နောက် နှစ် ၂၀ လောက်ကို မြင်ယောင်ကြည့်ပါ

ဒီနေ့ မဘသပွဲ သွားတော့ မေးခွန်းမေးတဲ့ အနယ်နယ်အရပ်ရပ်က ဘုန်းကြီးတွေနဲ့ ဘုန်းကြီးနောက်လိုက်တွေရဲ့ မေးခွန်းနဲ့ အဖြေတွေ ၃ နာရီကျော်ကြာ နားထောင်ဖြစ်ပါတယ်။ ဒီမှာ ဦးဆောင်စကားပြောတဲ့ ဆရာတော်အများစုဟာ ထိပ်တန်း စာသင်တိုက်ကြီးတွေရဲ့ ဦးဆောင် နာယကတွေ၊ ပရိယတ္တိတိုက်ပိုင် ဆရာတော်ကြီးတွေ ဆိုတာ တွေ့ရတယ်။


မေးခွန်းမေးသွားတာတွေကို ခြုံကြည့်ရရင် (၁) သာမန်စဉ်းစားဉာဏ်ရှိတဲ့ သူတွေတောင် စဉ်းစားနိုင်တဲ့ကိစ္စတွေ၊ (၂) ဘုန်းကြီးတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ နိုင်ငံရေးကိစ္စတွေ (ဥပမာ - ၄၇ ခုနှစ်၊ ၇၄ ခုနှစ် ခြေ/ဥနဲ့ ဗိုလ်ချုပ်စောမောင်တို့ကို ပြန်ရေနှူးတာမျိုး)၊ (၃) ပြဿနာကို မီးမွှေးရှာချင်နေတဲ့ နောက်လိုက်တွေရဲ့ မေးခွန်းတွေ၊ (၄) လိင်ပိုင်းဆိုင်ရာ ပုံခိုင်းနှိုင်းမှုတွေ၊ (၅) ပရိယတ္တိကို ကျွမ်းကျင်ပါတယ်ဆိုတဲ့ ဓမ္မစရိယဘွဲ့ရ ဆရာတော်တွေနဲ့ လားလားမှ မသင့်လျော်တဲ့ ထေ့လုံး၊ ငေါ့လုံးနဲ့ စကားပြောပုံတွေ စသဖြင့် အများကြီးတွေ့ရတယ်။

သာမန် ရွာကလေးမှာ အသက်ငယ်ငယ် ၄ တန်းအောင်လောက်နဲ့ ဘုန်းကြီးဝတ်၊ ကျောင်းမှာ ကြာလာတော့ 'ကျောင်းထိုင်ဘုန်းကြီးလက်စွဲ' စာအုပ်ကို ရန်ကုန်ကိုသွားတဲ့သူနဲ့ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်က ပါဆယ်မှာ၊ အာဂုံဆောင်ပြီး ကျောင်းထိုင်ဖြစ်လာတဲ့ ဘုန်းကြီးတွေရဲ့ တရားတွေနာနေရတဲ့ လူဦးရေအနည်းငယ်အတွက် ပြဿနာ မရှိပေမဲ့ မဘသအိုင်ဒီယော်လော်ဂျီကြီးစိုးတဲ့ ဆရာတော်တွေ ဦးစီးတဲ့ စာသင်တိုက်ကြီးတခုမှာ စာသင်နေတဲ့ ရာပေါင်းများစွာသော ကိုရင်ငယ်၊ ဦးဇင်းငယ်တွေရဲ့ နောင်ရေး အတွက်ကတော့ ရင်လေးစရာပါပဲ။

နောက်တခု ဒီဘက်နှစ်ပိုင်းတွေမှာ သတိပြုမိလာတာပါ။ ဆရာတော်တွေရဲ့ နေထိုင်ပုံ၊ အမူအရာတွေ ပြောင်းလဲလာတာပါပဲ။ တကယ်ကို ကြည်ညိုစရာကောင်းတဲ့ ဆရာတော်တွေရဲ့ မျက်နှာနဲ့ အပြုအမူအပြောဆို၊ နေထိုင်ပုံတွေဟာ သိမ်မွေ့ပြီး မြင်ရသူအတွက် နှိမ့်ချဆက်ဆံချင်စရာကောင်းလှပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း ဦးဇင်းတွေ၊ ကျောင်းထိုင်ဆရာတော်တွေနဲ့ နောက်လိုက်တွေ၊ အထူးသဖြင့်တော့ မဘသအကြောင်းနဲ့ နိုင်ငံရေးကို ရွံ့ရွံ့ချွံချွံပြောနေတဲ့ ဆရာတော်တွေကတော့ ကွမ်းတတွေးတပြစ်ပြစ်၊ မျက်နှာတွေက လူတဖက်သားကို ရန်လုပ်ကြည့်ပြီး (သတင်းထောက်မို့လို့မဟုတ်ဘဲ) တောင်ကြည့်၊ မြောက်ကြည့် မျက်လုံးတွေနဲ့ အိန္ဒြေသိက္ခာ အတော်နည်းတာကို တွေ့ရတယ်။


ဗုဒ္ဓသာသာနာထဲက သံဃာအဖွဲ့အစည်းဟာ တနည်းအားဖြင့် စစ်တပ်သဖွယ် ခေါင်းဆောင်ပြောရင် သေသေရှင်ရှင် အကုန်အမှန် ဖြစ်လာပြီး 'ပါဠိတလုံးကိုတောင် ဘာသာမပြန်နိုင်တဲ့ကောင်တွေက လာမဝေဖန်နဲ့' ဆိုတဲ့ ဦးဇင်းတပါးရဲ့ စကားကို ပြန်မြင်ယောင်မိရင် တကယ်ကို ကြက်သီးထမိပါတယ်။

လွတ်လပ်စွာစဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့်ရှိတဲ့ ဗုဒ္ဓတရားတော်တွေဟာ ဒီလို ဘုန်းကြီးတွေရဲ့ လက်သီးလက်မောင်းတန်းမှုအောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။

နိုင်ငံအနှံ့က ပရိယတ္တိစာသင်ကျောင်းတိုက်ကြီးတွေမှာ ရှိတဲ့ ကိုရင်၊ ဦးဇင်းအရေအတွက်တွေကို မြင်ယောင်ကြည့်စေချင်ပါတယ်။ ရေလိုက်လွဲနေတဲ့ မဘသ ဆရာတော် (တော်တော်များများ၊ အားလုံးကို မဆိုလို) ရဲ့ နေ့စဉ် ဆုံးမသွန်သင်မှုအောက် ကြီးပြင်းလာမယ့် ဒီ ကိုရင်၊ ဦးဇင်းလေးတွေရဲ့ ဦးနှောက် ဆေးကြောခံထားရမှုဟာ ဘယ်လောက်ထိ 'တာ' သွားမလဲဆိုတာ ဒီနေ့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြသနာတွေရဲ့ ရေချိန်ကို ကြည့်တာနဲ့တင် ရင်တမမ ဖြစ်စရာပါပဲ။

နောင် နှစ် ၂၀ လောက်ကို စိတ်မကောင်းစွာနဲ့ မြင်ယောင်ကြည့်မိပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close