KNDO က သတ်ဖြတ်ခဲ့သည့် ပခုက္ကူမှ ထောက်ပို့ ၃ ဦးကိစ္စ နှစ်လကြာသည်အထိ အဖြေမသိရသေး

ပခုက္ကူနယ်အတွက်လက်နက်များ သွားဝယ်ခဲ့သည့် ထောက်ပို့ ၃ ဦးကို ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့အစည်း (KNDO) တပ်ဖွဲ့ဝင်နှစ်ဦးက ပြီးခဲ့သည့်နှစ်လခန့်က သတ်ဖြတ်ခဲ့သည့်ကိစ္စအတွက် ကျူးလွန်သည့်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေး အစိုးရထံမှ တရားမျှတမှု မျှော်လင့်နေကြောင်း ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
 
ပခုက္ကူ PDF အပါအဝင် ခရိုင်တွင်းရှိ အနည်းဆုံး ၄ ဖွဲ့အတွက် လက်နက်ဝယ်ယူရန် KNU တပ်မဟာ (၆) သို့ သွားခဲ့သည့် ထောက်ပို့ ၃ ဦးကို KNDO တပ်ရင်း (၆) ဒု ထောက်လှမ်းရေးမှူး ဌေးဝင်းနှင့် ရဲဘော်တစ်ဦးက သတ်ဖြတ်သွားခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှတစ်ဆင့် ပခုက္ကူ PDF က အောက်တိုဘာ ၂၄ တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးထံ တိုင်ကြားခဲ့သည်။
 
“KNU ကလည်း သူတို့ ဌေးဝင်းနဲ့ ရဲဘော်တစ်ဦးကို မိပါပြီ၊ သေနတ်တွေလည်း သိမ်းသင့်သလောက် သိမ်းထားပါပြီ ဆိုပြီးတော့ တပ်ရင်း စည်းကမ်းနဲ့ အရေးယူပါ့မယ်၊ ထိန်းသိမ်းထားပါတယ်လို့ အကြောင်းကြားပါတယ်။ ဒီကိစ္စကို ပခုက္ကူမြို့နယ် ပကဖ ကနေ NUG ကို တရားဝင်တိုင်ခဲ့ပါတယ်” ဟု ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်က ဆိုသည်။
 
သတ်ဖြတ်ခံရသူ ၃ ဦးမှာ ကိုရဲဒင်း၊ မြင်းခြံနယ်မှ ဆရာတော် ဦးပညာစာရနှင့် ရဲဘော်တစ်ဦးတို့ဖြစ်ပြီး ကိုရဲဒင်းဆိုသူမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် ထောက်ပို့တစ်ဦးဖြစ်သည် ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။
 
၎င်းတို့ ၃ ဦးမှာ ပခုက္ကူနှင့်မြိုင်နယ်ရှိ တော်လှန်ရေးအဖွဲ့များအတွက် KNDO နယ်မြေတွင် သေနတ် အရှည် ၁၄ လက်၊ အတို ၃ လက်၊ ကျည် ၈၀၀၀ ကျော်၊ M4 ပေါက် ၁၀၀ ဝန်းကျင်တို့ ဝယ်ယူပြီး တပ်ရင်းမှူး စောဂျော်နီအိမ်တွင် တည်းခိုနေခဲ့ကြောင်း ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်က ဆိုသည်။
 
ထို့နောက် လုံခြုံရေး စိတ်မချရသည့်အတွက် တပ်ရင်းမှူးအိမ်မှ ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာအုပ်စု၊ ဘားကျရွာ၊ ထီးကလိတောင် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု သိရသည်။ ယင်းသို့ပြောင်းရွှေ့ရာတွင် တပ်ရင်းမှူး စောဂျော်နီက KNDO တပ်ဖွဲ့ဝင် ၅ ဦးကို လုံခြုံရေးအတွက် ထည့်ပေးလိုက်သည်ဟု ဆိုသည်။
 
အောက်တိုဘာ ၂၂ တွင် စောဂျော်နီထည့်ပေးလိုက်သည့် လုံခြုံရေး ၅ ဦးထဲမှ ဒု ထောက်လှမ်းရေးမှူးဌေးဝင်းနှင့် ရဲဘော်တစ်ဦးတို့က ကိုရဲဒင်းအပါအဝင် ၃ ဦးကို သတ်ဖြတ်သွားခဲ့ပြီး လက်နက်များနှင့်အတူ ငွေသားအချို့နှင့် ဖုန်းများကိုပါ ယူဆောင်သွားခဲ့ကြောင်း စုံစမ်းမှုအရ ပြန်လည်သိရှိရသည်ဟု ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်က ဆိုသည်။
 
ယခုကိစ္စနှင့်ပတ်သက်၍ “KNU ဌာနချုပ်အနေနှင့် ပြစ်မှုအတွက် ရာထူးချပြီးတော့ အရပ်ဖက် တရားရုံးကို လွှဲပြောင်းပေးမှာဖြစ်ပြီးတော့ အရပ်ဖက် တရားသူကြီးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အတိုင်း စီရင်ချက်ချပြီး အရေးယူဆောင်ရွက်သွားမယ်လို့” ပဒို စောသမိန်ထွန်းက ဖြေဆိုကြောင်း DVB TV နိုဝင်ဘာ ၃ ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။
 
ထောက်ပို့ ၃ ဦး သတ်ဖြတ်ခံခဲ့ရသည့် အကြောင်းရင်းကို ယခုချိန်ထိ မသိရသေးပေ။
 
ယင်းကဲ့သို့ KNU က စုံစမ်းနေဆဲအချိန်မှာပင် ပခုက္ကူ၊ မြိုင်နယ်မှ ကိုကျော်ကြီးဆိုသူနှင့် အခြားတစ်ဦးတို့က KNDO တပ်ရင်းမှူးထံ သွားရောက်ပြီး လက်နက်များကို ကြားထဲမှ သွားယူခဲ့ကြောင်း သိရသည်။
 
“ဘယ်သူမှ တာဝန်ပေးခြင်း၊ ဆက်သွယ်ခြင်းလည်း မဟုတ်ဘဲ သူတို့ဘာသာ လိုက်သွားတာပါ” ဟု ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်က ဆိုသည်။
 
ကိုကျော်ကြီးနှင့်အခြားတစ်ဦးတို့မှာ ယခင်ကတည်းက KNDO တပ်ရင်း (၆) တပ်ရင်းမှူးနှင့် ရင်းနှီးသည်ဟု သိရသည်။ ထို့နောက် ထောက်ပို့ ၃ ဦးကို သတ်ဖြတ်ပြီး KNDO ဒု ထောက်လှမ်းရေးမှူးနှင့် ရဲဘော်တစ်ဦးတို့ ယူသွားခဲ့သည့် လက်နက်များထဲမှ အရှည် ၁၂ လက်၊ အတို ၂ လက်၊ ကျည် ၃၀၀၀ ခန့်နှင့် M4 ပေါက်အချို့ကို တရားစီရင်ချက်မချရသေးခင် ပြန်ထည့်ပေးလိုက်ကြောင်း သိရသည်။
 
“(ကိုကျော်ကြီးက) နယ်မြေကောင်းတာနဲ့ ပြန်ဆက်သွယ်ပါ့မယ်လို့ (ကျနော်တို့ကို) ပြောတယ်။ ဒါပေမယ့် နောက် ၂ ရက်လောက်နေတော့ အဆက်အသွယ်ပြတ်သွားတယ်” ဟု ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင် က ဆိုသည်။
 
အဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၁ တွင် စစ်ကောင်စီထောက်ခံသူများ၏ တယ်လီဂရမ် ချန်နယ်တစ်ခု၌ လက်နက်များ ဖမ်းဆီးရမိသည့်ဓာတ်ပုံကို တင်ထားသည်ကို တွေ့ရကြောင်းနှင့် ပခုက္ကူ PDF ဗဟိုကော်မတီဝင်က ယင်းလက်နက်များမှာ ၎င်းတို့လက်နက်များဖြစ်ကြောင်း ပြောသည်။
 
၎င်းတို့ လိုက်လံစုံစမ်းရာ ကိုကျော်ကြီးဆိုသူကို BGF များက ဖမ်းဆီးသွားသည်ကို သိရှိရကြောင်း ပြန်လည် ကြားသိရဟု ဆိုသည်။ ယနေ့ချိန်ထိ ကိုကျော်ကြီးမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရတော့ပေ။ သို့သော် ကိုကျော်ကြီးနှင့် အတူပါသွားသူ အခြားတစ်ဦးမှာ လက်ရှိအချိန်တွင် ပခုက္ကူနယ်သို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့ရသည် ဟုဆိုသည်။
 
“အသတ်ခံရသူက NUG ထောက်ပို့တပ်သား၊ ရဲဘော်တစ်ယောက်ပေါ့၊ ဖြေရှင်းခြင်းဖြေရှင်း KNDO က ကြားလူနဲ့ ဘယ်လိုလုပ်ထားပါတယ်လို့ ပြောတာရှိသေးတယ်။ NUG အနေနဲ့ကျတော့ ကျနော်တို့ကို ဘယ်လိုတော့တွေ့တယ် ဘာလုပ်နေပါတယ်ဆိုတာ ခုချိန်ထိ လုံးဝ၊ တိုင်စာကြီးသာ တိုင်ထားရတယ်၊ ဆက်သွယ်တာ မရှိပါဘူး” ဟု ပခုက္ကူ PDF မှ ဗဟိုကော်မတီဝင်က ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close