"နင့်ကို မလုပ်ရရင် နင့်အကောင်ကို စစ်ကြောရေး ပို့မယ်"

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စုံတွဲတစ်တွဲကို ခြိမ်းခြောက် ငွေတောင်းပြီး မိန်းကလေးကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနေ့က သူနဲ့ သူ့ချစ်သူကောင်လေးတို့ မုန့်စားပြီးတော့ ညနေ ၆ နာရီလောက်မှာ ရန်ကုန် တောင်ဥက္ကလာက စစ်တပ် ဝန်းတစ်ခုနဲ့ မနီးမဝေးနေရာမှာ ကားရပ်ပြီး စကားပြောနေခဲ့ကြတယ်။ ဘေးနားက ဂက်ဆ် ဖြည့်တဲ့ဆိုင်မှာတော့ ကားတွေလည်း တန်းစီလို့၊ ကားသမားတွေလည်း အပြည့်ပါပဲ။

ညနေ ၆ နာရီဆိုပေမယ့် အလင်းရောင်ရသေးပြီး သဲသဲကွဲကွဲ မြင်ရသေးတဲ့ အခြေအနေပါ။ ကားပေါ် သူတို့ စကားပြောနေတုန်းမှာပဲ ယူနီဖောင်းဝတ်ထားတဲ့ ရဲနှစ်ဦး တံခါးလာခေါက်ပါတယ်။ ကားထဲကို ဓာတ်မီးနဲ့လည်း ထိုးထားပါသေးတယ်။ ရဲဝတ်စုံနဲ့ တံခါးကို အတင်းခေါက်နေတော့ နှစ်ဦးသား ကားမောင်းပြေးကြဖို့ ကြံပါတယ်။

အဲ့ဒီမှာ ရဲတစ်ယောက်က သေနတ် ထုတ်ချိန် ပါတယ်။ မတတ်နိုင်တဲ့အဆုံး ကားမှန်ကိုဖွင့်၊ ကားတံခါးကိုလည်း ဖွင့်ပေးလိုက်ရပါတော့တယ်။

“ကားမောင်းပြေးဖို့ လုပ်တယ်ဆိုပြီး ကျမ ကောင်လေးကို စ ထိုးပါတယ်။ ကျမက လက်နဲ့ ဝင်ကာတော့ ‘ကောင်မ နင် အသာနေစမ်း’ ဆိုပြီး ဆံပင်ကို ဆောင့်ဆွဲပြီး လည်ပင်းကိုလည်း ညှစ်ပါတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ပြောပြပါတယ်။

ဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ လမ်းတစ်ဖက်က ဂက်စ် ဖြည့်တဲ့ ဆိုင်ထဲမှာ လူတွေ ရှိနေပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဝင် မဆွဲရဲ၊ မတားရဲကြပါဘူး။ မိန်းကလေးကို ဆံပင်က ဆောင့်ဆွဲ လည်ပင်းညှစ်တော့ ချစ်သူကောင်လေးက မခံနိုင်ဘဲ ရဲတွေကို ပြန်ထိုးပါတယ်။ အဲ့ဒီမှာ ယောက်ျားလေးကို ပိုဖိပြီး ထိုးကြိတ်ပါတော့တယ်။ 

ထိုးကြိတ်နေတုန်းမှာပဲ နင်တို့ အရွယ်တွေဆို ပီဒီအက်ဖ် အရွယ်တွေ ဆိုပြီး ခေါ်သွားလို့ရတယ် အသံတိတ်နေလို့ ရဲတစ်ဦးက ပြောတာနဲ့ သူ အသံမထွက်ရဲပါဘူး။ “နင်တို့က ကုလားတွေလားလို့ မေးမေးပြီးလည်း ရိုက်တယ်” 

“စစ်ကြောရေးကို ခေါ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ နောက်ဆုံး ညှိရင်းနဲ့ သူတို့က နှစ်သိန်း တောင်းပါတယ်” လို့ ဆိုပါတယ်။

ငွေ နှစ်သိန်းပါမလာတော့ သူငယ်ချင်းကို လာပေးခိုင်းမယ်ပြောပြီး ထပ်ညှိရပါတယ်။ ဒါပေမယ့် ငွေလာပေးမယ့် နေရာက ဒီနေရာမဟုတ်ဘဲ သူတို့ ကားရပ်ထားတဲ့နေရာကနေ ဆိုင်ကယ်နဲ့ နောက်ထပ် ၅ မိနစ်လောက်သွားရတဲ့ နေရာပါ။ ရဲတစ်ဦးက ကားထဲမှာ ကျန်ခဲ့ပြီး ကျန်ရဲတစ်ဦးက ချစ်သူကောင်လေးကို သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့ခေါ်သွားပါတယ်။

ကောင်လေးကိုဆိုင်ကယ်နဲ့ လွှတ်လိုက်တဲ့အချိန် ညီမကို ခြိမ်းခြောက်ပါတယ်၊ နင့်ကိုမလုပ်ရရင် နင့်ကောင်ကို စစ်ကြောရေးပို့မယ်ဆိုပြီးအမျိုးသမီးက ဆိုပါတယ်။

ပြီးတော့ “ရင်သားတွေ လာကိုင်ပါတယ်။ မိန်းမအင်္ဂါကိုလည်း လာထိပါတယ်။ ပြီးတော့ မဟုတ်တာတွေ ကျမကို အဓမ္မ လုပ်ခိုင်းတယ်။ ကျမက အကြောက်အကန် ငြင်းတော့ ညီမနှုတ်ခမ်းကို အတင်း ကိုက်ပါတယ်” လို့ အမျိုးသမီးငယ်က ဆိုပါတယ်။

သူ့ကောင်လေးကလည်း ပေါ်မလာ၊ ကားပေါ်မှာ ရဲက အတင်းအကြပ် ဗလက္ကာရပြုဖို့ ကြိုးစားနေချိန်၊ ကားသော့ယူထားတော့ ထွက်ပြေးဖို့ကလည်း မဖြစ်နိုင်။ အဲ့ဒီအချိန်မှာ သူ့အတွက် ကမ္ဘာပျက်မတတ်ပါပဲ။

ချစ်သူကောင်လေး ပိုက်ဆံ သွားယူပြီး ပြန်လာတော့မှပဲ ဒီဒုက္ခကနေ လွတ်မြောက်သွားပါတော့တယ်။ ချစ်သူကောင်လေးက သူ့အုပ်ထိန်းသူ မိတ်ဆွေတွေကနေတစ်ဆင့် အကူညီတောင်းပြီး ညှိနှိုင်းခဲ့တဲ့နောက်မှာတော့ နောက်ဆုံး ၅ သောင်းနဲ့ ပြေလည်သွားခဲ့ပါတယ်။

အိမ်ကို ပြန်ခဲ့ပေမယ့် စိတ်ငြိမ်ဆေးတွေ သောက်နေရဆဲ ဖြစ်ပြီး အသားတွေတုန်းနေပါပဲ။ လောလောဆယ်တော့ အရမ်းကြောက်ပြီး မတ်မတ်တောင်မရပ်နိုင်ပါဘူး ရိုက်နှက်ခံထားရတာတွေကြောင့်လို့ အမျိုးသမီးငယ်က ဆိုပါတယ်။

[မိန်းကလေးရဲ့ ခွင့်ပြုချက်နဲ့ ဒီစာကို ရေးပါတယ်။]

 

 

You can treat me a cup of coffee.

wave

Press ESC to close