အရှိန်မြှင့်ပေးဖို့ လိုနေတဲ့ CDM ထောက်ပံ့မှုများ

ဖေဖော်ဝါရီ ပထမပတ်ကတည်းက စတင်လိုက်တဲ့ CDM လှုပ်ရှားမှုတွေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်အားကောင်းနေဆဲပါပဲ။ လူထုဘက်က ရပ်တည်တဲ့ တပ်မတော်သားတချို့နဲ့ ရဲတပ်သားတချို့ ပါဝင်လာကြရာကနေ နိုင်ငံတကာအနှံ့က သံရုံးဝန်ထမ်းတွေပါ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတာပါ။

 

ဒါပေမယ့် ဒီထဲမှာ အဓိကကျတာက အခြေခံကျကျ ရုန်းကန်နေခဲ့ကြရတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ သာမာန်အောက်ခြေက ရုံးဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ မင်းအောင်လှိုင်ကို အဓိက ထိုးနှက်နိုင်တာ ပညာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ နောက်တစ်ခုကတော့ ပို့ဆောင်ဆက်သွယ်ရေးပါ။

 

တနိုင်ငံလုံးက အသိအမှတ်ပြု ထောက်ပံ့မှု ရခဲ့တဲ့ မီရထားဝန်ထမ်းတွေဆိုရင် ဝင်ငွေအနည်းဆုံးနဲ့ အဆင်မပြေဆုံး အခြေအနေတွေကနေ CDM လုပ်နေခဲ့ကြရတာပါပဲ။ နဂိုကမှ ချို့တဲ့လွန်းတဲ့ ဝန်ထမ်းတွေဟာ CDM လုပ်ပြီးတဲ့နောက် ထောက်ပံ့မှုရခဲ့ကြပေမယ့် အခြေအနေက အနည်းငယ် ယိမ်းယိုင်သလို ဖြစ်လာခဲ့ပါတယ်။

 

CDM သမားတွေကို ထောက်ပံ့မှု လုပ်ပေးနေတဲ့ အဖွဲ့တွေကလည်း ဖေဖော်ဝါရီကတည်းကနေ ဒီနေ့ထိ ၇၄ ရက်တိတိ ရှိလာပြီဖြစ်တဲ့အတွက် လက်ရှိအခြေအနေကို ဆက်ပြီးထိန်းထားနိုင်ဖို့ ကြိုးစားနေကြရပါတယ်။ ဒီအခြေအနေဟာ ငြင်းလို့မရတဲ့ အခြေအနေကြီးတစ်ခုပါ။

 

ဒါကြောင့် ငွေရေးကြေးရေး အဆင်ပြေသူတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ငယ်တွေဟာ နည်းလမ်းအမျိုးမျိုးနဲ့လည်း ရုန်းကန်လာကြရပါတယ်။ တိုက်ပွဲက ရှည်မှာဖြစ်တဲ့အတွက် ဒီအတွက်လည်း ရေရှည်အတွက် စဉ်းစားကြဖို့ လိုသလို ဒီလို CDM အတွက် ကူညီနေတဲ့အဖွဲ့တွေကိုလည်း မေ့မထားကြဘဲ ထောက်ပံ့ပေးကြဖို့ လိုပါတယ်။

 

လက်ရှိအချိန်မှာ CDM လုပ်နေကြသူတွေဟာ ချိတ်ဆက်မှုကောင်းကောင်းနဲ့ အင်အားကောင်းနေဆဲပါပဲ။ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့ လိုပါတယ်။ ပြီးတော့ CDM လုပ်နေပြီး အထောက်အပံ့မရကြတဲ့ ဝန်ထမ်းတွေလည်း ရှိနေကြပါသေးတယ်။ ဒါတွေကိုလည်း ဆက်လက်ထောက်ပံ့ဖို့ လိုလာပါတယ်။

 

နောက်ဆုံးတစ်ခုကတော့ စာရင်းမဝင်ကြတဲ့ CDM သမားတွေအခက်အခဲပါ။ အထူးသဖြင့် မိုဘိုင်းအင်တာနက် မရတဲ့မြို့တွေမှာ CDM လုပ်နေကြသူတွေကိစ္စပါ။ ဖိုင်ဘာအင်တာနက်လည်း မရကြတော့ သူတို့ CDM လုပ်နေတာကို CRPH ကို စာရင်းသွင်းဖို့လည်း မဖြစ်နိုင်ကြပါဘူး၊ နောက်တစ်ခုကတော့ ဒီလိုအချိန်မှာ စာရင်းပေးရမှာလည်း လုံခြုံရေးကိစ္စကလည်းရှိတော့ လိပ်ခဲတည်းလဲ ဖြစ်နေကြတာပါပဲ။ ဒါကတော့ CDM သမားတွေကို ထောက်ပံ့နေတဲ့ အဖွဲ့ငယ်တွေ စုစည်းအဖြေရှာသင့်တဲ့ကိစ္စလို့ မြင်ပါတယ်။

 

တနိုင်ငံလုံးအနှံ့ အာဏာရှင်မင်းအောင်လှိုင်စစ်တပ်ကို ဆန့်ကျင်ရေးတွေ လုပ်နေကြတာမှာ CDM လုပ်နေကြသူတွေဟာ အဓိက ထောက်တိုင်တွေဖြစ်တယ်ဆိုတာ နေ့တိုင်းထုတ်နေတဲ့ ချစ်နိုင် (စိတ်ပညာ) ရဲ့ ကြေညာချက်တွေ၊ ချော့တလှည့်၊ ခြောက်တလှည့်နဲ့ ရေးနေရတာတွေကြောင့် အတွင်းထဲမှာ တပ်ပျက်နေကြတယ်ဆိုတာ ပိုပြီး မြင်သာကြမယ်ထင်ပါတယ်။

 

ဒါကြောင့် CDM ကို အရှိန်မြှင့်ကြဖို့ လိုပါတယ်။ ဒီလိုပဲ CDM သမားတွေ ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကိုလည်း မေ့မထားကြဘဲ ပြန်ပြီး အာရုံစိုက်ပေးကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close