မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၂၈ သန်းရှိတယ်။ အတိအကျဆိုရင် ၂၈, ၇၈၀, ၀၀၀ ဦးရေရှိတယ်။ အစွန်းထွက်တော့ ရှိမယ်ပေါ့လေ။ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်းလို့ အကြမ်းဖျဉ်းတွက်ပါတယ်။
တစ်လောက သတင်းတစ်ပုဒ်ကို မျှဝေတဲ့ တစ်ယောက်က ဘာရေးထားလဲဆိုတော့ "ငါ ၈ မိုင်မှာနေတာ ကြာပြီ၊ တိုင်းစစ်ဌာချုပ် ငါ့အနားရှိတာခုမှ သိတယ်" တဲ့။
၂၀၁၄-၁၅ ခုနှစ်တုန်းက Facebook မှာ ရတဲ့ Like နဲ့ Share အရည်အတွက်ကို လိုက်ပြီး MPT, Telenor နဲ့ Ooredoo တို့က ဆုပေးခဲ့ဖူးတယ်။ ဓာတ်ပုံဘောင်လေးကိုင်ပြီး ရိုက်၊ အဲ့ပုံကို တင်ပေါ့။ အဲ့ဒီလိုပွဲတိုင်းမှာ ပထမဆုရတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ နာမည်က နှင်းဟေမာန်စိုး။ နောက်ပိုင်း ပွဲတွေမှာ ဝင်ပြိုင်ခွင့်တောင် ကန့်သတ်ခံရတယ်။
'ချစ်တို့ရေ... စားပြီးပြီလား' လို့ ရေးပြီး မျက်နှာတစ်ခုပဲ ကွက်တင်တာ Like 56K ရှိခဲ့တယ်။ ၂၀၁၄-၁၅ မှာ Like 30K ဆိုရင်တောင် ဒါ အလွန့်အလွန်များတဲ့ ပမဏလို့ ပြောရမယ်။ အဲ့ဒီကာလက အဆိုတော် စိုင်းစိုင်းခမ်းလှိုင် တောင်မှ သူ့လောက် Like မများဘူး။ ဒါနဲ့သူ့အကောင့်ထဲသွားကြည့်တော့ ဓာတ်ပုံအားလုံး ခပ်ဆင်ဆင်တွေပဲ။ ဒါပေမယ့် Like တွေက 20K အောက်က မဆင်းဘူး။
သူ့ဓာတ်ပုံတွေက ဘာမှ ထွေထူးမဟုတ်၊ ဒီတိုင်း နယ်မြို့က မိန်းကလေးငယ်တစ်ယောက် သနပ်ခါးပါးကွက်ကြားနဲ့ အိမ်နေရင်း၊ အလှူသွားရင်း၊ မင်္ဂလာဆောင်သွားရင်း ဆယ်ဖီရိုက်တင်တာပဲ။ အဲ့ဒီကာလက Facebook မှာ Engagment အများဆုံးက သူပဲ။ သူ့အကောင့်ကို ပထမဆုံး စတွေ့ချိန်မှာ 'ဟင် ဒါမျိုးလည်း ရှိတာပဲလား' ဆိုပြီး အံ့သြမင်သက်ရတယ်။
ဆိုရှယ်မီဒီယာပေါ် ကျနော်တို့သိထားတဲ့ အသိက အင်မတန်မှ ကျဉ်းကျဉ်းလေး။ မသိသေးတဲ့ အခြားကမ္ဘာတွေ အများကြီးမှ အများကြီး ရှိနေတာ။ ဒါပေမယ့် ကိုယ့်အကောင့်ထဲ လူ ၃ -၄ ထောင်လောက်ရှိပြီး ကိုယ်တင်တာ လူ ၂၀၀/၃၀၀ လောက်က Share ရင်ကို 'ဟ ငါတော့ နာမည်ကြီးပြီ' 'ငါတင်တာ လူတွေ ဖတ်ကုန်ကြပြီ' ထင်တာကိုး။ Facebook ဝါးလုံးခေါင်း ခေါ်မလား။
ကိုယ်ရေးတာလူတွေဝိုင်းရှဲ၊ Like တွေ စွတ်ပေးကြရင် 'နှင်းဟေမာန်စိုး' ပဲပြေး မြင်မိတယ်။ နာမည်တောင် ပေးခဲ့သေးတယ် 'နှင်းဟေမာန်စိုး သင်ခန်းစာ' လို့။