ရုပ်ရှင်လောကနဲ့ သတင်းသမားဇာတ်ရုပ်

ရုပ်ရှင်တခုထဲမှာ သတင်းထောက် ဇာတ်ရုပ်ပါတိုင်း အမြဲအလွဲလွဲအချော်ချော်တွေ ဖြစ်လေ့ရှိတော့ ကိုယ့်လောကသားတွေ ဒေါသထွက်ကြ၊ မကျေနပ်ဖြစ်ကြတယ်။ ခုလည်း မင်းသမီးအသစ်တယောက်ရိုက်တဲ့ ရုပ်ရှင်ထဲမှာ သတင်းထောက်ဇာတ်ရုပ်ပါလာပြန်ပြီး တလွဲတွေ လုပ်ထားပြန်တယ်။ ဆိုတော့ ကိုယ့်လောကသားတွေလည်း ထပ် မကျေနပ်ကြ၊ ဒေါသထွက်ကြပြန်တယ်။ ကန့်ကွက်မယ် ဘာညာပေါ့။ တချို့ကတော့လည်း ငပေါတွေကို ပြန်တုန့်ပြန်ရင် ငပေါပဲ ဖြစ်မယ်ပေါ့။

ကျနော့်အမြင်မှာတော့ သတင်းထောက်ဇာတ်ရုပ်ကို ရုပ်ရှင်ထည့်ရိုက်တိုင်း ဒီလိုဖြစ်နေအောင် လုပ်ခဲ့တဲ့သူတွေဟာ သတင်းလောကသားတွေ ကိုယ်တိုင်ပဲလို့ ဆိုချင်တယ်။

ကျနော် သတိထားမိတဲ့ သတင်းထောက်ဇာတ်လမ်း တခုရှိတယ်။ ရဲတိုက်နဲ့ သင်ဇာဝင့်ကျော် ပါတဲ့ကား၊ (အမှတ်မမှားဘူးဆိုရင်) အဲ့ဒါ 7Day News Journal ရုံးဟောင်း လပြည့်ဝန်းပလာဇာ ရုံးခန်းထဲမှာ ရိုက်ထားတာ။ ဒီကားထဲမှာ သတင်းထောက်ဇာတ်ရုပ်ကို ကြိုးစားပြီး ပေါ်လွင်အောင် ရိုက်ထားတာ တွေ့ရတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် သိပ်မကောင်းပေမယ့် သတင်းထောက်ဇာတ်ရုပ်ကို ပုံဖော်ထားတာ အဆင်ပြေတယ်။

နောက်တစ်ခုကတော့ ဘယ်ဇာတ်ကားမှာပဲ သတင်းထောက်ပါပါ… အဲ့ဒီသတင်းထောက် ဆွဲလေ့ရှိတဲ့ ကဒ်က “လျှပ်တပြက်” ဂျာနယ် မဟုတ်ရင် “မော်နီတာ” ဂျာနယ်ကဒ်ပဲ။ ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ ဒီဂျာနယ်က တာဝန်ရှိသူတွေဟာ သူတို့ကဒ်ကြီးဆွဲပြီး ပေါက်ကရတွေ လုပ်နေတာကို ဒီအတိုင်းခွင့်ပြုပေးထားတာ။ ဒီလောက တခုလုံးကို သက်ရောက်စေမယ်လို့ ဒီလူတွေ မတွေးမိဘူးလား။

နောက်တခုက အနုပညာ သတင်းထောက်တွေ (Entertainment Reporters) ရဲ့ အခန်းကဏ္ဍပါပဲ။ တခါက The Voice မှာ အင်တာဗျူးတစ်ခုဖတ်ဖူးတယ်။ ငပေါကားတွေချည်း သီးသန့်ရိုက်တဲ့ ဒါရိုက်တာ ကျော်ဇောလင်းကို သတင်းထောက် (ကို) သန့်ဇင်ဦး ဗျူးထားတာပါ။

အဲ့ဒီမှာ မေးခွန်းပုံစံတွေက - "ခင်ဗျားအနေနဲ့ အောက်လုံးဟာသတွေ သုံးပြီး ဇာတ်ကားရိုက်တာ ဘယ်တော့ရပ်မှာလဲ" တို့၊ "ပရိသတ်ကို ထိုင်ကလိထိုးနေမယ့် ပေါတောတောဇာတ်လမ်းတွေပဲ ဆက်ရိုက်နေဦးမှာလား" တို့ စသဖြင့် (အတိအကျမဟုတ်ပေမယ့်) ပုံစံတူတဲ့ မေးခွန်းတွေ မေးတယ်။ နောက်ဆုံး ကျော်ဇောလင်းရဲ့ အဖြေတွေ ကမောက်ကမ ဖြစ်လာပြီး သူပြောချင်တာတွေ၊ နောက်ကွယ်က အကြောင်းတွေပါ သိလာရတယ်။

ပြဿနာက ဒီလိုမေးရဲတဲ့ အနုပညာသတင်းထောက် ကျနော်တို့ဆီမှာ ရှားတာပဲ။ ပုညခင်တို့၊ လမင်းမိုမိုတို့ကို အင်တာဗျူး၊ သူတို့နဲ့ဆဲလ်ဖီ တူတူတွဲရိုက်ပြီး သူတို့စာတွေမှ အဟုတ်ကြီးထင်နေတဲ့ အနုပညာသတင်းထောက်မျိုးတွေ ရှိနေတော့ လွန်းထားထားလို စာရေးဆရာမျိုးတွေက “ရသစာပေ ရေးဖို့ ကြိုးစားကြည့်ပါဦးမယ်” ဆိုတာမျိုးတွေ ပြောပြီပေါ့။

တဖက်မှာ ပြဿနာ တခုတော့ ရှိတယ်။ အဲ့ဒါက လူမင်းကို "အန်ခယ်လေးရှန့်… ခုဘာကားရိုက်နေပါသလဲရှန့်" လို့ ညုတုတုအသံနဲ့ မေးမယ့်အစား "ကိုလူမင်းရှင့်… ခေးငယ်ငယ်လေးတွေချည်း ရွေးတင်ပြီး အရည်မရ၊ အဖတ်မရကားတွေ ရိုက်နေတာ ပရိသတ်ကို အားမနာဘူးလား" လို့ မေးရဲမလား၊ မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို အဲ့ဒီလိုမေးလိုက်ရင် အန်ခယ်လေးကို နောက်တကြိမ် အင်တာဗျူး မရနိုင်တော့ဘူး။

ဒါရိုက်တာ ပြည်ဟိန်းသီဟကို “ဗီဒီယို ရိုက်လိုက်တာ ဇာတ်လမ်းသိပ်ကောင်းသွားလို့ ကားဆက်ပြီးခါမှ ရုပ်ရှင်ကားကြီးပြောင်း (နာမည်ထိုး) လိုက်တာ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံသလား” လို့ မေးကြည့်ပါလား။ ဆွဲတောင် ထိုးသွားဦးမယ်။

“ဂါဂျနီး Gajini ကားကို ခိုးရိုက်ပေမယ့် အိုက်တင် တစ်ခုမှ သေချာမလုပ်နိုင်တာ ကိုအောင်ရဲလင်းအနေနဲ့ ဝန်ခံရဲလား” တို့၊ “Transporter ဇာတ်လမ်းကို ကိုလူမင်းအနေနဲ့ ယူရိုက်ရဲလောက်အောင် ဘယ်အရာက တွန်းအားပေးတာလဲ” တို့ စသဖြင့် အနုပညာ သတင်းထောက်တွေ မမေးရဲကြဘူး။

နောက်တခုရှိသေးသဗျ။ အဲ့ဒါကတော့ သတင်းစာတိုက်ကြီးမှာရှိတဲ့ စီနီယာတွေက ဂျူနီယာတွေကို ပေးတဲ့ဒုက္ခ။ ဘာလဲဆိုတော့ ဥပမာ ချစ်သုဝေကို စီနီယာတယောက်က အင်တာဗျူးတယ်ဆိုပါစို့...

"ကျမက TwentyOne ဂျာနယ်က သတင်းထောက်ပါ ထရီဇာလေး ဆင့်၊ နောက်ထပ် TwentyOne ဂျာနယ်က တယောက်လာပြီး ထရီဇာ့ကို အင်တာဗျူးရင် မပေးပါနဲ့ ကျမကိုပဲ ဖြေပေးနော်" ဆိုတာမျိုး လုပ်တာပါ။ အဲ့ဒီလို ညစ်ပတ်ယုတ်ညံ့တဲ့ သတင်းထောက်တွေ တကယ်ရှိပါတယ်။ ဒီလိုမှလည်း သူတို့ စားပေါက်ချောင်မယ်လို့ တွေးပုံရတယ်။

ဒီလိုသတင်းထောက်မျိုးတွေနဲ့ ကိုယ့်ဂျာနယ်ကဒ်ကြီးဆွဲ၊ မီဒီယာကို ပုံဖျက်တာကို ပိုက်ဆံယူပြီး ထိုင်ကြည့်နေတဲ့ ဂျာနယ်တိုက် ပိုင်ရှင်တွေ ရှိနေသရွေ့တော့ တခြားလောကတွေကို ပုံစံဖျက်၊ သိက္ခာချနေတဲ့ ဒီရုပ်ရှင်လောကကြီးအနေနဲ့ မီဒီယာလောက ဆိုတာကရော ဘာကြီးမို့လို့လဲ၊ နောက်နောင်များမှာလဲ ဆက်ပြီး ပေါက်ကရတွေလုပ်၊ ကျင့်ဝတ်နားမလည်တဲ့ ပေါကားတွေထဲ သတင်းထောက်ဇာတ်ရုပ်တွေ ဆက်ပါနေဦးမှာပါပဲ။ 

You can treat me a cup of coffee.

wave

Press ESC to close