သူရဲဘောကြောင်တဲ့ အကြမ်းဖက် စစ်ကောင်စီနှင့် ထူးခြားတဲ့ တစ်ပတ်တာ ခရီး

 

ရေးသားသူ - အယ်လီဂရာ မန်ဒယ်ဆင်

 

လွန်ခဲ့တဲ့ တပတ်က စီအန်အန်က ဝန်ထမ်းတစ်ယောက်က စစ်တပ်ရဲ့ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံကို ဝင်ခွင့်ရခဲ့တဲ့အကြောင်း လူပြောများနေကြပါတယ်။ ဒါပေမယ့် အများ မသိကြတဲ့အချက်က သူတင်မကဘဲ Globe ရဲ့သတင်းထောက်ဖြစ်တဲ့ ကျွန်မလည်း ဒီခရီးစဉ်မှာပါခဲ့တာပါ။

 

ဒီဆောင်းပါးကို ပူလစ်ဇာစင်တာနှင့် ပူးတွဲထုတ်ဝေတာဖြစ်ပါတယ်။ စစ်တပ်က စီစဉ်တဲ့ တစ်ပတ်တာ မြန်မာနိုင်ငံခရီးစဉ်ဟာ စိတ်ပျက်ဖွယ် အငြင်းပွားဖွယ်ရာ တွေနဲ့ ပြည့်နှက်နေတာကို ဒီဆောင်းပါးမှာ တွေ့ရမှာဖြစ်ပါတယ်။​ ဒါက ဝါရှင်တန်ပို့စ်နဲ့ပူးတွဲထုတ်ဝေတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ပါ။

 

မင်းဘာလို့ ကိုယ်တိုင် လာမကြည့်နိုင်တာလဲလို့ မြန်မာစစ်တပ်က ငှားရမ်းထားတဲ့ နိုင်ငံခြားလော်ဘီ Ari Ben-Menashe က ကျွန်မကို ခပ်ပြတ်ပြတ်မေးလိုက်ပါတယ်။ ဒီမေးခွန်းနှင့်အတူ ကျွန်မကလည်း မြန်မာနိုင်ငံမှာ နာမည်ဆိုးထွက်လှတဲ့ စစ်တပ်စီစဉ်တဲ့ ခရီးစဉ်ကို လိုက်ပါဖို့ အကြောင်းဖန်လာပါတော့တယ်။

 

ဒီတပတ်လုံးမှာ ကျွန်မနဲ့ စီအန်အန်ဟာ စစ်တပ်ရဲ့စောင့်ကြပ်မှုနဲ့အတူ ရန်ကုန်နဲ့ နေပြည်တော်တဝိုက် သွားလာခဲ့ရပါတယ်။ အကွက်ချစီစဉ်မှုတွေ ပြည့်နှက်နေတဲ့ ဒီခရီးစဉ်ဟာ နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် မြင့်တက်နေတဲ့ ဝေဖန်မှုတွေကြားက စစ်တပ်ရဲ့ပုံရိပ်ကို မြှင့်တင်ချင်တဲ့ ကြိုးပမ်းမှုတစ်ရပ်ပါ။

 

မြန်မာ စစ်တပ်ရဲ့လော်ဘီ Ben-Menashe က ဒီခရီးစဉ်ကို အဓိကကြိုးကိုင်သူပါ။

 

ကျွန်မရေးသားခဲ့တဲ့ တခြားဆောင်းပါးတစ်ခုမှာ သူက ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေကို အယုံအကြည်မရှိကြောင်း ပြောခဲ့ပါတယ်။ သူက သူမှန်တယ်ဆိုတာကို ကျွန်မကိုကိုယ်တိုင် မြင်စေချင်တယ်။ ​နိုင်ငံတကာ သတင်းဌာနတွေက မှားတယ်လို့ပြောတယ်။ ဘာပဲဲဖြစ်ဖြစ် ဒီခရီးစဉ်ဟာ Ben-Menashe ဘယ်လောက်တာင် မှားယွင်းနေတယ်ဆိုတာကို ထပ်မံအတည်ပြုနိုင်ခဲ့လိုက်ပါတယ်။

 

နိုင်ငံကူး လက်မှတ် ပို့ပေးပြီးလို့ ရက်နည်းနည်းကြာတော့ ကျွန်မဆီ ဖုန်းဆက်လာပါတယ်။ “အယ်လီဂရာ ရေ၊ ငါ Ari Ben-Menashe ပါ။ မင်းရဲ့တောင်းဆိုချက်တွေကို အာဏာအမြင့်ဆုံးရှိတဲ့ အရာရှိတွေဆီ ငါတင်လိုက်ပြီတဲ့။ မြန်မာစစ်တပ်ရဲ့ ထိပ်တန်းအရာရှိကြီးတွေကို ဆိုလိုပုံရပါတယ်။

 

သံသယတွေများနေပေမယ့် ကမ္ဘာ့အရက်စက်ဆုံး အကြမ်းဖက်ခေါင်းဆောင်တွေဖြစ်တဲ့ ဇင်ဘာဘွေက အာဏာရှင် ရောဘတ်မူဂါဘီ နဲ့ လစ်ဗျားက ကာလီဖာ ဟဖ္ဖတာ တို့နဲ့ အတူတူ အလုပ်လုပ်ဖူးတဲ့ ကနေဒါ-အစ္စရေးကပြား ပီအာ လုပ်ငန်းလုပ်တဲ့သူတစ်ယောက်က သူ့ကတိတော့ သူတည်မှာပါလေလို့ တွေးလိုက်ပါတယ်။

 

Ben-Menshe နဲ့သူ့လက်ထောက်က ကျွန်မကို တစ်ရက်တစ်ခါလောက် ဖုန်းခေါ်တယ်။ ဖုန်းခေါ်တဲ့အချိန်တိုင်း လုံခြုံရေးနှင့်ခရီးစဉ်အကြောင်း ရိုးရိုးမေးခွန်းလေးတွေ မေးတာတောင် ကျွန်မကို အော်ဟစ်အပြစ်တင်တတ်ပါတယ်။

 

မင်း ငါပြောတာကို ဘာလို့ တစ်ခါတည်း နားမထောင်တာလဲလို့ ဒေါသထွက်ပြီး ကျွန်မကို ဖုန်းထဲကနေအော်ဖူးတယ်။မင်းက ကလေးလား၊ မိဘတွေဆီက ခွင့်ပြုချက်လိုသေးတာလားလို့ပြောပါသေးတယ်။

 

ဒါတွေဖြစ်ခဲ့ပေမယ့် ရက်သတ္တပတ်အနည်းငယ်ကြာတော့ Ben-Menashe ရဲ့လက်ထောက်က ကျွန်မကိုဖုန်းခေါ်ပြီး ဖနွမ်းပင် က မြန်မာသံရုံးမှာ ကျွန်မအတွက် ဗီဇာရပြီလို့ပြောတယ်။ မတ်လ ၂၅ ရက် ညနေခင်းမှာတော့ မြန်မာနိုင်ငံကို တစ်ကြိမ်ဝင်ခွင့်ရှိမယ့် ဗီဇာကို ကျွန်မရဲ့ပတ်စ်ပို့စ်စာအုပ်မှာ ရခဲ့ပါပြီ။

 

တောင်ကိုရီးယားကနေထွက်တဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်ကို မတ်လ ၃၀ ရက်နေ့မှာ ကျွန်မသွားခဲ့တယ်။ ဝန်ထမ်းအနည်းငယ်နဲ့ လေယာဉ်အလွတ်ကြီးကိုပဲ မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းက မြန်မာခရီးသည်တွေနဲ့ ပြည့်နှက်နေပါတယ်။​ တစ်ချို့ကလည်း မိသားစုနဲ့ပြန်တွေ့ဖို့ တစ်ချို့ကလည်း ဆန္ဒပြလှုပ်ရှားမှုတွေမှာ ညီညွတ်စွာပါဝင်ဖို့ ပြန်လာကြတယ်။

 

ရန်ကုန်ကို ရောက်တယ်ဆိုတာနဲဲ့ ကျွန်မတို့အကုန်လုံးကို လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်လိုက်ကြတယ်။ ဆက်သွယ်မှုတွေအကုန်လုံးကို အနီးကပ်စောင့်ကြည့်နေကြပြီး VPN ချိတ်ထားတဲ့ Burner ဖုန်းတစ်လုံးကိုပဲ သုံးလို့ရခဲ့တယ်။ ဒါကအရေးမကြီးသေးဘူး။ ကျွန်မတို့ရန်ကုန်ကို စရောက်ရောက်ချင်းနေ့မှာပဲ ရန်ကုန်တစ်မြို့လုံးမှာ WiFi တွေဖြတ်တောက်ခံလိုက်ရတယ်။ ကျွန်မတို့ အွန်လိုင်းကနေ မျှဝေမယ့်အရာတွေကို ထိန်းချုပ်ဖို့ပေါ့။

 

ရိုင်ဖယ်သေနတ်ကိုင်းထားတဲ့ စစ်သားတွေစောင့်ကြပ်နေတဲ့ စစ်တပ်အိမ်ယာဝန်းတစ်ခုမှာ ကျွန်မတို့နေရတယ်။ အနည်းဆုံး ယူနီဖောင်းဝတ်နှစ်ယောက်လောက်ကတော့ ဂိတ်တံခါးဘေးက ကင်းတဲအပြင်ဘက်ကနေ တစ်ချိန်လုံးစောင့်ကြည့်နေကြတယ်။​ နောက်ဆုံးရက်မှာတော့ အရပ်ဝတ်နဲ့လူတွေ ပြောင်းသွားတယ်။

 

ပထမရက်မှာတော့ မနက်စာစားပြီး အပြင်မှာရပ်ထားတဲ့ဗန်ကားတစ်စီးနဲ့ ကျွန်မတို့ကိုလိုက်ပို့တယ်။ ကျွန်မတို့နဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာနကလူတွေနဲ့ စကားပြန်တွေပါ လိုက်ပါလာခဲ့တယ်။ ပြီးတော့ ကျွန်မတို့ကားကို တစ်စီးမှာလက်နက်ကိုင်စစ်သား ၁၀ ယောက်ကနေ ၁၅ ယောက်ပါတဲ့ ကား ၆ စီးက လိုက်ပါစောင့်ကြပ်ခဲ့တယ်။

 

စစ်သားအများစုကတော့ ရှေ့တန်းမှာ စစ်တပ်ရဲ့အကြမ်းဖက်ဗျူဟာတွေမှာ လှုပ်ရှား ဆောင်ရွက်နေကြတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ဆီကတော့ ဘာစကားသံမှမကြားခဲ့ရဘူး။ အထူးသဖြင့် ပြင်ပသတင်းတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ထားခြင်းကနေ စစ်တပ်လုပ်သမျှမှန်တယ် ဆိုတာမျိုး ဖြစ်အောင် လုပ်ထားတာပါ။

 

စစ်သားတွေက မီဒီယာကို စကားပြောလို့မရ။ အနောက်နိုင်ငံကမီဒီယာတွေက ငါတို့ရဲ့အမြင်တွေကို ပြောင်းလဲဖို့ ကြုးစားနေကြတာ။​ငါတို့အစိုးရရဲ့မီဒီယာတွေကပဲ မှန်ကန်တာလို့ ကျွန်မတို့နဲ့ပါလာတဲ့အဖွဲ့ထဲက စစ်သားတစ်ယောက်ကို အင်တာဗျူးဖို့ ကြိုးစားတော့ သူက ပြန်ပြောပြပါတယ်။

 

ခရီးစဉ်တစ်လျှောက်လုံးမှာ တာဝန်ချထားတဲ့အစောင့်အကြပ်တွေက ကျွန်မတို့လှုပ်ရှားမှုတိုင်းကို ကင်မရာနဲ့မှတ်တမ်းတင်ပြီး စောင့်ကြည့်နေကြတာပါ။​ တစ်ခါတစ်လေ ရေချိုးခန်းထဲထိ လိုက်ဖို့တောင် ကြိုးစားကြတယ်။ စစ်အရာရှိတစ်ယောက်ကတော့ ဒါကျွန်မတို့ လုံခြုံရေးအတွက်၊ ကျွန်မတို့ကို ဥပဒေမဲ့ရမ်းကားသူတွေ ဆီကနေ ကာကွယ်ဖို့လို့ ပြောတယ်။ ဥပဒေမဲ့ရမ်းကားသူဆိုတာ အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူတွေကို ရည်ညွှန်းတာပါ။ မြန်မာပြည်သူအများစုအတွက်ကတော့ ခြိမ်းခြောက်မှုတွေက သူတို့ဆီကနေလာနေတယ်ဆိုတာတော့ သူ့ကိုပြောပြလည်းအသုံးဝင်မယ်မထင်ပါဘူး။

 

နိုင်ငံတကာမီဒီယာများရှိနေတာကို ပြသခြင်းဖြင့် စစ်တပ်က ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာမျိုး ဖြစ်ချင်နေတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း စစ်သားတစ်ယောက်ယောက်ကို ဓါတ်ပုံရိုက်ဖို့များ ကျွန်မတို့ကြိုးစားမိရင်တော့ သူတို့ခေါင်းရှောင်သွားတော့တာပဲ။ ဒီခရီးစဉ်နဲ့ပက်သက်ပြီး မှတ်တမ်းတင်ခံရတာကို လိုလားပုံမပေါ်ပါဘူး။ အစောင့်အကြပ်တစ်ယောက်ရဲ့ပုံကို Facebook မှာတင်မိပြီးတဲ့နောက် သူ့ကိုယာဉ်တန်းကနေ ဆွဲထုတ်သွားခဲ့ကြတယ်။

 

ကျွန်မတို့မလာခင် ဒီခရီးစဉ်ဟာ လျှို့ဝှက်ချက်တစ်ခုဖြစ်နေခဲ့မယ် ဆိုရင်တောင် ကျွန်မတို့ရောက်သွားပြီးတဲ့နေရာတိုင်း ပြဿနာရှာခံရတော့တာပဲ။ လမ်းသွားလမ်းလာတွေဟာ ကင်မရာတွေကိုမြှောက်လို့ဓါတ်ပုံရိုက်ပြီး နိုင်ငံခြားသတင်းထောက်တွေ သတင်းလိုက်ယူနေတယ်ဆိုတာ ကောလဟာကကနေ အတည်ဖြစ်သွားပြီဆိုတဲ့အကြောင်း တီးတိုးပြောနေကြတယ်။

 

ကျွန်မကိုလူတွေမသိအောင်တော့ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် CNN ရဲ့သတင်းက နိုင်ငံတကာသတင်းခေါင်းစဉ်တွေမှာ လျင်မြန်စွာရောက်လာပြီးတဲ့နောက် မကြာမီမှာတော့ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။

 

ခရီးစဉ်ပထမနှစ်ပတ်အတွင်းမှာတော့ ဆန္ဒပြသူတွေရဲဲ့အကြမ်းဖက်မှုတွေကိုပြဖို့ သေချာရွေးထားတဲ့နေရာတွေကို ကျွန်မတို့ကိုခေါ်သွားတယ်။ ရန်ကုန်မြို့မြောက်ဘက်မှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး ၃ ရုံး၊ ဆန္ဒပြသူတွေမီးရှို့တယ်လို့ပြောကြတဲ့ စက်ရုံတွေကိုရောက်ခဲ့တယ်။ ဂန္ဒမာဟိုးဆေး ကတော့ ကျွန်မတို့ရောက်သွားချိန်မှာ မီးခိုးတွေထွက်နေတုန်းပဲ။

 

နေရာတစ်နေရာရောက်တိုင်း အာဏာသိမ်းချိန်ကစပြီး ဆန္ဒပြသူတွေ တိုက်ခိုက်တာ/နာမည်ဖျက်တာ ခံရတယ်လို့ သရုပ်ဖော်ထားတဲ့သူတစ်ယောက်စီကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ ကျွန်မတို့ကိုပြောပြတဲ့ဇာတ်လမ်းတွေက အချိန်ကာလပြောင်းလဲမှုနဲ့ သက်သေနည်းနည်းပဲရှိတာကြောင့် ယုံဖို့တော်တော်ခက်ပါတယ်။ ဖြစ်ရပ်တော်တော်များများမှာလူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့စကားရပ်ကိုသုံးပြီး နိုင်ငံခြားသတင်းထောက်တွေကို အာရုံဆွဲဆောင်ဖို့ကြိုးစားကြတယ်။

 

ဒါပေမယ့် မရေရာမှုတွေရှိသောလည်း စစ်တပ်ရဲ့အစီအစဉ်တွေကတော့ အလွန်မြင်သာပါတယ်။​နေပြည်တော်က ဗိုလ်ချုပ်တွေအနေနဲ့ သူတို့လုပ်ရပ်တွေကို ရန်ကုန်မှာ အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှု လေးခုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့သေသွားတဲ့လူဦးရေ အယောက်၆၀၀ကျော်နဲ့ ညီမျှတယ်လို့ ခပ်လွယ်လွယ် အတည်ပြုပြောဆိုခဲ့ကြပါတယ်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းကို နေပြည်တော်မှာလုပ်တဲ့ ကျွန်မနဲ့အင်တာဗျူးမှာ ဒီအချိုးအစားနှစ်ခုကို ညီမျှတယ်လို့ဘာကြောင့်ပြောနိုင်တာလဲဆိုတဲ့ ကျွန်မရဲ့မေးခွန်းကိုတော့ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

 

အဲဒီအစား ခရီးစဉ်အစမှာ တွေ့ရတဲ့သူပြောတဲ့ အနောက်တိုင်း မီဒီယာတွေကိုပြစ်တင်ပြောဆိုတဲ့ စွပ်စွဲချက်တွေကိုပဲ သံယောင်လိုက်ပြောဆိုခဲ့ပါတယ်။

 

မြန်မာနိုင်ငံကမီဒီယာတွေက အနောက်နိုင်ငံတွေရဲပံ့ပိုးမှုကိုရထားကြတော့ သူတို့ကအခြေအနေမှန်ကို ဘယ်တော့မှထုတ်ဖော်ရေးသားမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီးက ပြောပါတယ်။မီဒီယာတွေက ပုံကြီးချဲ့နေကြတာလို့လည်းဆက်ပြောပါတယ်။

 

စစ်တပ်ကို သူတို့ရဲ့ဇာတ်လမ်းကို အပြည့်အဝတင်ပြခွင့်ပေးထားတာတောင် သူတို့ဟာခုခံတင်ပြနိုင်စွမ်းမရှိခဲ့ပါဘူး။ သူတို့ရဲ့အာဏာကိုစိန်ခေါ်လာတဲဲ့အခါမှာ လက်တွေ့မြေပြင်က ဖြစ်ရပ်မှန်နဲ့အမှန်တရားတွေဟာ သူတို့နဲ့မသက်ဆိုင်တော့ပါဘူး။

 

ရန်ကုန်မြို့တွင်းအတွက် သတင်းယူရတဲ့နောက်ဆုံးရက်မှာတော့ ကျွန်မတို့အဖွဲ့ကို စစ်တပ်က အင်းစိန်မှာရှိတဲ့ ၁၀ မိုင်စျေးကို ခေါ်သွားခဲ့ပါတယ်။ အဲ့စျေးကိုအရောက်မှာတော့ မထင်မှတ်စရာကောင်းလောက်အောင်ပဲ ကျွန်မတို့အဖွဲ့ဟာ မြေပြင်မှာအမှန်တကယ်ဖြစ်နေတဲ့ လူထုရဲ့အနေအထားကို အံ့အားသင့်စရာ မြင်တွေ့လိုက်ရတော့တာပါပဲ။

 

စစ်တပ်အတွက်ကတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားတယ်လို့ပဲပြောရတော့မှာပေါ့။ ကျွန်မစျေးတန်းထဲကိုတဖြည်းဖြည်းလျှောက်လာတာနဲ့တပြိုင်နက် စစ်အာဏာရှင်ကို အလိုမရှိကြောင်းဖော်ပြတဲ့ သံပုံးတီးသံတွေဆူညံလာတာများဆိုရင် အခုနတုန်းက တိတ်ဆိတ်နေတဲ့ စျေးပရဝုဏ်ကြီးတစ်ခုလုံး အုံးအုံးကျက်ကျက်နဲ့ လှုပ်ရှားအသက်ဝင်လာကြတဲ့အထိပါပဲ။

 

တစ်ချိန်ထဲမှာပဲ သံပုံးတီးတွေနဲ့အတူတူ စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဖော်ပြတဲ့သင်္ကေတဖြစ်တဲ့လက်သုံးချောင်းထောင်ထားတဲ့ ပြည်သူတွေဟာ စစ်သားတွေခြံရံထားတဲ့ ကျွန်မတို့မီဒီယာသမားတွေရှေ့ကို ရဲရဲဝံ့ဝံ့ ထွက်လာကြတော့တာပဲ။ မကြာခင်မှာပဲ အမျိုးသားတစ်ယောက်ထွက်လာပြီး ကျွန်မနဲ့စကားပြောဖို့ အနားရောက်လာတယ်။ ပြီးတော့ သူ့နည်းတူအခြားစျေးသည်တွေကိုလည်း ထွက်လာပါဝင်ကြဖို့ သူအော်ခေါ်တယ်။ ခဏအကြာမှာတော့ သူကျွန်မကို စကားစပြောပါတယ်။

 

ကျွန်တော်တို့တွေ သံပုံးတီးတယ်ဆိုတာက စစ်ဏာရှင်စနစ်ကိုအလိုမရှိတဲ့ အကြောင်းပြပြီး စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ရှံ့ချတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်သူတွေကိုယ်တိုင် ရွေးကောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ကိုပဲ လိုချင်ပါတယ်လို့အဆိုပါ အသက် ၆၀ အရွယ် အငြိမ်းစားသင်္ဘောသား အမျိုးသားကဆိုပါတယ်။

 

သူနဲ့ကျွန်မစကားပြောနေတုန်းမှာပဲ ကျွန်မတို့နားကနေ ရဲတပ်ဖွဲ့ဝင်တွေ ချီတက်ဖြတ်လျှောက်သွားပါတယ်။ အဲ့ရဲတွေ နည်းနည်းလွန်သွားတာနဲ့ သူကဆက်ပြောပါတယ်ကျွန်တော်ဘာပြောချင်လဲဆိုတာ အခုသဘောပေါက်ပြီမလား တဲ့။ ရဲတွေ စစ်သားတွေက ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို တားဆီးပိတ်ပင်နေတာကို သူရည်ညွှန်းနေတယ်လို့ ကျွန်မထင်လိုက်ပါတယ်။ သူဆက်ပြောတာကတော့ရဲတွေ စစ်သားတွေ ဒီစျေးကို ည ၈ နာရီ တိုင်းလာပြီး ကျွန်တော်တို့ကို အသံမထွက်နိုင်အောင် ဖိနှိပ်နေပါတယ်လို့ဆိုပါတယ်။ 

 

ကျွန်မတို့အုပ်စုဆက်လျှောက်လာပြီး မကြာပါဘူး အမျိုးသမီးတစ်ယောက်က မျက်ရည်တွေနဲ့ ထွက်လာပြီးပြောပါတယ်။ အခုလိုပြောရတာက သူမအတွက် အန္တရာယ်များပေမယ့် သူမအတွက်ကတော့ အမှန်တရားကို ထုတ်ဖော်ပြောဖို့က ပိုအရေးကြီးနေပါတယ်တဲ့။

 

စစ်တပ်က ဆန္ဒပြသူမှမဟုတ်ပါဘူး ဘယ်သူ့ကိုမဆို အကြောင်းအရင်းတစ်စုံတစ်ရာမရှိ ပစ်သတ်နေတာပါ။ ကျွန်မတို့တွေ သံပုံးတီးရင်တောင် ဝင်ပစ်ပါတယ်။ ပြီးရင်တော့ စစ်တပ်က ဒီအမှန်တရားတွေကို ဖုံးပစ်ပြီး ကမ္ဘာကြီးကို သူတို့လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေပြဖို့ပဲ ကြိုးစားနေကြပါတယ်။ ကျွန်မတို့ကို ကယ်ကြပါ။ ကျွန်မတို့ပြည်သူတွေ ကမ္ဘာ့အကူအညီ အမှန်တကယ်လိုအပ်နေပါတယ်လို့မျက်ရည်စတွေနဲ့ သူမကဆိုပါတယ်။

 

တကယ်တော့ ကျွန်မအနေနဲ့ ဒီလိုအကြောင်းအရာတွေကို ဒီအမျိုးသမီးပြောမှ သိရတာမျိုးမဟုတ်ပဲ အရင်ထဲက ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံအရေးတက်ကြွလှုပ်ရှားသူတွေဆီကနေ မကြာခဏ ကြားလေ့ကြားထရှိခဲ့ပါတယ်။ စျေးထဲကနေကျွန်မတို့အဖွဲ့ ထွက်သွားပြီး မကြာခင်မှာပဲ ကျွန်မ တွစ်တာပေါ်ခဏတက်ကြည့်လိုက်တော့ ဒီမနက်မှာ CNN နဲ့စကားပြောမိခဲ့တဲ့ ပြည်သူ ၂ ယောက်ကို စစ်တပ်ကဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းနဲ့သွားတိုးပါတော့တယ်။

 

တဖြည်းဖြည်းနဲ့ အဖမ်းအဆီးကတိုးလာလိုက်တာဆိုရင် ၁၁ ယောက် အဖမ်းခံရတဲ့အထိဖြစ်လာပါတယ်။ တကယ်တော့ အဲ့ ၁၁ ယောက်ထဲမှာ ၈ ယောက်ပဲ CNN အဖွဲ့နဲ့ တိုက်ရိုက်စကားပြောဖြစ်ခဲ့ကြတာပါ။ ဒီလိုသတင်းတွေတက်လာတာနဲ့ CNN ခမျာလည်း သူ့လူတွေအချိတ်အဆက်နဲ့ အဲ့အဖမ်းခံထားရတဲ့သူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ စစ်တပ်ဘက်ကို ထိထိရောက်ရောက် တောင်းဆိုရပါတော့တယ်။

 

စစ်တပ်ရဲ့လော်ဘီ Ben Menashe ကိုလည်း အကြိမ်ပေါင်းများစွာစကားပြောပြီး ဟိုလူတွေကို အမြန်လွှတ်ပေးရန်တောင်းဆိုပေးဖို့ ဖိအားပေးရပါတော့တယ်။ နောက်ဆုံးမှာတော့ CNN နဲ့တိုက်ရိုက်စကားပြောဖြစ်ခဲ့တဲ့ လူ ၈ ယောက်ကိုတော့ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

 

စစ်တပ်လော်ဘီဖြစ်သူ Ben Menashe က ဧပြီ ၈ ရက်နေ့မှာ Globe ကို ပြောတာကတော့စစ်တပ်ကတော့ ဒီဖြစ်ရပ်ကို စိတ်ပျက်နေရှာပါတယ် ဘာလို့ဆို လိုက်ဖမ်းတဲ့ရဲတွေက ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ အောက်ခြေတပ်သားတွေလေ။ အထက်အရာရှိတွေ သိတော့ ဘယ်ရမလဲ။ ချက်ချင်းပြန်လွှတ်ပေးလိုက်ပါတယ်တဲ့။

 

အဲ့နောက်မှာတော့ ကျွန်မတို့အဖွဲ့ကို ရန်ကုန်မြို့တွင်းက နောက်တစ်နေရာဖြစ်တဲ့ မင်္ဂလာဒုံစျေးထဲကို စစ်တပ်က ခေါ်သွားပါတယ်။ အဲ့နားတစ်ဝိုက်မှာနေကြသူတွေဆိုတာက စစ်တပ်ရဲ့ မိသားစုတွေကြီးပဲမို့လို့ အဲ့စျေးကို တပ်စျေး လို့ပြည်သူတွေက ခေါ်ကြပါတယ်။ စျေးထဲကိုဝင်လာကြတာနဲ့ စစ်တပ်က အကွက်ချကြိုတင်လေ့ကျင့်ပေးထားတဲ့ ဒီဇိုင်းပုံစံတွေကို စတွေ့ရတော့တာပါပဲ။

 

ကျွန်မတို့ကို ငြိမ်းချမ်းရေးသင်္ကေတ တွေပြကြပါတယ်။ ကျွန်မအထင်တော့ အဲ့တာက ပြည်သူတွေရဲ့ လက်သုံးချောင်း သင်္ကေတ ကို အတိုက်အခံသဘောသက်ရောက်အောင်လို့ စစ်တပ်ရဲ့ ကြိုတင်ပြင်ဆင်ပေးထားမှုလို့မြင်ပါတယ်။ စစ်တပ်ဟာ အဲ့သလောက်ထိ စီစဉ်အကွက်ချပြ ဇာတ်တိုက်ထားပေမယ့်လည်း သူတို့ရဲ့အစီအစဉ်ကြီးက မအောင်မြင်သွားပါဘူး။ မင်္ဂလာဒုံစျေးထဲမှာရှိနေတုန်းမှာပဲ အမဲရောင်ကားတစ်စီး ကျွန်မနားကိုလာရပ်ပါတယ်။

 

မှန်တွေချလိုက်ပြီး အထဲလူ ၃ ယောက်ဟာ ကျွန်မတို့ကို အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်း သင်္ကေတ ကိုထောင်ပြပါတော့တယ်။ရှင်တို့ဒီနေရာကိုလာနေတယ်ဆိုတာကြားရလို့ ကျွန်မတို့က ရှင်တို့နဲ့စကားပြောချင်လို့လာခဲ့ကြတာပါလို့ ကားထဲက အမျိုးသမီးက ကျွန်မတို့ကို အော်ပြောလိုက်ပါတယ်။ ကြည့်ရတာ ကျွန်မတို့ဒီရောက်နေတယ်ဆိုတာကို သူတို့တွေ လူမှုကွန်ယက်ကနေ ခြေရာခံမိကြပုံပါပဲ။

 

မြန်မာပြည်မှာ အင်တာနက်ဖြတ်တောက်မှုတွေကို ပုံစံမျိုးစုံနဲ့ခံနေကြရတာတောင်မှ ပြည်သူတွေရဲ့ အသံနဲ့ သတင်းစီးဆင်းမှုတွေက လူမှုကွန်ယက်တွေမှာ အားလျော့သွားခြင်းမရှိပဲ အမြန်နှုန်းနဲ့စီးဆင်းနေဆဲပါ။

 

ဒီဈေးရဲ့ အဓိကဖောက်သည်တွေက စစ်တပ်အဆက်အနွယ်တွေဆိုတာ ကျွန်မသိတယ်။တ ဒါကြောင့် တခြားတစ်ဖက်က (ဆန္ဒပြသူတွေ)အသံတွေကိုကြားစေချင်တယ်လို့အဆိုပါ အမျိုးသမီးကပြောပါတယ်။ ခဏကြာတော့ မော်တော်ဆိုင်ကယ်တွေနဲ့ လူငယ်လေးတွေဟာ ပန်းစည်းလေးတွေနဲ့ စာတိုလေးတွေကိုကိုင်ပြီး ဖြတ်မောင်းသွားကြပါတယ်။ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအောက်မှာ ကျဆုံးသွားတဲ့ပြည်သူတွေကို ပန်းတွေနဲ့ ဂုဏ်ပြုကြမဲ့ လှုပ်ရှားမှုတစ်ခု အဲ့နေ့မှာရှိနေလို့ပါ။ 

 

ရန်ကုန်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့တတွေဟာ အာဏာမသိမ်းခင်ထဲက လူသူမရှိ ခြောက်ကပ်လှတဲ့ နေပြည်တော်ဆိုတဲ့ မြို့တော်လို့အမည်တပ်ထားတဲ့နေရာဆီကို ခရီးဆက်ခဲ့ကြပါတယ်။ ဒီလိုမျိုး ခြောက်ကပ်လွန်းတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နေပြည်တော်ရဲ့ ၁၂လမ်းမောင်း ဟိုင်းဝေးလမ်းကြီးတွေအပေါ် ကျွန်မတို့ရဲ့ကား ဖြတ်မောင်းသွားတဲ့အချိန်မှာလည်း မြူတွေသာ ဆိုင်းနေခဲ့တာပါ။

 

မြန်မာပြည်ရဲ့ ပုံမှန်ဥတုအချိန်ကာလအရတော့ နွေရာသီဖြစ်တဲ့အတွက် ခြောက်သွေ့နေရမှာက ဓမ္မတာပေမယ့် အခုကတော့ မိုးသက်မုန်တိုင်းအရှိန်ကြောင့် မိုးသည်းသည်းရွာသွန်းထားတာကို မြင်ရပါတယ်။ ကျွန်မတို့အဖွဲ့ နေပြည်တော်ကို လာရခြင်းကတော့ စစ်တပ်ဘက်က ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တွေ့ဆုံဖို့ပဲဖြစ်ပါတယ်။

 

ကျွန်မတို့က ဆက်သွယ်ရေးအရာရှိရယ် စစ်လော်ဘီ Ben Menashe ရယ်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းအပြင် အခြားသော စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်ခွင့်တောင်းပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။

 

စစ်တပ်ဘက်ကပြောတာကတော့ သူတို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်အပေါ် ရှုတ်ချမှုတွေ ပြစ်ဒဏ်ချမှတ်တာတွေကို ဂရုမစိုက်ကြောင်း၊ သူတို့အခေါ် ဖြုတ်ချခံထားရတဲ့သူတွေနဲ့ ယာယီသဘောမျှ ဖွဲ့စည်းထားတဲ့ CRPH အဖွဲ့ကို အရေးယူဖို့ရန်အတွက် အကြမ်းဖက်မှုနည်းလမ်းအပြင်မရှိကြောင်း ပြင်ဆင်ထားတဲ့ စာရွက်ထဲကစာတွေအတိုင်း သူတို့ပြောပြနေပေမယ့် တရားဝင်မှုအရာမှာတော့ ကျဆုံးနေဆဲပါပဲ။ သူတို့ရဲ့အကွက်တွေအတွက် အကောင်းဆုံးပြင်ဆင်ထားပေမယ့် သူတို့ရဲ့တင်ပြပုံတွေက ဇာတ်တိုက်ထားတာကို ရွတ်ပြနေသလိုဖြစ်နေဆဲပါပဲ။ 

 

ဒီခရီးစဉ်တစ်လျှောက်လုံးမှာ မေ့လို့မရအောင် ရင်ထဲစူးနစ်နေတဲ့အရာကတော့ ရဲရင့်တဲ့မြန်မာပြည်သူတွေရဲ့ ဝရန်တာကတစ်မျိုး၊ ကားတွေထဲကတစ်မျိုး၊ အွန်လိုင်းကတစ်ဖုံ ရသလိုနည်းလမ်းနဲ့ ဟစ်ကြွေးနေကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေပဲဖြစ်ပါတယ်။ 

 

ကျွန်မတို့အဖွဲ့ ရန်ကုန်ကမထွက်ခွါခင်အချိန်မှာ အမျိုးသမီးတစ်ယောက် ငိုကြီးချက်မနဲ့ ပြေးလာပြီးပြောသွားခဲ့ပါတယ်။ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ဖြစ်ရပ်တွေကို အမှန်အတိုင်း ပြန်ဖော်ပြပေးပါတဲ့။ 

 

Mratt's Channel က ဘာသာပြန်သည်။
မူရင်းဆောင်းပါး - https://southeastasiaglobe.com/myanmars-press-tour/

 

You can treat me a cup of coffee.

wave

Press ESC to close