စစ်ကောင်စီ တပ်ဖွဲ့ခေါင်းဆောင်တွေ ဘာလို့ အူစိုနေကြသလဲ

သတင်းလည်း တက်မလာ၊ ထုတ်ပြောဖို့လည်း ဝန်လေးကြတဲ့ ကိစ္စက ဖမ်းဆီးခံရပြီး ငွေတောင်းခံရတဲ့ဖြစ်ရပ်တွေပါ။ လူအများစုက သူတို့မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ ဖမ်းဆီးခံရတဲ့အကြောင်း ပြောကြပါတယ်။

ဒါပေမယ့် သိစေချင်ရုံသာ ပြောပြီး သတင်းမရေးဖို့ ထပ်ပြီး ပြောပါတယ်။ ဘာလို့ဆိုရင် ပေးရတဲ့ငွေ ပမာဏက များပြီး အလွယ်တကူ ပြန်ဒုက္ခပေးဖို့ လွယ်တာမို့လို့ပါ။

တချို့ကျတော့လည်း တစ်ဖက်လှည့်နဲ့ ငွေ ၁၀ သိန်းပေးရကြောင်း လာပြောတယ်။ ကျနော်က သတင်းရေးဖို့အတွက် အချက်အလက်တွေ ထပ်မေးတော့ မသိရတော့ကြောင်း ပြောပြန်တယ်။ သတင်းရေးမယ်ဆိုရင် နေရာ ရက်စွဲ ဖြစ်ရပ် လိုတာကိုး။ သေသေချာ စကားပြောကြည့်တော့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်နေတယ်။ လုံခြုံရေးကြောင့် ဘာမှ မပြောနိုင်ဘူး ဖြစ်နေတာ။

ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီးပါပဲ။ တချို့ဖြစ်ရပ်တွေ ဥပမာ ဆိုင်ကယ်ဖမ်းမိတာ၊ ကားဖမ်းတာ၊ ညအချိန်ကျော်တာ စတဲ့ကိစ္စတွေမှာ ငွေ ၃ သောင်းကနေ ၅ သောင်းထိ ရှိနိုင်ပေမယ့် လူကို စခန်းထိ ဖမ်းခေါ်သွားပြီး မင်းက ပီဒီအက်ဖ်နဲ့ ဆက်သွယ်နေတာလို့ စွပ်စွဲလိုက်ပြီဆိုရင်တော့ အနည်းဆုံး ၁၀ သိန်းကနေ စပါတယ်။ 

စစ်ကောင်စီနဲ့ ဖမ်းဆီးခံရသူကြား ဝင်ညှိပေးတဲ့ ကြားပွဲစားတွေတောင် ပေါ်နေပါပြီ။ ပီဒီအက်ဖ်မဟုတ်ကြောင်း တာဝန်ခံပေး၊ ဘယ်လောက်ပေးပေါ့။ ပြဿနာက ဒီအကြောင်းတွေကို မီဒီယာမှာ ပြောဖို့ မဖြစ်နိုင်တာပါပဲ။ ဖမ်းခံရသူဆိုတော့ အချက်အလက်တွေ အားလုံး ရဲစခန်းမှာ ရထားပြီ၊ ဘယ်ချိန် ဝင်ဖမ်းချင်ချင် နောက်တကြိမ် ဝင်ဖမ်းလို့ ရနေပြီ။

ဒီလိုဖြစ်ရပ်တွေ ဘယ်လောက်များများ ဖြစ်နေပြီး စစ်တပ်အောက်ခြေ ဗိုလ်မှူးအဆင့်လောက်တွေ ဘယ်လောက်ထိ ပိုက်ဆံရနေပြီလဲဆိုတာပါပဲ။ ခုက နေရာတော်တော်များများက ရဲက အုပ်ချုပ်တာ မဟုတ်ဘဲ စစ်တပ်ကပဲ အုပ်ချုပ်တာ ဖြစ်လို့ ဗိုလ်မှူးအဆင့်တွေ အူစိုကြတဲ့အချိန်ပါ။ တိုင်းတာချက်တွေ ရှိပါတယ်။

ယောဂ သင်တန်းတို့၊ အဆီချသင်တန်းတို့မှာ ဗိုလ်မှူးကတော်တွေ လာပြီး သင်တန်းအပ်နေကြပါတယ်။ ဒီလိုနေရာမျိုးတွေဟာ နဂိုက သူတို့အဆင့်တွေ အနားတောင် မကပ်ကြတဲ့နေရာမျိုးပါ။ ကတော်တွေ ဒီပိုက်ဆံတွေ ဘယ်က ရသလဲ။

ဦးဖြိုးမင်းသိန်း အာဏာရှိစဉ်ကတည်းက မထိရဲ မတို့ရဲတဲ့ ရန်ကုန်က ကေတီဗွီတွေဟာ ခု စစ်ကောင်စီလက်ထက်မှာ ခေတ်ပျက်သူဌေးတွေ၊ ဟိုဘက်ဒီဘက် ခွစားတဲ့ လုပ်ငန်းရှင်တွေနဲ့ မြို့ထဲ လုံခြုံရေးယူရတဲ့ တပ်ဖွဲ့တွေရဲ့ အကြီးအကဲတွေ ခိုနားရာ နေရာတွေ ဖြစ်နေပါပြီ။ တစ်ညတစ်ညကို အနည်းဆုံး ၁၀ သိန်းလောက် သုံးနေကြပြီ။ 

နဂိုက ဗိုလ်မှူးအဆင့်လောက် တစ်ည ၁၀ သိန်းသုံးဖို့ဆိုတာ ခွင်ကောင်းကောင်းရတဲ့နေရာကလူပဲ ဖြစ်နိုင်တာပါ။ ခုတော့ ကေတီဗွီတို့ မာဆတ်တို့မှာ စစ်ကေနဲ့ကောင်တွေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာပါပဲ။ ဒီပိုက်ဆံတွေ ဘယ်ကလာသလဲ။ နဂိုက မွဲနေတဲ့ကောင်တွေ ခုကာလ ဘာလို့ ဒီလောက် အူစိုလာကြသလဲ။

ဒါက မြို့ပေါ်က လုံခြုံရေးအဖွဲ့ အကြီးအကဲတွေ ဖြစ်ပါတယ်။ နယ်မှာ၊ တောမှာရော....?

သတင်းတွေထဲမှာတော့ ဘယ်ရွာကို ဝင်ပြီး မီးရှို့သွားကြောင်း၊ ဘယ်ရွာကိုတော့ ဝင်မွှေသွားကြောင်း ဒီလောက်ပဲ ပါပါတယ်။ ဒီရဲ့အကျိုးဆက်ကတော့ ဝင်မွှေခံရတဲ့အိမ်တွေဆီက အဖိုးတန်ပစ္စည်း၊ စားကောင်း သောက်ဖွယ်တွေဟာ မြေပြင်စစ်ဆေးရေးလုပ်နေတဲ့ တပ်တွေအတွက် ပဒေသာပင်တွေပါပဲ။

အပေါ်က အဘတွေဟာ ဒါတွေကို မထောက်ပံ့နိုင်ပါဘူး။ ခြင်းကြားလွယ်၊ ငှက်ပျောအူစားပြီး အာကာထွန်းဝတ်ထားကြတဲ့ စစ်သားတွေအတွက် ယန်ယန်ခေါက်ဆွဲပြုတ်ဟာ ရွှေပါပဲ။ ရခိုင်မှာတုန်းက ရွာတွေဝင်ရင် ရခိုင်ငါးပိတွေ ယူသွားလွန်းလို့ ငါးပိတပ်လို့တောင် အမည်တွင်ပါသေးတယ်။

သတင်းဖတ်ကြသူတွေအဖို့တော့ "ငတ်တဲ့ကောင်တွေ၊ သူခိုးတွေ ဓားမြတွေ" လို့ ကင်ပွန်းတပ်ကြပေမယ့် စစ်ဆင်ရေးလုပ်နေတဲ့ အောက်ခြေတပ်တွေအတွက် လူမရှိတဲ့ရွာဟာ သူတို့အတွက် အိုအေစစ်ပါပဲ။ 

ရခိုင်မှာ အောက်တိုဘာ ၉ အာဆာက စတိုက်ပြီး စစ်တပ်က ကျီးကန်းပြင်နားက ရွာတွေကို ဝင်မွှေတော့ ဝက်ပိတ်ဆိုတဲ့ရွာနားကို ကျနော်ရောက်တယ်။ ရွာထိပ်မှာ လူ ၁၅ ယောက်လောက်ဖမ်းပြီး မြောင်းထဲ ထည့်ထားပါတယ်။ အဲ့ဒီအချိန် ရွာထဲမှာ လူမရှိတော့ဘူး။ ဒီချိန်မှာ ရွာထဲက ပရီမီယမ်ဂိုး ဆေးလိပ်တွေနဲ့ မားမားခေါက်ဆွဲခြောက်ထုပ်တွေဆွဲလာတဲ့ တပ်ကြပ်ကြီးတွေကို မြင်ခဲ့ဖူးတယ်။

ကွတ်ခိုင်က ရွာတစ်ရွာဝင်ပြီး အိမ်ထဲမှာရှိတဲ့ ကြက်၊ ဝက်အကုန်ယူသွားတယ်ပြောတော့ အစက စဉ်းစားလို့ မရ။ နောက်တော့ ဒါတွေဟာ ဒီကောင်တွေအတွက် မက်လုံးတွေဆိုတာ တဖြည်းဖြည်း သိလာတယ်။ ချို့တည့်တဲ့ရွာတစ်ရွာကို ဝင်ရမှာထက် နည်းနည်းချောင်လည်တဲ့ရွာမျိုးကို စစ်ဆင်ရေး ပိုလုပ်ချင်ကြတယ်။

ရွာတွေဝင်စီးတာဟာ အောက်ခြေ စစ်ဆင်ရေးတပ်တွေအတွက် တစ်ထောက် အားဖြည့်နိုင်တာ ဖြစ်သလို သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ မက်လုံးတွေပါပဲ။ တကယ်တော့ စစ်တပ်ရဲ့ စစ်ဆင်ရေးစည်းမျဉ်းတွေဟာ တောထဲမှာ ကျင့်သုံးနည်းတွေပဲ ရှိပါတယ်။

မြို့ပေါ်မှာ ရွာထဲမှာ ကျင့်သုံးနည်းတွေ မပါပါဘူး။ ဒါကြောင့် မြို့ထဲကို ဝင်စီး၊ ရွာထဲကို ဝင်စီးရင် ရွှေတွေ့ရွှေယူ၊ ငွေတွေ့ငွေယူ၊ တိုက်ကောင်းကောင်း အိမ်ကောင်းကောင်းကို ရွေးပြီး မီးခံသေတ္တာ သို့မဟုတ် ဗီဒိုကို အရင်ဆုံး ရှာကြတာပါပဲ။ 

အပေါ်က အဘတွေကတော့ သူတို့လည်း ထောက်ပံ့စရာမလိုဘူး၊ အောက်ခြေက ကောင်တွေအတွက်လည်း မက်လုံးဖြစ်တော့ နှစ်ဖက်စလုံး အဆင်ပြေနေတော့တာပါပဲ။

 

You can treat me a cup of coffee.

wave

Press ESC to close