မသန်စွမ်းသူများအသင်းချုပ်ကို စစ်တပ် ထောက်ခံသူများဖြင့် ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ကို တပ်မတော်ကို ထောက်ခံသူများ၊ ယခင် စစ်မှု ထမ်းဟောင်းများဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အသင်း၏ ယမန််နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ရွေးကောက်ပွဲကျင်းပ၍ အသင်းအဖွဲ့ငယ်များ၏ ရွေးကောက်တင်မြောက်မှုဖြင့် ရွေးချယ်ရမည်ဖြစ်သော်လည်း ယခုတစ်ကြိမ် ဖွဲ့စည်းမှုတွင် တပ်မတော်ထောက်ခံသူများက ကိုယ်တိုင် အဆိုပြုလွှာတင်ကာ ပြန်လည်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

 

ထို့ပြင် "စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားသန်နေတဲ့ ထိပ်ပိုင်း ဗဟိုကော်မတီဝင်တွေကြောင့် အသင်းချုပ် အစည်းအဝေးတွေ နဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြု  သပိတ်မှောက်ထားကြတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ယခုဖွဲ့စည်းရာတွင် ဥက္ကဋ္ဌဖြစ်လာသည့် ဦးတင်သန်းဝင်းမှာ ယခင် ဧရာဝတီတိုင်း မသန်စွမ်းသူများအသင်း၏ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးမြတ်မောင်မှာ ယခင်က အသင်းချုပ်၏ အတွင်းရေးမှူး ဖြစ်သည်။

 

ဒေါက်တာ မျိုးမြတ်မောင်က အာဏာမသိမ်းခင်ကတော့ အတော်အဆင်ပြေတယ်။ အာဏာလည်း သိမ်းလိုက်ရော မသန်းစွမ်းသူတွေ ဒုက္ခရောက်ရင် ရပ်တည် မပေးတော့ဘူး။ စစ်တပ်ကို မတရားထောက်ခံလာတာ တွေ့ရတယ်ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

 

အသင်းချုပ်၏ ဥပဒေအရ ရွေးကောက်ပွဲကို အစိုးရရွေးကောက်ပွဲနှင့်အတူ ကျင်းပရမည် ဖြစ်သော်လည်း အာဏာသိမ်းလိုက်ပြီးသည့်နောက် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ဘဲ အသင်းအဖွဲ့ငယ်များကလည်း စစ်ကောင်စီကို ဆန့်ကျင်မှုများလာခဲ့သည်။

 

အသင်းထဲကနေ တော်တော်များများ နုတ်ထွက်သွားကြတယ်။ အဲ့ဒီမှာ အရင် ဥက္ကဋ္ဌဟောင်း ဦးအောင်ကိုမြင့်နဲ့ ဒေါက်တာမျိုးမြတ်မောင်တို့ နှစ်ယောက်ပဲ ကျန်ခဲ့တယ်လို့တောင် ပြောလို့ရတယ်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ဒေါက်တာမျိုးမြတ်မောင်မှာ ဒေါ်သက်သက်ခိုင်၏ ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ ဒုညွှန်မှူး ဖြစ်ပြီး ယခင်က စစ်ဆရာဝန်တစ်ဦးလည်း ဖြစ်သည်။ အာဏာမသိမ်းခင်က အတွင်းရေးမှူး ရာထူးဖြစ်သော်လည်း ယခုဖွဲ့စည်းလိုက်သည့် ဖွဲ့စည်းပုံအသစ်တွင် ဒုဥက္ကဋ္ဌ ဖြစ်လာသည်။

 

ထို့ပြင် ယခုဖွဲ့စည်းလိုက်သည့်ဖွဲ့စည်းပုံအသစ်တွင် အကြားအာရုံချို့ယွင်းသူ (နားမကြား) လုံးဝ မပါဝင်တော့ဘဲ ဉာဏ်ရည် မသန်စွမ်းသူ (၏မိဘ) မှာလည်း တစ်ဦးသာ ပါဝင်သည်ကို တွေ့ရသည်။ အများစုမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူနှင့် အမြင်အာရုံမသန်စွမ်းသူများ အဓိက ပါဝင်သည်ကို တွေ့ရသည်။

 

နားမကြားနဲ့ ဉာဏ်ရည်မသန်စွမ်း အဖွဲ့တွေက စစ်ကောင်စီ၊ ခုတော့ အိမ်စောင့်အစိုးရပေါ့။ သူတို့ကို ကန့်ကွက်တယ်၊ လုံးဝ မထောက်ခံဘူး။ ဆိုတော့ ခု ဖွဲ့လိုက်တဲ့အထဲမှာ အဲ့ဒါကို ကြည့်ရင် မြင်သာတာပေါ့ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

 

မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်သည် နိုင်ငံတကာမှ ထောက်ပံ့ကူညီငွေများနှင့် လည်ပတ်နေသည့် လုပ်ငန်းများ ရှိနေပြီး ယခု တပ်ထောက်ခံသူများ၏ လက်ထဲသို့ ယင်းငွေများ ရောက်ရှိသွားပါက အမှန်ကတယ် လိုအပ်သူများကို မကူညီနိုင်တော့မည်ကို မသန်စွမ်းသူများက စိုးရိမ်နေကြသည်။

 

You can treat me a cup of coffee.

wave

Press ESC to close