စစ်တွေ အငူမော်က မောင်ထွန်းရွှေ

ရခိုင် စစ်တွေမြို့ကနေ မောင်တောကို သွားမယ်ဆို ဟိုးတုန်းက ဖယ်ရီဘုတ်နဲ့ ဘူးသီးတောင်အထိ သွား၊ ဘူးသီးတောင်ကနေ မောင်တောကို ရန်ကုန်မှာဆို '၃ ကား' လို့ခေါ်တဲ့ ကားအသေးလေးတွေနဲ့ ဆက်ရတယ်။ တကယ်တော့ စစ်တွေလှေဆိပ်ကနေ တစ်ဖက်ကမ်းအငူမော်ကို ကူးလိုက်ရင် တစ်နာရီတောင်မကြာတဲ့ ခရီး။
 
အငူမော်ကနေ မောင်တောထိ တောက်လျှောက် လမ်းကြမ်းပေမယ့် ဘူးသီးတောင်ကနေ လှေနဲ့ပတ်သွားရတာထက် အများကြီး အချိန်ကုန်သက်သာတယ်။ ဒါပေမယ့် လုံခြုံရေးကြောင့်ဆိုပြီး မဖွင့်ဘဲထားခဲ့တာ နဂါးမင်းစီမံကိန်းကာလကနေ သန်းရွှေ၊ သိန်းစိန် လက်ထက်ထိလို့ ဆိုရမယ်။
 
နဂါးမင်းစီမံကိန်းကို တချို့က အင်န်အယ်ဒီ နာယက ဦးတင်ဦး၊ ကာကွယ်ရေးဦးစီချုပ်အဖြစ် တာဝန်ယူစဉ်လို့ အမှတ်မှားကြတာလည်း တွေ့ရတယ်။ တကယ်တော့ ဦးတင်ဦး တပ်မတော်ကနေ အနားယူတာက ၁၉၇၆ ဖြစ်ပြီး နဂါးမင်းစီမံကိန်းဟာ ၁၉၇၈ မှာ စတာဖြစ်လို့ ၁၉၇၆ ကနေ ၁၉၈၅ ထိ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့ သူရကျော်ထင် လက်ထက် ဖြစ်ပါတယ်။
 
၂၀၁၆၊ ၁၇ မှာတော့ ဒီလမ်းတစ်လျှောက်လုံးက မွတ်ဆလင်ရွာတွေကို စစ်တပ်က မီးရှို့ခဲ့လို့ ကုန်ပြီ။ ဒီထဲမှာ ကိုးတန်ကောက်လို၊ အင်းဒင်လို နာမည်ကြီး ရွာကြီးတွေလည်း ပါတာပေါ့။
 
အငူမော်ဆိပ်ကမ်းကနေ မောင်တောထိ မွတ်ဆလင်ရွာအားလုံး စစ်တပ်က မီးရှို့ ဘူဒိုဇာနဲ့ထိုးပြီး လက်စ ဖျောက်လိုက်ပြီးပါပြီ။ ဒီနေရာတစ်ခုလုံးနီးပါးကို ပြန်လည်ဖွံ့ဖြိုးရေးဆိုပြီး လမ်းတွေချဲ့၊ ဆောက်လုပ်ရေးတွေ လုပ်နေတာကို အဓိက ကန်ထရိုက်ရခဲ့တာက အေးရှားဝေါ ကုမ္ပဏီ။ အငူမော်ထိပ်ကနေ တစ်မှတ်တိုင်ပျော့ပျော့လောက် လမ်းလျှောက်လိုက်ရင် အေးရှားဝေါဆိုင်းဘုတ်ကြီး ဟီးလို့။
 
ဒီကြားထဲမှာ ရခိုင်လူထုကြားထဲ သြဇာရှိတယ်လို့ ယူဆရတဲ့ လူပုဂ္ဂိုလ်အချို့နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုက ‘အနောက်တံခါးလုံခြုံရေး’ ဆိုပြီး တောင်ပိုင်းက ချို့တဲ့သူ ရခိုင်လူမျိုးတွေကို မြောက်ပိုင်းကို ရွှေ့ကြဖို့ ဆော်သြပြီး ဒီလမ်းပေါ်က ကိုးတန်ကောက်တဝိုက်မှာ နေရာချခဲ့တာမျိုးလည်း ရှိရဲ့။ ခုတော့ အဲ့ဒီပုဂ္ဂိုလ်တွေလည်း အသံတိတ်၊ အနောက်တံခါးလုံခြုံရေးအဖွဲ့ကြီးလည်း ဘယ်ရောက်နေတယ် မသိတော့ဘူး။
 
 
ဆက်ရရင် အေးရှားဝေါက ဒီဒေသတဝိုက်က စီမံကိန်းလုပ်ငန်းတွေကို သူတို့ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ဖူးတယ်။ နောက်တော့ အဲ့ဒီစာမျက်နှာလည်း ဖျက်လိုက်ပုံရတယ်၊ မတွေ့မိတော့ဘူး။ ခုတော့ အဲ့ဒီဘက်ကရွာတွေ ဘယ်လိုပုံစံတွေဖြစ်နေပြီလဲ မသိရတော့ပါဘူး။
 
ပြောချင်တာက အဲ့ဒီ အငူမော်ဆိုတဲ့နေရာကလေး။ လှေဆိပ်အဝင်မှာ မောင်ကိုလေးဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ မောင်ကိုလေးလား၊ ကိုမောင်လေးလား နာမည်ခဏတိုင်း လွဲတယ်။ ထားတော့။ စစ်တွေကနေ မောင်တောသွားတိုင်း သူ့ဆိုင်မှာ ခဏနားပြီး ကားစောင့်ရ၊ တစ်ထောက်နားရပေါ့။ သတင်းကိစ္စလည်း မေးရလေ့ရှိတယ်။

တစ်ခါသား စစ်ကိုင်း မုံလှဘက် ခရီးထွက်ရင်း လမ်းမှာ ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာတယ်။ “အစ်ကိုရေ... အစ်ကို့ဖုန်းနံပါတ်နဲ့ နာရီတစ်လုံး၊ ရွှေဆွဲကြိုးတစ်ကုံး ကံစမ်းမဲပေါက်လို့” ဆိုပြီး ပြောလာတယ်။ ကျနော်ကလည်း ဒီအခွင့်အရေးကို စောင့်နေတာနဲ့ အံကိုက်ပဲ။ “ဟာ ဝမ်းသာတယ်ဗျာ” ပေါ့။
 
“အဲ့ဒါ ပစ္စည်းလေး လာပို့ပေးချင်လို့ အိမ်လိပ်စာလေး ပေးပါဦး” တဲ့။ “ကျနော်နေတာ ဝေးတယ်ဗျာ၊ လာပို့ပေးနိုင်ပါ့မလား မသိဘူး” ဆိုတော့ “ရတယ် အစ်ကို၊ မြန်မာနိုင်ငံထဲဆိုရင် ဘယ်နေရာဖြစ်ဖြစ် ရတယ်” တဲ့။ တကယ်ကို ဝန်ဆောင်မှုကောင်းတဲ့ လေသံ။ “ပိုက်ဆံပေးရဦးမှာလား” ဆိုတော့ “လမ်းစရိတ်ပဲ ပေးပါ အစ်ကို၊ ရန်ကုန်ကနေ ပို့ရမှာဆိုတော့ လမ်းစရိတ် ၃သောင်းခွဲဆို ရပါပြီ” တဲ့။
 
“ဒါဆို လိပ်စာ လိုက်မှတ်ဗျာ” ဆိုပြီး “ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တစ်ဖက်ကမ်း၊ အငူမော်၊ ကိုမောင်လေးဆိုင်မှာ မောင်ထွန်းရွှေလို့ မေးပါ။ အဲ့ဒီကနေ ၅ အိမ်ကျော်ဆို ရောက်ပြီ၊ ရွာက သေးတော့ မောင်ထွန်းရွှေလို့ မေးရင် ဘယ်သူမဆို သိပါတယ်” လို့ပြောလိုက်တယ်။
 
ကောင်မလေးက အသေအချာ မေးတယ်။ စစ်တွေမှာ သူတို့ လက်ခွဲရှိကြောင်း၊ အငူမော်ကို ဘယ်လို စာလုံးပေါင်းသလဲဆိုတာလည်း မေးပြီး တစ်ပတ်အတွင်း ပစ္စည်းရောက်မယ့်အကြောင်း ပြောပြီး ဖုန်းချသွားတယ်။
 
ကျနော်လည်းမေ့မေ့ပျောက်ပျောက်ပဲ။ စစ်ကိုင်း မုံလှကနေပြန်လာပြီး ရန်ကုန်ပြန်ရောက်တော့မှ ဖုန်းတစ်လုံး ထပ်ဝင်လာတယ်။ ညနေ ၃ နာရီလောက်ဖြစ်မယ်။
 
“အစ်ကိုရေ ပစ္စည်းလေး လာပို့နေပြီ၊ အငူမော်ကို ရောက်နေပါပြီ၊ အိမ်မှာ လူရှိလား မသိဘူး” တဲ့။ “ဟာ တကယ်လာတာလားဗျ” ဆိုတော့ “ကျနော် ခု ဟိုဘက်ကမ်း ကူးဖို့ ဘုတ်စောင့်နေတာ” တဲ့၊ ရခိုင်တစ်ဝက် ဗမာတစ်ဝက် စကားနဲ့ ပြောလာတယ်။ “ကျနော် အိမ်မှာ ရှိတယ်ဗျာ၊ လှေဆိပ်မှာ မောင်ထွန်းရွှေလို့သာ မေးလိုက်” ဆိုပြီး စကားပြန်ရတယ်။
 
အဲ့ဒါ ပြောပြီးကတည်းက အဲ့ဒီနံပါတ်ကို ဘလော့ထားလိုက်တာ၊ နောက်ထပ် ဖုန်းတစ်လုံး ဝယ်တဲ့အထိပဲ။ အငူမော်က ကိုမောင်လေးကတော့ ကြိတ်ဆဲနေမလား မသိ။

You can treat me a cup of coffee.

wave

Press ESC to close