မီဒီယာ ရှင်းတမ်း

မင်းအောင်လှိုင် လက်ဝေခံ ချစ်နိုင် (စိတ်ပညာ) ရဲ့ အမိန့်နဲ့ မီဒီယာ ၅ ခုကို ပလက်ဖောင်းပေါင်းစုံ (သတင်းစာ၊ ရုပ်သံ အားလုံး) ထုတ်ဝေခွင့်၊ ဖြန့်ချိခွင့် ရပ်လိုက်တာဟာ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်သလို တဖက်မှာ မီဒီယာစီးပွါးရေးကိုလည်း ရိုက်ချိုးလိုက်တာ ဖြစ်ပါတယ်။

 

သတင်းစာတိုက်တွေကို ပိတ်ပစ်လိုက်တော့ သတင်းသမားတွေ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ စာမူခ (တပုဒ်ရေးမှ တပုဒ်စာရ၊ ရုပ်သံတခုရိုက်မှ တခုစာရ) သူတွေရှိသလို ဘာမှမရဘဲ လစာချည်းပဲ ရကြတဲ့ သတင်းသမားတွေလည်း ရှိပါတယ်။

 

ဘယ်လိုပဲဆိုဆို မြန်မာပြည်တွင်းက သတင်းသမားတွေဟာ နိုင်ငံတကာ သတင်းထောက်တွေလို ပိုက်ဆံမရကြပါ။ အကြမ်းဖျဉ်းအားဖြင့် နိုင်ငံတကာ သတင်းထောက်တွေဟာ ဒေါ်လာ ၆၀၀ ကနေ ၁၅၀၀ ကြား ရနေကြချိန်မှာ ပြည်တွင်းက သတင်းထောက်တွေကတော့ မြန်မာငွေ ၃ သိန်းကနေ (အယ်ဒီတာ အဆင့်ဆိုရင်) ၆ သိန်း (ဒေါ်လာနဲ့ဆိုရင် ၂၅၀ မှ ၄၅၀ ကြား) သာ ရကြတာပါ။

 

သိတဲ့အတိုင်း သတင်းသမားအလုပ်ဟာ ရရစားစား အလုပ်ပါ။ ချစ်လို့လုပ်နေကြသူတွေ များပါတယ်။ ရိုင်းရိုင်းဆိုရရင် သတင်းရေးနေသမျှ ငါ မငတ်သေးဘူးလို့ တွေးကြသူတွေဆိုရင် ပိုမှန်မယ်ထင်ပါတယ်။

 

သတင်းတိုက်တွေ အားလုံး ရပ်လိုက်တဲ့အချိန်မှာ တချို့ သတင်းစာတိုက်တွေက အလုပ်က နားလိုက်တဲ့ သတင်းသမားတွေကို လျော်ကြေး အနည်းငယ်ပေးကြတယ်လို့ သိရပါတယ်။ အများစုကတော့ လစာမဲ့ (ဘာလျော်ကြေးမှမရှိ) ဘဲ အလုပ်က ရပ်နားခံလိုက်ကြရပါတယ်။

 

တနိုင်ငံလုံး ကမ္ဘာပျက်နေတာပါပဲ။ သတင်းစာတိုက်ပိုင်ရှင်တွေကမှ ထူးပြီး ဆင်းရဲနေတာ မဟုတ်ဘူးလို့ဆိုပါရစေ။ ခေတ်ကောင်းချိန် (ရွေးကောက်ပွဲကာလ၊ ကြောငြာတွေ သောက်သောက်လဲ ရခဲ့ချိန်ကာလ၊ ကားတွေ ထည်လဲစီးချိန်ကာလ) တွေတုန်းကလည်း ဒီသတင်းထောက်တွေဟာ တောင်းဆိုမှု မရှိဘဲ ပုံမှန်အတိုင်း နွားလိုရုန်းခဲ့ကြသူတွေချည်းပါပဲ။

 

ဒါကြောင့် ခုလို ခေတ်ပျက်ချိန်မှာ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ပြန်ကြည့်ပေးကြပါဦးခင်ဗျာ။ သတင်းစာလောကဟာ ကျန်လောကတွေနဲ့ မတူဘဲ အရမ်းပွင့်လင်းတဲ့လောက ဖြစ်ပါတယ်။ ဘယ်သူ ဘယ်လောက်ချမ်းသာကြသလဲ၊ ဘယ်သူ ဘာကားစီးသလဲဆိုတာကအစ အချင်းချင်း သိကြတာပဲ မဟုတ်ဘူးလားဗျာ။

 

အာဏာတောင် သိမ်းနေပြီ၊ မင်းတို့က လစာ လိုချင်နေတုန်းလားလို့တော့ ပစ်မထားကြစေချင်ပါ။ ကျန်အလုပ်သမားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို တွင်တွင်ကြီး ရေးခဲ့ကြ၊ မဏ္ဍပ်တိုင် တက်ပြခဲ့ကြပြီးမှ ကိုယ့်အလှည့်ကျမှ ကမ္ဘာမီးလောင် တောကြောင် လက်ခမောင်း မခတ်ကြပါနဲ့။

 

သတင်းစာသမား၊ သတင်းခန်းထဲက ဝန်းထမ်းတွေကို ပြန်ကြည့်ကြပါခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close