ထိုင်ကြည့်နေရုံမှ တစ်ပါး...

၂၀၁၇ သြဂုတ်မှာ မောင်တောက အပြန် မီးရှို့ခံထားရတဲ့ မွတ်ဆလင်အိမ်တွေမှာ ဘက်ထရီအိုးတွေ၊ ဆိုလားပြားတွေ၊ စီးကရက်ဘူးတွေကို ဒေသခံ ရခိုင်တွေက ဝင်ယူနေတာ မြင်ခဲ့တယ်။ ဘူးသီးတောင်က အပြန်မှာ ဝင်ရတဲ့ စစ်တွေမှာ ရခိုင်လွှတ်တော်အမတ်တချို့နဲ့ တွေ့ခဲ့သလို နိုင်ငံရေးသမားတချို့နဲ့လည်း အင်တာဗျူးတော့ အဲ့ဒီကိစ္စ ထည့်ပြောခဲ့တယ်။ ခင်ဗျားတို့ နိုင်ငံရေးအရ တားကြပါ၊ အသံထွက်ကြပါ။ ဘယ်သူမှ အဖက်မလုပ်ခဲ့ဘူး။
 
နိုင်ငံတော်အတိုင်ပင်ခံရုံးထိ ဒီကိစ္စကို နီးစပ်ရာကနေ အသိပေးဖို့ ကြိုးစားတယ်။ ခင်ဗျားတို့ အောက်ခြေမှာ စစ်တပ်နဲ့ မြေပြင်က လူတစ်ချို့နဲ့ ပေါင်းပြီး မွတ်ဆလင်တွေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို လုပ်ချင်ရာလုပ်နေတဲ့အကြောင်း ပြောဖို့။ ဘယ်သူမှ နားမထောင်ခဲ့ဘူး။ ဒါနဲ့ "နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေးအနေနဲ့ မောင်တောမြေပြင်က အချက်အလက်တွေကို double check, counter check လုပ်ကြပါ" လို့ ဖေ့စ်ဘွတ်မှာ စတေးတပ်စ် တစ်ကြောင်းတင်လိုက်တယ်။
 
ဒီ စတေးတပ်ရေးပြီး မိနစ်ပိုင်းပဲကြာတယ်၊ ဇော်ဌေး (မှူးဇော်) က ကျနော့်နာမည်ကို သူ့ Facebook မှာ Mention လုပ်ပြီး 'မြတ်ကျော်သူ ခင်ဗျား ရေးသားတာကို တာဝန်ယူပါ' ဆိုပြီး တင်တယ်။ ဖုန်းဆက်ပြီးတော့ 'ခင်ဗျားရေးသားချက်တွေဟာ နိုင်ငံတော်နဲ့ ဆန့်ကျင်နေတယ်၊ ပြန်ဖျက်ပါ၊ မဖျက်ရင် ပြဿနာရှိနိုင်တယ်' လို့ ခြိမ်းခြောက်တယ်။
 
ကျနော်က ပြောတယ် 'ခင်ဗျားတို့ ဘယ်ကနေ အချက်အလက်ရနေတာလဲ၊ ပြန်စစ်သင့်တယ်၊ ကျနော် ပြောတာ ဘာမှားသလဲ' ဆိုတော့ 'ပြည်ထဲရေးကနေ အချက်အလက်ရတယ်' 'စစ်တပ်ကနေ ရတာတွေနဲ့ မတူဘူး၊ ကျနော်တို့ကို အောက်ခြေက တိုက်ရိုက် သတင်းပေးပို့တာ' လို့ဆိုတယ်။ အဲ့ဒီကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်အရေးနဲ့ ပတ်သက်ရင် သတင်းအချက်အလက်ရရှိမှုမှာ 'ဂျင်းထည့်' ခံနေရပြီဆိုတာ ကျနော် သိခဲ့တယ်။
 
ကျနော် တွေ့တာ၊ မြင်တာ သိတာတွေကို ဆောင်းပါးတွေထဲမှာ တတ်နိုင်သလောက် ထည့်သွင်းရေးသားခဲ့တယ်။ အဲ့ဒီတုန်းက Frontier Myanmar မှာ သတင်းထောက်လုပ်တုန်းပဲ။ ကျနော်သွားတုန်းက ဘယ်သတင်းထောက်မှ မြေပြင်မှာ မရှိသေးဘူး။ အဲ့ဒါနဲ့ နှစ်ပတ်လောက်အကြာ နိုင်ငံတကာ သတင်းထောက်တွေကို အစိုးရအစီအစဉ်နဲ့ ခေါ်သွားတုန်း မွတ်ဆလင်အိမ်တွေဘေး မီးတုတ်ကိုင်ထားကြသူ ဒေသခံတွေနဲ့ ပစ္စည်းတွေ ယူနေကြသူတွေရဲ့ ရုပ်သံတွေ၊ ဓာတ်ပုံတွေ ပေါ်လာတော့တယ်။
 
ရခိုင့်အရေးဟာ အဲ့ဒီနေ့က စပြီး အလှည့်အပြောင်း အကြီးကြီး ဖြစ်ခဲ့တယ်။
 
မှတ်ချက်။ ဒီနေ့ Myanmar NOW နဲ့ မန်းဝင်းခိုင်သန်းတို့ အင်တာဗျူး ကို ဖတ်မိပြီး ရေးတာဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close