မီဒီယာ ကြောင်သူတော်များ

တနေ့က သတင်းဆရာတယောက် ရေးထားသလို သတင်းထောက်ဖြစ်ရတာ အတော်မကောင်းတာပါ။ မြင်ရတွေ့ရတာတွေ များပေမယ့် မြိုမြိုချထားရလွန်းလို့ ညဘက်ဆို သောက်၊ မှောက်ကွဲ။ ဒါနဲ့ပဲ နေ့ဘက်သတင်းရေး၊ ညဘက် ဆိုင်ရောက်တာက နေ့စဉ်လုပ်နေကျလို ဖြစ်လာရော။

 

အာဏာသိမ်းလိုက်ပြီးတော့ သတင်းဌာန ၅ ခု ပိတ်သိမ်းခံရတယ်။ မဇ္စျိမ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း၊ ဒီဗွီဘီနဲ့ ခေတ်သစ်။ ဆဲဗင်းဒေးကတော့ လုံးဝ ဖျက်လိုက်တယ်။ ဒီဗွီဘီ၊ မြန်မာနောင်းနဲ့ ခေတ်သစ်ကတော့ ဆက်သွားတယ်။ ပြောစရာရှိတာက မဇ္စျိမ။

 

ဘယ်သတင်းထောက်မှ မသိလိုက်ခင် ပိုင်ရှင်တွေက ရန်ကုန်ကနေ အရင်ဆုံး ထွက်ပြေးသွားကြတယ်။ လက်သင့်ရာ သတင်းထောက်တချို့ကို နောက်တော့မှ ဖြည်းဖြည်းချင်း ခေါ်တယ်။ တချို့ သတင်းထောက်တွေဆိုရင် ကိုယ့်အယ်ဒီတာချုပ် ဘယ်ရောက်နေမှန်းတောင် မသိကြဘူး။ သတင်းဌာနက ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမယ်ဆိုတာကိုလည်း သတင်းထောက်တွေကို အသိမပေးခဲ့ဘူး။

 

အလုပ်ထုတ်လိုက်တာ အများကြီးပဲ။ လျော်ကြေးတပြားမှ မပေးဘူး။ ရွေးကောက်ပွဲကာလက ရလိုက်တဲ့ပိုက်ဆံ သောက်သောက်လဲ။ ရှိတဲ့ သတင်းထောက်နဲ့ ဗွီဒီယို၊ ဓာတ်ပုံ သမားတွေ နေ့မအား၊ ညမအား အလုပ်လုပ်ခဲ့ကြပေမယ့် အချိန်ပိုကြေးလည်း မရခဲ့ကြဘူး။

 

မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင်က ဘီဘီစီက ကိုအောင်သူရနဲ့ အတူ ဖမ်းဆီးခံရတယ်။ ဘီဘီစီက သူ့သတင်းထောက် ဖမ်းခံထားရတာနဲ့ ပတ်သက်ပြီး နေ့မအား၊ ညမအား သတင်းလုပ်တယ်။ သံရုံးတွေက တစ်ဆင့် ပြောတယ်။ အဲ... မဇ္စျိမက သူ့သတင်းထောက် ဖမ်းဆီးခံရတာကို သတင်းရေးတဲ့အခါ "သတင်းထောက်ဟောင်း" ဆိုပြီး နာမည်တပ်တယ်။ တာဝန်ကျေပဲ။

 

အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး၊ သတင်းပညာဆိုတာ ဘာညာ အကြီးအကျယ် အော်ပြီး ကိုယ့်သတင်းထောက်ကိုကျ အချိန်ပိုကြေးတောင် မပေးဘူး။

 

သတင်းထောက်ဆိုတာကလည်း သူများအခွင့်အရေးသာ အော်ကြီးဟစ်ကျယ် အော်နိုင်ကြတာ။ ကိုယ့်အခွင့်အရေးကျ ဘာမှ ပြောနိုင်ကြသူတွေ မဟုတ်ဘူး။ ပြောရင်လည်း အလုပ်က သိပ်သေချာတာ မဟုတ်ဘူး။ ဒီလိုနဲ့ပဲ မြိုသိပ်ပြီး လုံးပါး ပါးကြတာပဲ။ သတင်းစာ သမိုင်းမှာ ဘယ်တော့မှ စာအဖြစ် အက္ခရာတင်မယ့် အရာတွေ မဟုတ်ကြဘူး။ ဒီလိုနဲ့ ပြီးသွားကြမှာပဲ။

You can treat me a cup of coffee.

wave

Press ESC to close