မြေနုလမ်း

မင်သော်ပါတဲ့ဆေးလိပ်ကို နှစ်ဖွာလောက်ပဲ ရှိုက်မယ်လို့ ကတိပေးတော့ အရှေ့ဆိုင်မှာ သူ့အတွက်တစ်ဘူး၊ ကိုယ့်အတွက် မင်သော် မပါတာတစ်ဘူး ဝယ်ခဲ့လိုက်တယ်။ ဆိုင်ရှေ့ မျက်စောင်းထိုးမှာ စောင့်နေတဲ့ သူ့မျက်နှာပေါ်မှာ အဓိပ္ပါယ်တစ်ခုခု တွေ့ရမလားဆိုပြီး အမြဲရှာဖွေကြည့်ဖူးပေမယ့် အလျင်လိုနေတဲ့ အရိပ်အယောင်ကလွဲပြီး ကျန်တာတွေကို ဘာသာပြန်လို့မရခဲ့။ 

ဘေးချင်းကပ်လျက်ဆိုပေမယ့် ခပ်ခွာခွာပဲ လျှောက်ဖြစ်တယ်။ ရှေ့နားဆိုရင် လူရှင်းပြီး အမှောင်ရိပ်ကျတော့မှာပဲ။ စိတ်ထဲ ဒီလမ်းထဲကလူတွေက နှစ်ယောက်လုံးကို မှတ်မိနေမလားဆိုပြီး သူ့အတွက် အမြဲစိုးရွံ့ဖူးတယ်။ ဟုတ်တယ် သူ့အတွက်။ ချွေးစေးတွေ ထွက်လာတဲ့ လက်ကို ဘောင်းဘီနဲ့ မသိမသာသုတ်လိုက်ပြီး အမှောင်ရိပ်ထဲ သူ့လက်ကို ကိုင်ရဖို့ ပြင်ဆင်ထားမိပြန်တယ်။

တစ်ခုခုကို ဖြတ်ကျော်နေတဲ့ အချိန်အတိုင်းအတာ ကျော်သွားတဲ့ ကာလလို့ နှစ်ယောက်လုံး နားလည်လိုက်တော့ သူ့ဆီက စကားသံထွက်လာတယ်။ 

“ဆေးလိပ်ရော...”
“တစ်လိပ်ပဲနော်၊ တကယ် တစ်လိပ်”
“အင်း တစ်လိပ်ပဲ” လို့ ပြုံးစစနဲ့ ပြန်ပြောတယ်။

မင်သော်ပါတဲ့ဘူးကို အရင်ဖောက်ပြီး ကိုယ့်နှုတ်ခမ်းမှာကိုက် သူ့အတွက် အရင် မီးငြှိပေးလိုက်တယ်။ တံတွေးတွေ အစွန်းအစ ပါမသွားအောင် သတိထားနေမှန်း ကိုယ့်ဘာသာ သိနေတဲ့ ခံစားချက်က ထူးဆန်းတယ်။

နမ်းခဲ့ဖူးတဲ့ အကြိမ်အရေအတွက်က လက်ချိုးရေလို့ ရလောက်မလားပဲ။

ညဉ့်နက်နက် သူ့ကို အိမ်ပြန်လိုက်ပို့တုန်းက လမ်းထိပ်က တိုက်ခန်းတစ်ခုထဲ နှစ်ဦးသား ပြေးဝင်ဖူးတယ်။ မြေညီအဝင်တံခါး သော့ခတ်မထားတော့ မှောင်နေတဲ့ ပထမထပ်ကို တက်လိုက်ကြပြီး ခပ်ပြင်းပြင်း နမ်းမိကြတယ်။ တစ်ခုခုက နှစ်ဦးလုံးကို ဆွဲယူနေသလိုမျိုး။ ၅ မိနစ်လောက်ထိ ရုန်းမထွက်နိုင်ခဲ့ကြ။

ဟုတ်တယ် သူ့ နှုတ်ခမ်းထူထူတွေကို နမ်းဖူးတယ်။ စိတ်ဆိုးရင် ဒါမှမဟုတ် သူက သူဖြစ်နေတဲ့အချိန်ဆိုရင် ပါးလျသွားတတ်တဲ့ အပေါ်နှုတ်ခမ်းကို အရမ်းကြိုက်ကြောင်း နောက်မှ ပြောပြဦးမယ်။ 

တစ်လိပ်ပဲလို့ ပြောပေမယ့် ဆေးလိပ်သောက်ရင် သူက အရင် ကုန်နေကျ။ ပြီးရင် ကိုယ့်ဆေးလိပ်ကို သူ ယူသောက်ဦးမှာ။ အရင်က ရင်ဘတ်အောင့်တယ်ပြောတော့ ဆေးလိပ် မသောက်ဖို့ တားဖူးတယ်။ ဘာကြောင့်မှန်း မသိပေမယ့် ကိုယ်တားရင် သူလက်ခံမယ်လို့ ထင်နေတဲ့ စိတ်အခံလည်း ပါမှာပေါ့။ ကိုယ်ကလည်း သူတားရင် လက်ခံတတ်တယ်လို့ ထင်တယ်။ 

ဖင်ဆီခံနားကပ်နေတဲ့ ဆေးလိပ်တိုကို ပစ်လိုက်မယ်လုပ်တော့ “ဟိတ်..... မပစ်နဲ့၊ အဲ့ဒါကို သောက်ချင်တာ” လို့ လှမ်းတားတယ်။ ဒါ သူအမြဲလုပ်နေကျ။ ကုန်ခါနီးဆေးလိပ်တိုကို အကြောင်းပြချက်မရှိဘဲ သောက်ချင်တာ။ ကမ်းပေးလိုက်တော့မှ ပြုံးသွားပြီး လက်ချောင်းတွေနဲ့ အသာအယာ လှမ်းယူတယ်။

အဲ့ဒီလက်ချောင်းတွေ။ 

“ရန်ကုန်မှာတုန်းက လက်ချောင်းတွေနဲ့ ခု ဒီရောက်လာတော့ လက်ချောင်းတွေ မတူတော့ဘူး”
“ဘာကွာသွားလို့လဲ...”
“အရင်တုန်းက ဖောင်းဖောင်းလေးတွေ၊ ခု ဖောင်းမနေတော့ဘူး” လို့ နှုတ်ခမ်းစူပြီး ပြောပြန်တယ်။

သေသေချာချာကြည့်လိုက်တော့ မကွာပါဘူး။ ဟိုးအရင်ကတည်းက သိပ်လှတဲ့ သူ့လက်ချောင်းတွေဟာ ခုချိန်ထိ ဒီအတိုင်းပဲ။ တစ်ယောက်တည်း ရှိနေချိန်မှာတောင် သိပ်လှနေရမှ ကျေနပ်တဲ့သူက သူ့ဘာသာ အမြဲဂရုစိုက်တတ်တယ်။ သူ့ လက်မောင်းတွေ၊ တင်းတင်းရင်းရင်းရှိလှတဲ့ ရင်သားတွေ၊ လည်ပင်းက အရစ်ကလေးတွေ၊ ချွန်နေတဲ့ နှာတံ၊ စည်းထားလေ့ရှိတဲ့ သူ့ဆံပင်တွေ။ တစ်ခုချင်းကို သူ ဂရုစိုက်တတ်တယ်။

ကိုင်လို့ မရတော့အောင် ပူလာတဲ့ ဆေးလိပ်တိုကို သူ လမ်းပေါ်ချလိုက်တော့ ကိုယ်က ဖိနပ်နဲ့ နင်းချေလိုက်ရတယ်။ 

“အဆင်ပြေရဲ့လား”
“ဘယ်ကိစ္စလဲ”
“အားလုံးပေါ့”
“ဒီလိုပဲလေ”

အမြဲ လျှောက်နေကျ ဒီလမ်းက သိပ်ရှည်လှတယ်ရယ် မဟုတ်ပါဘူး။ ဆိတ်ငြိမ်နေတာရယ်၊ လူသွားလူလာ ကျဲတာရယ်၊ ကားဖြတ်လေ့ မရှိတာရယ်။ လမ်းထဲ တိုက်ခန်းတွေဆီက အသံတွေကလည်း ငြိမ်တယ်။ ညာဘက်ကို ချိုးလိုက်ရင် လမ်းမကြီးပေါ်ရောက်ပြီ။ 

“လက်ကိုင်လို့ ရမလား” ကိုယ်ကမေးတော့ သူ့ဆီက အသံထွက်မလာဘူး။ သူ့လက်ကို လှမ်းယူလိုက်ပြီး ဟိုးအရင်တုန်းကလိုမျိုး လက်ဖမိုးကို တစ်ချက် နမ်းမိတယ်။ ပြန်လွှတ်မပေးတော့ဘဲ ဆက်ကိုင်ထားလိုက်တော့တယ်။ ဟိုးအဝေးကြီးက လာရသလိုမျိုး သူ့လက်ချောင်းတွေထဲ ကိုယ့်လက်ချောင်းတွေ ယှက်ထားမိတယ်။

ပျက်နေတဲ့ ပလက်ဖောင်းကို သူ သတိထားမိအောင်ကျော်ပြီး လက်ကို ဆွဲယူလိုက်တော့ အလိုက်သင့် ပါလာတယ်။ ညဉ့်နက်ပေမယ့် လမ်းမကြီးပေါ်မှာ ကားတွေ တဝီဝီသွားနေဆဲ။ ရန်ကုန်မှာ လိုင်းကား မဖြတ်တဲ့လမ်းမတွေထဲ ဒီလမ်းလဲ ပါလိမ့်မယ်။

“ရှေ့က အုတ်ခုံမှာ ထိုင်ကြမလား”
“အင်း” 

အုတ်ခုံက သေးတော့ နှစ်ဦးသား ကပ်ပြီး ထိုင်ရတယ်။ အိတ်ထဲက ဖုန်းကို ထုတ်၊ နားကြပ်ယူလိုက်ပြီး သူ့ကို နားကြပ်တစ်ဖက် တပ်ပေးလိုက်တယ်။ သူ ဘာမှ မပြောဘဲ ကိုယ်လုပ်သမျှ ငြိမ်ပြီး လက်ခံတယ်။

“အင်း ဒီသီချင်းကို သိတယ်။ အဲ့ဒီ Album ထဲမှာ အကြိုက်ဆုံး တစ်ပုဒ်ရှိတယ်၊ ဘယ်သီချင်းလဲ သိလား”
Comfortably numb လား”
“မဟုတ်ဘူး”
“ဟင်း... ဒါဆို Wish you were here”
အဲ့ဒါလည်း မဟုတ်ဘူး၊ Intro အရမ်းကောင်းတဲ့ သီချင်း” 

Playlist ထဲ ဝင်ရှာတော့မှ အောက်ဆုံးက တစ်ပုဒ်။ Lost for words.

တစ်ခါမှ တိုင်ပင်မထားဖူးဘဲ အမြဲတမ်း အကြိုက်တူတာက ကိုယ်တို့နှစ်ယောက်အတွက် ထူးဆန်းတဲ့အကြောင်းအရာတော့ မဟုတ်။ While my guitar gently weeps ကို Eric Clapton ရဲ့ ဗားရှင်းကို ကြိုက်တာ၊ ရေနွေးကြမ်းကို ဇိမ်ခံသောက်တတ်တာ၊ နောက်ပြီး ထူးထူးဆန်းဆန်း နှစ်ယောက်လုံး ရွှေဖရုံသီးချက် ကြိုက်တာမျိုးတွေ။ 

ခြံထဲက ခွေးတွေထွက်လာပြီး လှမ်းဟောင်တာနဲ့ အုတ်ခုံပေါ်က ထဖို့ ပြင်ရတယ်။ ဒီခုံပေါ်ထိုင်မိတာ ဘယ်နှစ်ကြိမ်လဲ မမှတ်မိတော့။ ဒါပေမယ့် ထိုင်မိတဲ့အချိန်တိုင်း အသစ်လို ခံစားရတယ်။ တချိန်တည်းမှာပဲ အမြဲတမ်း ထိုင်နေကျဆိုတာလည်း သိနေတဲ့ ခံစားချက်မျိုး၊ တပြိုင်နက် အတိတ်ကိုရောက်သွားလိုက်၊ ပစ္စုပ္ပန်ကို ရောက်လာလိုက်နဲ့။ ဒါပေမယ့် ဒီခဏကို နှစ်ယောက်လုံးက မက်မောနေမိတာ ပြောစရာမလိုဘဲ သိနေကြတယ်။

“ကျမကို ရူးသွားအောင်လုပ်နိုင်တယ်ဆို လုပ်ပစ်လိုက်ပါလား”
“ဟား ဟား တကယ်လား”
“ရူးချင်လို့၊ လူတစ်ယောက်ကို ရူးရူးမူးမူး ဖြစ်ချင်လို့”

ကိုယ်တို့နှစ်ယောက်လုံး ရူးရူးမူးမူး ဖြစ်ချင်ကြသူတွေ။ ရူးရူးမူးမူး မခံစားရတာတွေကို အစစ်အမှန်လို့ မထင်တတ်သူတွေ။ အဲ့ဒီ ဘာသာပြန်လို့ မရတဲ့ တွင်းနက်ကြီးတစ်ခုထဲ အတူတူ ခုန်ဆင်းခဲ့ကြဖူးတယ်။ ကျောစိမ့်နေအောင် ပြင်းထန်တဲ့ ဆွဲဆောင်မှုထဲ လိုက်ပါ နစ်ဝင်ခဲ့ဖူးတယ်။

“သိလား 3 idiots ဇာတ်လမ်းထဲမှာ မင်းသားက မင်းသမီးကို ပြောတဲ့အခန်းလေ၊ ကိုယ့်ချစ်တဲ့ လူက ကိုယ့်ဆီကို လမ်းလျှောက်လာရင် သာနေတဲ့လက ကြီးလာ၊ နောက် ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါးသွားပြီး တစ်ယောက်တည်း ကွက်ပြီး မြင်နေရတယ်ဆိုတာလေ”
“အင်း...”
“ကိုယ် မင်းနဲ့တွေ့ရင် ပတ်ဝန်းကျင်တစ်ခုလုံး မှုန်ဝါးသွားတယ်၊ မင်းတစ်ယောက်တည်းပဲ မြင်ရတော့တာ”
“အင်း” ဆိုပြီး သူက ပြုံးတယ်။

လမ်းက ဆုံးတော့မယ်။ ရှေ့နားက ညာဘက်ကို ချိုးလိုက်ရင် သူ့လမ်းထဲ ပြန်ရောက်တော့မယ်။ အဓိပ္ပါယ်က သူ့လက်ကို လွှတ်ရတော့မှာ။ မသိချင်ယောင်ဆောင်ပြီး မလွှတ်ဘဲ ဆက်ကိုင်ထားတော့ သူက ခပ်တင်းတင်းဆွဲဖြုတ်တယ်။ ပတ်ဝန်းကျင်က မသိလိုက်ပေမယ့် ရင်ထဲမှာ တစ်ချက် အောင့်သွားသလိုမျိုးပဲ။ 

လူတွေများတဲ့ လမ်းထဲ ပြန်ရောက်လာတယ်။ နောက်တစ်ကြိမ် ပြန်တွေ့ဖို့ မပြောဖြစ်ကြဘူး။ တွေ့မလား မတွေ့တော့ဖူးလားလည်း မသေချာပြန်ဘူး။ တစ်ရက်ရက်တော့ ပြန်တွေ့ကြဦးမှာပါ။ သူ့အခန်း ဟိုးအပေါ်ထပ်ကို ရောက်လောက်တဲ့အထိ စောင့်နေပြီးတော့မှ အောက်ကို ပြန်ငုံ့ကြည့်မလားဆိုတဲ့ အသိနဲ့ မော့ကြည့်မိပြန်တယ်။ မော့ကြည့်မိတာ ဒါနဲ့ဆို အကြိမ်ရေ မနည်းတော့ဘူး ထင်ပါ့။

မြေနုလမ်းက ပြန်လာတိုင်း လက်ဖမိုးကို နမ်းခဲ့တဲ့ အသိက တစ်ဘဝစာ ပါလာတယ်။ ပြီးတော့ ကိုယ်သောက်လို့ ကုန်ခါနီး ဆေးလိပ်တို အပိုင်းအစ။ အတိတ်၊ အနာဂါတ်၊ ပစ္စုပ္ပန်အားလုံးဟာ အဲ့ဒီဆေးလိပ်တိုကို သူ့နှုတ်ခမ်းနဲ့ ထိလိုက်တဲ့ အချိန်လေး။ ပတ်ဝန်းကျင်တစ်ခုလုံး ဝေဝါးမှုန်ရီသွားတဲ့အချိန်ပေါ့။

You can treat me a cup of coffee.

wave

Press ESC to close