MAI အော်ပရေးရှင်းပိုင်း၏ CEO ကိုယ်တိုင် လိုက်ပါ၍ ဂျာကာတာသို့ သွားမည်  

Myanmar Airways International မှ အော်ပရေးရှင်းပိုင်းတွင် ဒုတိယအကြီးဆုံးဖြစ်သည့် CEO ကိုယ်တိုင်လိုက်ပါ၍ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ဧပြီ ၂၄ ရက်တွင် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

လာမည့် စနေနေ့ ဂျာကာတာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ မင်းအောင်လှိုင် သွားရောက်မည်လားဆိုသည်မှာ မရေမရာဖြစ်နေသေးချိန်တွင် ဂျာကာတာသို့ ပျံသန်းမည့် လေကြောင်းတာဝန်ရှိသူများ၏ စာရင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းစာရင်းကို Mratt’s Channel က ရရှိထားသည်။

 

အော်ပရေးရှင်းပိုင်းမှ ဒုတိယအကြီးဆုံးရာထူးဖြစ်သည့် (Deputy Chief Executive Officer)  ကိုယ်တိုင် လိုက်ပါ၍ ပျံသန်းမည်ဖြစ်ကာ ၎င်းကဲ့သို့ ရာထူးကြီးသူများမှာ ပုံမှန်အားဖြင့် လေကြောင်း ခရီးစဉ်များတွင် လိုက်ပါပျံသန်းခြင်း မရှိပေ။

 

ထို့ပြင် ပုံမှန်နိုင်ငံခြားခရီးစဉ်များတွင် ပါဝင်လေ့မရှိသည့် Chief Cabin Crew နှစ်ဦးလည်း လိုက်ပါဦးမည်ဖြစ်ကာ Leading Cabin Crew နှစ်ဦးနှင့် Cabin Crew သုံးဦးတို့လည်း ယခုခရီးစဉ်တွင် ပါဝင်နေသည်။

 

ဂျာကာတာ ခရီးစဉ်တစ်ကြောင်းတည်းအတွက် ဝန်ထမ်း ၁၃ ဦးနှင့် အရံ ၅ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၈ ဦးကို ပြင်ဆင်ထားသည်မှာ လေကြောင်းလိုင်းတစ်ခုအတွက် ဖြစ်လေ့ဖြစ်ထ မရှိပေ။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲတို့၏ နိုင်ငံခြားခရီးစဉ်များတွင်သာ ယင်းကဲ့သို့ စီစဉ်လေ့ရှိသည်ဟု သိရသည်။

 

အာဏာလုစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်မှာ ဂျာကာတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်မည်ဟု အစပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် အွန်လိုင်းမှသာ ပါဝင်တော့မည်ဟု သတင်းထွက်ခဲ့သည်။

 

Nikkei Asia သတင်းဌာန၏ ရေးသားချက်အရ မင်းအောင်လှိုင်သည် အာဆီယံ အစည်းအဝေး တက်ရောက်မည်ဟု ဆိုထားပြန်သည်။ ယင်းအစည်းအဝေးပွဲသို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် သွား မသွားကို Mratt’s Channel အနေနှင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

You can treat me a cup of coffee.

wave

Press ESC to close