တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီက လူဦးရေစာရင်း စ ကောက်

အိမ်ထောင်စု စာရင်းစစ်ဆေးမှုနဲ့ လူဦးရေစာရင်း ကောက်ယူမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ က စပြီး ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
 
လက်ရှိအချိန်ထိ သိရသမျှ ရန်ကုန်မှာ အများဆုံးဖြစ်ပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်နဲ့ ချင်းပြည်နယ်အပါအဝင် ရှမ်းပြည်နယ်တို့မှာ အိမ်ထောင်စုစာရင်းကို ဒီနေ့ ဇန်နဝါရီ ၉ မှာ အဆင်သင့်ပြင်ထားဖို့ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေတုန်းက လော်စပီကာနဲ့ ကြေညာခဲ့တာပါ။
 
ရန်ကုန်မှာ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ စမ်းချောင်း၊ တာမွေ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်၊ ဒေါပုံ၊ ရွှေပေါက္ကံ၊ သန်လျင်၊ ဗဟန်း၊ အင်းစိန်၊ အလုံနဲ့ တိုက်ကြီးတို့ပါတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တခြားမြို့နယ်တွေလည်း ပါနိုင်ပါသေးတယ်။
 
မန္တလေးက တချို့မြို့နယ်တွေမှာ မနေ့က လော်စပီကာနဲ့ လိုက်လံဆော်သြနေပြီး တချို့မြို့နယ်တွေမှာတော့ ဒီနေ့ ဇန်နဝါရီ ၉ မှာ စတင်ပြီး လူဦးရေကို အိမ်တိုင်ရာရောက် စာရင်းကောက်ယူမယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ပြောတဲ့အကြောင်း ဒေသခံတချို့က ဆိုပါတယ်။
 
မန္တလေးမှာနေတဲ့ ဒေသခံတစ်ဦးက “ရပ်ကွက် အုပ်ချုပ်ရေးမှူးတော့ မဟုတ်ဘူး။ အခုက နေ့စားလိုလို အမျိုးသမီးတစ်ယောက်က အရင် အိမ်ထောင်စုစာရင်း ကောက်တာတွေ၊ လူမစုံသေးရင် ညနေကို ပို့ပေးဖို့ လိုက်ပြောနေပါတယ်” လို့ မနေ့က တွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။
 
ကချင်မှာ မြစ်ကြီးနား၊ ချင်းမှာဆို ဟားခါး၊ ဧရာဝတီတိုင်းမှာ ငွေဆောင်နဲ့ ပုသိမ်၊ တနင်္သာရီတိုင်း မြိတ်မြို့တို့မှာလည်း ကြေညာခဲ့တယ် အဲ့ဒီက ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုစာရင်းမှာ ရှိပြီး အိမ်မှာ မရှိရင်တော့ မှတ်ပုံတင်ကို မိတ္တူကူးပြီး ပြရမယ်လို့ ဆိုပါတယ်။
 
“အိမ်‌ထောင်စုစာရင်းရှိလူအကုန် ဓါတ်ပုံစုရိုက်ပီး ‌မိတ္တူတွေနဲ့တကွ ပေးရမှာပါတဲ့၊ ရပ်ကွက်ထဲတော့ မိတ္တူဆိုင်တွေမှာ ကြိတ်ကြိတ်တိုးပဲ” လို့ ရန်ကုန်မှာနေတဲ့ ဒေသခံတစ်ဦးက မနေ့က သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။
 
စမတ်ကတ် ထုတ်ပေးမယ်လို့လည်းဆို
 
ဒါ့အပြင် မန္တလေးက အချို့မြို့နယ်တွေမှာဆိုရင် ပန်းရောင်မှတ်ပုံတင်ကို စမတ်ကတ်နဲ့ အစားထိုးပြောင်းမယ်လို့လည်း စာရင်းကောက်ခံသူတွေက ပြောတယ်လို့ ဆိုပါတယ်။ ရန်ကုန်၊ တာမွေမှာလည်း လူဦးရေစာရင်း ကောက်ယူနေပြီး စမတ်ကတ် ထုတ်ပေးဖို့အတွက်လို့ ပြောသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စမတ်ကတ်နဲ့ပတ်သက်ပြီး သီးခြားအတည် မပြုနိုင်ပါဘူး။
 
 
“အိမ်ထောင်စုက အခုနေတဲ့နေရာမှာ မဟုတ်ရင် လက်ရှိနေထိုင်တဲ့ နေရာမှာ အိမ်ထောင်စု အသစ်တစ်ခု လုပ်ပေးမယ်ပြောတယ်။ စမတ်ကတ် ဆိုတာလည်း မွေးရာဇာတိ မဟုတ်ရင်တောင် ပြောင်းမယ်” လို့ စာရင်းလာကောက်သူက ပြောသွားတဲ့အကြောင်း မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။
 
စစ်ကောင်စီဟာ ဒီနေ့ ဇန်နဝါရီ ၉ မှာ စတင်ကောက်ခံမယ်လို့ ကြေညာထားပြီး နယ်မြို့အချို့မှာ ပြီးခဲ့တဲ့ စနေနေ့ကတည်းက စတင်ပြီး ကောက်ခံခဲ့တာပါ။
 
တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စာရင်းကောက်တဲ့အကြောင်း မကြားရသေးပါဘူး။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့အချို့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒီနေ့ထိ ‘အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ကြ’ ဆိုတဲ့စာသားနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်ကို “ငြင်းဆန်၊ မပူးပေါင်းကြရန်” လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက ဆော်သြထားပါတယ်။
 
ဒါ့အပြင် ‘ရနိုင်သည့်နည်းပေါင်းစုံဖြင့် မှတ်တမ်းတင်ထားရန်’ နှင့် ‘မတရား ခြိမ်းခြောက်မှုများကြောင့် လူဦးရေစာရင်း ပေးရပါကလည်း အချက်အလက်အမှားများသာ ပေးကြရန်’ လို့ ကြေညာခဲ့ပါတယ်။
 
ဒီလိုမျိုး လူစာရင်းကောက်တာဟာ “တော်လှန်ရေး ရဲဘော်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သပိတ်မှောက် နိုင်ငံ့ဝန်ထမ်များ၊ ပုဂ္ဂလိက ဝန်ထမ်းများ ကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ပစ်မှတ်ထားရှာဖွေ ဖော်ထုတ်ရန် ရည်ရွယ်ခြင်း” ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close