တကယ် ပိုက်ဆံ ပေးရသူနဲ့ ပြောချင်ပါတယ်

ပဲခူး အလောင်းထုတ်ရင် ပိုက်ဆံပေးရတယ်ဆိုတဲ့ကိစ္စ

 

ခု ကျနော့်ကို မန်းရှင်း လုပ်ပြီး ခေါ်နေကြတဲ့ပို့စ်ကို ကျနော် ဒီကနေ ဖြေရှင်းပါမယ်ခင်ဗျာ။ အဲ့ဒီပို့စ်ကို သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။ သူကိုယ်တိုင် ပေးခဲ့ရတာ မဟုတ်ပါ။ ထပ်ပြီး ပြောပါ့မယ်ခင်ဗျာ၊ သူကိုယ်တိုင် ပေးခဲ့ရတာ မဟုတ်ပါ။ ပေးခဲ့ရတယ်ဆိုသူက သူ့ကိုပြောတယ်ဆိုတာကိုသာ တဆင့် ပြန်ရေးထားတာသာ ဖြစ်ပါတယ်။ တဆင့် ပြန်ရေးတာပါ။

 

သတင်းရေးရင်....

 

ကျနော့်အစ်ကိုက ပြောတာ၊ ဟိုဘက်ရပ်ကွက်က ကျနော့် မိတ်ဆွေက လှမ်းပြောတာ၊ အဲ့မြို့မှာနေတဲ့ ဦးလေးက ပြောတာ၊ မနက်က အိမ်လာရင်း အဒေါ်က ပြောသွားတာ၊ သတင်းမမှန်ပဲ ထွက်လာပါ့မလား၊ မှန်လို့ ထွက်လာတာပေါ့ (ဆိုသူတွေအနေနဲ့တော့ ဒေါ်စုလွတ်ပြီ ဆိုတဲ့နေ့ကို ပြန် သတိရပေးပါ)၊ သူငယ်ချင်းက လာပြောတာ အဲ့ဒါ ဟုတ်တယ်တဲ့ ဆိုတာတွေနဲ့ သတင်းရေးလို့ မရပါ ခင်ဗျာ။

 

အရမ်းခံစားရတာပဲ၊ သူက အဲ့လိုပြောသွားတာ ဆိုပြီး ခံစားချက်နဲ့ တစ်ဆင့်ခံစကားကို ရောပြီးရေးလို့လည်း မရပါ။ တကယ်ကြုံရသူက ဘယ်သူမှန်းမသိတော့ဘဲ သူကိုယ်တိုင်ပဲ တကယ်ကြုံခဲ့ရသူလို ဖြစ်သွားတယ်။ သတင်းက အဲ့လို လုပ်လို့မရပါခင်ဗျာ။ သတင်းက ဒရာမာ ချိုးလို့ မရပါ။

 

ခင်ဗျားကိုယ်တိုင် ကြုံခဲ့ရတာလား၊ ရင်ခွဲရုံမှာ တောင်းတာလား၊ ဆေးရုံမှာ တောင်းတာလား၊ ဖုန်းဆက်ပြီး တောင်းတာလား၊ ငွေတောင်းတာက ဘယ်သူလဲ၊ စစ်သားလား၊ ရဲလား၊ အရပ်ဝတ်နဲ့လား၊ ပိုက်ဆံကို ဘယ်မှာပေးရသလဲ၊ ပေးရတဲ့ချိန်မှာ ဘယ်သူရှိနေသလဲ၊ ဘာကြောင့် ဒီလောက်ပဲ တောင်းတာလဲ ကျနော် မေးရပါတယ်။ ကိုယ်တိုင်ပေးရတာလား ဆိုတာ မေးရပါတယ်။ ကိုယ်တိုင်ပါ၊ တဆင့်ခံ၊ ဟိုလူ ပြောသွားတာ၊ ဒီလူပြောသွားတာ ဆိုပြီး လုပ်လို့မရပါ။

 

ခံဝန်ထိုးထားလို့ လုံးဝ ပြောလို့မရဘူး ဆိုတာကို ဖေ့စဘွတ်ပေါ်တင်နိုင်တဲ့ မိတ်ဆွေတွေအနေနဲ့ရော အဲ့ဒီခံဝန်ထိုးတာသူတွေနဲ့တောင် စကားပြောနိုင်သေးရင်၊ ခံဝန်ထိုးထားတဲ့အကြောင်း ဖေ့စဘွတ်ပေါ် တင်နိုင်သေးရင် ကျနော်နဲ့လည်း စကားပြောဖို့လည်း ပြောပေးကြစေချင်ပါတယ်။ နာမည်မလိုပါ၊ နေရပ်လိပ်စာမလိုပါ၊ ကျနော် အင်တာဗျူးချင်ရုံပါပဲ။ မေးခွန်းတွေ မေးချင်တာပါပဲ။

 

ပဲခူးက အလောင်းထုတ်ရင် ငွေတောင်းတယ် ဆိုတဲ့ကိစ္စ ကို မနေ့က ကျနော့်ဆီ လာပြောကြတဲ့ မိတ်ဆွေ အနည်းဆုံး ၁၂ ဦးကျော်ရှိပါတယ်။ တချို့ကလည်း ဒလံကိစ္စနဲ့ ရောကြိတ်တာတွေ့ရပါသေးတယ်။ ကျနော်က ငွေတောင်းတဲ့ကိစ္စပဲ ပြောတယ်ဆိုတာလေးလည်း သတိချပ်ပေးပါ။

 

ခုချိန်ထိ သေဆုံး/ကျဆုံး သွားသူ (၂) ဦးရဲ့ မိသားစုဝင်တွေ၊ ကျဆုံးသွားသူရဲ့ မိတ်ဆွေ (၃) ဦး၊ ကျဆုံးသွားသူ သူငယ်ချင်း (၄) ဦးနဲ့ ဖုန်းနဲ့ရော၊ အင်တာနက်မှာပါ စကားပြောဆိုပြီး ဖြစ်ပါတယ်။ ပိုက်ဆံပေးရတယ်ဆိုတဲ့ကိစ္စကို တယောက်မှ အတည်မပြုနိုင်ပါ။ တယောက်မှ အတည်မပြုနိုင်သေးပါ။ တချို့ကလည်း ပိုက်ဆံပေးရသူကို ရှာကြည့်ပေးမယ်လို့ ပြောပြီး မက်ဆင်ဂျာမှာ ဘလော့သွားသူတောင် ရှိပါတယ်။

 

တချို့ကလည်း သူငယ်ချင်း အရင်းကြီးက သွားထုတ်ထားတာ ဆိုလို့ ကျနော် စောင့်ပါတယ်။ ပြီးတော့ ကျနော် ထပ်မေးတော့ Seen တောင် မပြတော့ပါဘူး။ အတော်များများက ရှောင်ကုန်ကြပါတယ်။ တချို့ကကျ ပိုက်ဆံပေးရတဲ့အကြောင်း ပို့စ်တင်တယ်။ ပြီးတော့ ဖျက်သွားကြပါတယ်။

 

အားလုံးကို ကျနော် တောင်းဆိုတာ တခုတည်းပါ။ ကိုယ်တိုင် ကြုံရသူကို မေးချင်တာပါ။

 

ဒါပေမယ့် ခုချိန်ထိ ပဲခူးငွေတောင်းတဲ့ကိစ္စကို ကိုယ်တိုင် ငွေတောင်းခံရသူနဲ့ ချိတ်ဆက်ပေးနိုင်တဲ့သူ မရှိသေးပါခင်ဗျာ။ ကိုယ်တိုင် ကြုံရသူနဲ့ စကားပြောနိုင်ရေး ကျနော် ကြိုးစားနေပါတယ်။ သတင်းမှန် ရရေး ကူညီပေးပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close