ့ပါတယ်။
 
အမှုရင်ဆိုင်နေကြရစဉ်က ထောင်ချုပ်ကျနေသူရဲ့ အမျိုးသမီးတစ်ဦးနဲ့ ပီပင်ရင်း ဒုက္ခသည်စခန်းထဲ တွေ့တော့ မြောက်ဦးကနေ စစ်တွေကို သွားဖို့ ကားခ မတတ်နိုင်တော့လို့ မိသားစုရဲ့ နောက်ဆုံးပိုင်ဆိုင်မှု နားကပ်ကို သွားပေါင်ထားရတဲ့အကြောင်း ကြားခဲ့ရတယ်။
 
နောက်ဆုံး အပြစ်ရှိကြောင်းလည်း ဆုံးဖြတ်ချက်မချနိုင်၊ ဘာမှ မသိရဘဲ ‘ပြန်လွတ်’ လာခဲ့တယ်။ ပြန်လွတ်လာပြီး ခု ၆ လအကြာမှာ သူတို့ရွာမှာ တိုက်ပွဲထပ်ဖြစ်ပါတယ်။ ဒီရွာမှာ ဖမ်းခံရ၊ ၃ နှစ်ကျော်ကြာ အချုပ်ထဲနေ၊ ပြန်လွတ်လာ၊ ဒီရွာမှာထပ်ပြီး တိုက်ပွဲဖြစ်၊ ဟော ခု ထပ်ပြီး ဒုက္ခသည်ဖြစ်။ ဒီလူတွေရဲ့ ဒုက္ခ သံသရာလည်ပုံ။
 
စစ်ဘေးရှောင်စခန်းထဲက အမျိုးသမီးကြီးတစ်ဦးကတော့ “ရခိုင်ပြည် လွတ်လပ်ရေးရမှ အိမ်ပြန်မယ်” လို့ အင်တာဗျူးဖြေခဲ့တာ မှတ်မိပါတယ်။ ၂၀၁၉ က ဖြေခဲ့တာ ဖြစ်လို့ ကြားမှာ ၂၀၂၀/၂၁ တိုက်ပွဲတွေရပ်သွားတော့ လက္ကာရွာသားတွေ အိမ်ပြန်နိုင်ကြပြီကြားရလို့ ဝမ်းသာခဲ့ရပါတယ်။ ခုတော့ လွတ်လပ်ရေးရမှ အိမ်ပြန်မယ့် အဒေါ်တို့ နောက်တစ်ကြိမ် ဒုက္ခသည် ပြန်ဖြစ်ပြီး ပြေးကြရလောက်ပြီ။
 
ဟိုးအရင်က စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိတိုင်း ပြေးလွှား လှူနေကျ၊ “မင်းတို့ ဗမာစစ်တပ်က” လို့ အစချီပြီး တချိန်က ပြောလေ့ရှိတဲ့ လက်ရှိ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်း (ဆရာကျား) တစ်ယောက် ဘယ်တွေများ ရောက်နေသလဲ သိချင်မိ။
 
တချိန်က ငါးပုံးထောင်လို့ စစ်တပ်က ဖမ်းဆီးတာ ခံရသူတွေအတွက် စာနာခဲ့သူ၊ အမှုလိုက်ခဲ့သူ ရှေ့နေ၊ လက်ရှိ နိုင်ငံတော်ကောင်စီဝင် ဒေါ်အေးနုစိန် တစ်ယောက် ခုနေ လူသတ်ဗုံးကို လက်နဲ့ကိုင်ပစ်ပြီး သတ်ဖြတ်နေသူ အာဏာရှင်ရဲ့ လက်ပါးစေ ဖြစ်နေတာ ကိုယ့်ဘာသာ ပြန်သတိထားမိပါလေစ...။

You can treat me a cup of coffee.

wave

Press ESC to close