ဖမ်ဆီးထားသူတွေကို စစ်ကောင်စီ ဘယ်လို အကြပ်ကိုင် ငွေတောင်းသလဲ...?  

ကျွန်တော်က ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ ၄ လလောက်က ဖမ်းဆီးခံခဲ့ရပြီး လှိုင်သာယာက ရဲစခန်းတစ်ခုမှာ ထိန်းသိမ်းခံရပါတယ်။ စစ်ခုံရုံးကနေ အမိန့်ချခံခဲ့ရပြီး အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။ သိပ်မကြာခင်က လွတ်ငြိမ်းမှာ ပြန်ပါလာခဲ့တာပါ။ ဖမ်းဆီးခံရစဥ်နဲ့ ဖြစ်စဉ်အစအဆုံး ကြုံတွေ့ခဲ့ရတာတွေ ပြောပြချင်ပါတယ်။

အဲ့ဒီနေ့က ည သန်းခေါင်မတိုင်ခင်လောက်မှာ ဖမ်းခံရပြီး လှိုင်သာယာက ရဲစခန်းတစ်ခုကို ပို့ခံရပါတယ်။ နောက်တစ်ရက်မှာ အချုပ်ခန်းကနေ ထုတ်ပြီးတော့ မျက်လုံးအ၀တ်နဲ့ပိတ်ပြီး ရိုက်နှက် စစ်ဆေးကြတာ တစ်နေကုန်ပါပဲ။ အဲ့ဒီနောက်မှာ သူတို့ လိုချင်တဲ့အချက်အလက် မရဘူး ထင်ပါတယ်၊ ၅၀၅ (က) နဲ့ အမှုဖွင့်လိုက်တယ်။

အမှုစစ်က စစ်ဆေးတဲ့အချိန်မှာ အမှုကိစ္စထက် မိသားစု စီးပွားရေးအခြေအနေ၊ အလုပ်အကိုင်နဲ့ ကျနော့်လစာကို ထပ် တလဲလဲမေးပါတယ်။ ပြီးတော့ ကျနော့်ဘွဲ့နဲ့ပညာအရည်အချင်းကို သိတော့ ပြောတဲ့လစာက မဖြစ်နိုင်ဘူး၊ ဒီထက် ပိုရနိုင်တယ် မလိမ်နဲ့ ဘာညာနဲ့ခြိမ်းခြောက်ပါတယ်။ 

အဲ့နောက်မှာ မင်းက ဆန္ဒပြပွဲတွေမှာ ပါ၀င်ထားတယ်။ ရန်ကုန်က သပိတ်တစ်ခုမှာ လူအများကြီးနဲ့ နာမည်ကြီးခဲ့တာ၊ မင်း Facebook မှာ ရေးသားထားတာတွေက ၅၀၅ တစ်မှုထဲ မကဘူးဆိုပြီး စ ပြောပါတယ်။

နောက်တစ်ရက်မှာ ထပ်ခေါ်ပြီး အမှု ပေါ့ချင်ရင် လူကြီးတွေကို သိတတ်ရင်ရတယ်၊ သူလုပ်ပေးနိုင်တယ် ကုန်ကျစရိတ်ရှိနိုင်တယ်လို့ အမှုစစ်က ပြောပါတယ်။ တစ်ဆင့်ကို တစ်သိန်းနဲ့ဆိုရင်တောင် ငါးသိန်းလောက်ကုန်နိုင်တယ်ဆိုပြီး ပြောပြီး အိမ်ကိုဖုန်းဆက်ဖို့ ဖုန်းခေါ်ပေးပါတယ်။

သူတို့ပြောစေချင်တဲ့အတိုင်း ပြောရပါတယ်။ ကျွန်တော့်အိမ်ကတော့ ၄ သိန်းပေးလိုက်ရတယ်လို့ ပြန်ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ အိမ်ဖုန်းနံပါတ်ကို သူတို့လူတွေကြားထဲ ဖြန့်လိုက်တယ်ထင်ပါတယ်။ ကျွန်တော်က မှာခိုင်းတယ်ဆိုပြီး ကျနော့်အိမ်ကို ငါးထောင် တစ်သောင်း အကြိမ်ကြိမ်ဖုန်ဆက်တောင်းခဲ့ကြတယ်။ ထမင်းပို့ချိန်တွေမှာ ထမင်းထုပ်နဲ့ ပေးရပါတယ်။ ထမင်းပို့ရင်လဲ လုံခြုံရေးကို ငါးရာ၊ တစ်ထောင်ကတော့ ပုံမှန်ပဲ။

အချုပ်ခန်းထဲမှာ အချုပ်သားတွေစုပြီး ရေ၀ယ်သောက်ရတယ်၊ အမှိုက်ပုံးနေ့စဉ်ပစ်ဖို့ တစ်ရက် ၅၀၀၀ ကို အားလုံးစုပြီး ပေးကြရပါတယ်။ ပိုက်ဆံမပေးရင် အမှိုက်ပုံး လာ မထုတ်သလို ဆူပူဆဲရေးတာ တစ်နေကုန်ခံရတာ။ ကင်းမှူးဆိုတာ အဆိုးဆုံးပဲ။ ပို့သမျှ အစားအသောက်ကလဲ ကင်းသမားအဆင့်ဆင့် ဖြတ်ပြီးမှ အချုပ်ခန်းထဲ ရောက်ပါတယ်။

အချုပ်ခန်းကနေ အင်းစိန် စစ်ခုံရုံးမခေါ်ခင်အထိ အမှုစစ်တွေက မိသားစုနှင့်တွေ့မလားဆိုပြီး အကြိမ်ရေမရေတွက်နိုင်အောင် မေးမြန်းပြီး ထောင်မကျခင် တွေ့ရတုန်း တွေ့ဖို့ တိုက်တွန်းကြပါတယ်။

မိသားစုနဲ့တစ်ကြိမ်တွေ့တိုင်းမှာ ငါးသောင်းလောက် ကုန်ကျစရိတ်ရှိပါတယ်။ အဲ့လိုတွေ့ဖို့ကို အမှုစစ်မယ်ဆိုပြီး အချုပ်ခန်းကထုတ်၊ အမှုစစ် အခန်းမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ပေးတွေ့ပါတယ်။ ရုံးထုတ်ရင်လဲ ရုံးထုတ်ကားခ၊ စစ်ခုံရုံးသွားတဲ့ကားခနဲ့ စာရွက်စာတမ်းစရိတ်အနေနဲ့တစ်သိန်းကျော်လောက် ကုန်ပါတယ်။

ဒါတွေအားလုံးဟာ အမှုစစ်တွေ လုပ်ကြတဲ့ အလုပ်တွေပါပဲ။ သူတို့အားလုံးဟာ နိုင်ငံရေးအမှုတွေရရင် ခွေး အမဲသားတွေ့သလို ပျော်နေကြတာပါ။ ဖမ်းမိတဲ့ဖုန်းတွေထဲက Bank Account တွေရဲ့ Password တွေတောင်းပြီး ငွေလွှဲယူထားတာတွေလဲ ကြုံတွေ့ခဲ့ရပါတယ်။ 

အဲ့ကနေတစ်ဆင့် စစ်ခုံရုံးကနေ အမိန့်ချလိုက်ပါတယ်။ အမိန့်ချပြီးချိန်မှာပဲ ဒုရဲအုပ်တစ်ယောက်က အိမ်နဲ့ ဖုန်းပေးပြောပါတယ်။ နောက်ဆုံးအကြိမ်အနေနဲ့ အိမ်ကို နှုတ်ဆက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတော့တယ်။ 

အိမ်ဖုန်းရသွားပြီး အမိန့် မချရသေးကြောင်း၊ မိသားစု စိတ်ပူမှာစိုးလို့ နှစ်ကိုလျှော့ပြီး လိမ်ပြောတာဖြစ်ကြောင်း အမိန့်မချရသေးကြောင်း၊ နှစ်များနိုင်ကြောင်း အိမ်ကိုပြောပြီး နှစ် မများချင်ရင် လူကြီးတွေကို နှစ်သိန်းလောက်ပေးပြီး ပြောခိုင်းလို့ရကြောင်း ပြောကာ ထပ်မံပြီး အင်းစိန်ထောင်ရှေ့မှာ အိမ်ကိုငွေလာပို့ခိုင်းပါတယ်။

အဲ့ဒီမှာ ရဲစခန်းနဲ့ ကိစ္စပြတ်ပြီး အင်းစိန်ထောင် သပြေ ၁၊ ဆောင် ၂ ကို ရောက်ပါတယ်။ ထောင်ရောက်တဲ့ညမှာပဲ ပုံစံမောင်းတာ ၂ နာရီလောက်ခံရပါတယ်။ အဲ့နောက်မှာ အလုပ်မလုပ်ချင်ရင်၊ ဘေးတန်းမှာ အိပ်ချင်ရင် သာမန်အမှုဆို ၅ သောင်းနဲ့ နိုင်ငံရေးအမှုဆို ၁ သိန်းပေးလို့ရကြောင်း တန်းစီးက ခေါ်ပြောပါတယ်။ ငွေသွင်းဖို့ကို အကစ (အကျဉ်းဦးစီး) ၀န်ထမ်းက တစ်ဆင့် အိမ်ကိုစာရေးပြီး Viber ကနေ ပို့ပေးပါတယ်။ 

အဲ့အတွက် ၀န်ထမ်းကို ၂၀ ရာခိုင်နှုန်း ပေးကြရပါတယ်။ အလုပ်နဲ့ဘေးတန်းအတွက် ဘောင်ချာမဖြတ်ရင် နောက်ရက်မှာ မိလ္လာရေခပ်ခိုင်းတာ၊ အမှိုက်ပုံရှင်းခိုင်းတာတွေ လုပ်ခိုင်းပါတယ်။ ညစဉ် ဘောင်ချာဖြတ်တဲ့သူ၊ တစ်ရက်ကို သုံးလေးယောက်ရှိလို့ တန်းစီး၀င်ငွေက တစ်လကို သိန်းသုံးဆယ်ကျော်ပါမယ်။

အကစ ၀န်ထမ်းတွေက ခိုးသွင်းပေးတဲ့ပိုက်ဆံရှိတဲ့အတွက် အကစ ရံပုံငွေဆိုပြီး မနက်တိုင်း ပလာတာ စမူဆာ လာရောင်းလေ့ရှိပြီး နှစ်ပတ်တစ်ခါလောက်တော့ စစ်ဆေးရေးဆိုပြီး ၀င်လေ့ရှိပါတယ်။

အကျဥ်းသား ငွေမကိုင်ရဆိုပြီး အကုန်သိမ်းပါတယ်။ သိမ်းတဲ့ငွေတွေကို 'ရှာဖွေ' က ၀န်ထမ်းကရပြီး ကျန်တာ အကစ က ခွဲဝေယူကြတယ်လို့ သိရပါတယ်။ အဲ့အချိန်ဆို ရှိတာတွေ ဖွက်ကြရတာပေါ့။

အင်းစိန်ရဲ့ထမင်းကျွေးတာကတော့၊ တနဂ်နွေမနက် ပဲအရည်ကျဲ ည ကြက်ဥသုံးလုံး၊ တနင်္လာမနက် ပဲအရည်ကျဲ ညကြက်ဥနှစ်လုံး၊ အင်္ဂါမနက် ပဲအရည်ကျဲ၊ ည တာလပေါ၊ ဗုဒ္ဓဟူး မနက် ပဲအရည်ကျဲ၊ ည ကြက်သား၊ ကြာသပတေးမနက် ပဲအရည်ကျဲ၊ ည တာလပေါ၊ သောကြာမနက် ပဲအရည်ကျဲ ညငါး၊ စနေမနက် ပဲအရည်ကျဲ ည တာလပေါ။

ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) လာမယ်လို့ သတင်းကြားတဲ့ရက်တွေဆို မနက် ပဲအရည်ပြစ်ပြီး ညဆိုကြက်သားပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ၅၀၅ (က) တွေကိုပြန်လွတ်ပေးတာက နိုင်ငံတကာဖိအားကြောင့်ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နိုင်ငံတကာကို မျက်စိလှည့်နိုင်ဖို့ နောက်ပိုင်းဖမ်းတဲ့သူတွေကို နှစ်ကြီးကျနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၀ (ည)၊ ၅၀ (စျ) ဆိုတဲ့ အမှုဖွင့်ပြီးထည့်ထားတဲ့သူတွေ အများကြီးတွေ့ခဲ့ရပါတယ်။

ပေါက်ကွဲ၊ ဖောက်ခွဲတွေကိုလည်း ပုဒ်မ ၁၂၄၊ ၁၉ (စ) တို့လို ပုဒ်မတွေနဲ့ ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအများကြီး ထောင်ထဲမှာရှိနေပါသေးတယ်။

အထက်ပါ အကြောင်းအရာများသည် Mratt's Channel ၏ အာဘော်မဟုတ်ဘဲ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ၏ အာဘော်များသာဖြစ်သည်။ အခြေအနေ ဖြစ်ရပ်များကို စစ်ဆေးတိုက်ကြည့်ပြီး ပြန်လည်ဖော်ပြသင့်သည်ဟု ယူဆ၍ ပေးစာကဏ္ဍ၌ ဖော်ပြလိုက်ပါသည်။

 

 

You can treat me a cup of coffee.

wave

Press ESC to close