လေးကေကော်မှာ ဒေသခံပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်

ကရင်ပြည်နယ် မြဝတီ၊ လေးကေကော်မြို့မှာ မနေ့က စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊​ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီနေ့ မနက်မှာတော့ ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်နေပြီလို့ မြေပြင်မှာ ရှိနေတဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၈ ဦးကျဆုံးခဲ့တယ်လို့ သိရပြီး လက်ရှိသိထားသမျှ အမြင့်ဆုံးရာထူး ၃ ပွင့်ကိုတွေ့ရသလို အာပီဂျီထမ်းသူတစ်ဦးနဲ့ ရိုးရိုးတပ်သားတစ်ဦးရဲ့ အလောင်းတွေကို အတည်ပြုနိုင်တယ်လို့ ရဲဘော်တွေက ဆိုပါတယ်။

“မြို့ထဲမှာ ဒီကောင်တွေနဲ့ ထိတွေ့ဖြစ်ခဲ့တဲ့ နေရာတွေကို ရှင်းလင်းရေးလုပ်တော့ အိမ်တွေမှာ ပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးထားတာ တွေ့ရတယ်။ အဖိုးတန်ပစ္စည်းတွေလည်း ယူသွားတယ်လို့ သိရတယ်” လို့ နယ်မြေရှင်းလင်းရေးထဲ ပါဝင်တဲ့ ရဲဘော်က ပြောပါတယ်။

ဒါ့အပြင် မနေ့က တိုက်ပွဲအပြီးမှာ ပိတ်မိနေခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်နဲ့ ဒဏ်ရာရသူတွေအပါအဝင် အလောင်းတွေကို သယ်ယူဖို့ တောင်းဆိုခဲ့သည့်အတွက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းမိတယ်လို့ သတင်းထွက်ပေမယ့် မြေပြင်မှာတော့ ဒီသတင်းကို ဘယ်သူမှ အတည်မပြုကြပါဘူး။

တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ဒေသခံပီဒီအက်ဖ်တပ်ဖွဲ့တွေဘက်က ဒဏ်ရာရရှိသူ အနည်းဆုံး ၄ ဦးကျော်ရှိပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မနေ့က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူ ၁၃၀၀ ကျော်ထိရှိနေပါတယ်။ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတို့မှာ နေရာ ၄ နေရာခွဲပြီး ရှောင်တိမ်းနေကြရပြီး လူ ၅၀၀ ကျော်လောက် ဖလူးရွာထဲမှာ လက်ရှိချိန်ထိ ပိတ်မိနေဆဲပဲလို့ ကူညီကယ်ဆယ်ရေး လုပ်နေကြသူတွေက ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ တွေဟာ ဒီဇင်ဘာ ၁၄ က လေးကေကော်မြို့ထဲက ရပ်ကွက်တွေကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြောင်းမြလွှတ်တော်အမတ် အပါအဝင် လူ ၂၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီနောက် လေးကေကော်မှာ အခြေအနေ တင်းမာလာခဲ့ပြီး မနေ့က ဒီဇင်ဘာ ၁၅ မှာ တိုက်ပွဲဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close