ကလေးတွေ သတ်ဖြတ်ခံနေရတာ ခေါင်းကြီးသတင်း မဖြစ်တော့ပါ

၂၀၁၆ ခုနှစ်က အင်တာနက်ပေါ်နဲ့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ အရေးတယူဖော်ပြခဲ့တဲ့ ဆီးရီးယားကလေးငယ်တစ်ဦးပုံ ရှိပါတယ်။ ဒီကလေးငယ် အိုမရန် ဒါနိရှ်ဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့နားက လေကြောင်းတိုက်ခိုက်မှုမှာ အသက်ဘေးက လွတ်ခဲ့သူပါ။ 

၂၀၁၅ တုန်းကလည်း ဆီးရီးယားကနေ ထွက်ပြေးလာပြီး အမေရော ကလေးရော ရေမြုပ်၊ ကမ်းစပ်ရေထဲ မှောက်ခုံလေး သေနေတဲ့ ကလေးလေး အလန်ကာဒီ ကိုလည်းမှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြကြပြီး ဆီးရီးယားပြည်တွင်းစစ်ဟာ ဘယ်လောက်ဆိုးရွားနေကြောင်း ရေးသားကြ၊ ပြောဆိုကြပေါ့။ 

ရခိုင် မောင်တောမှာ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ၆ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီးထိမှန်ပြီး ဆုံးပါတယ်။ မနေ့က မုံလှရွာကို မီးရှို့ လေကြောင်းကနေ ပစ်တာမှာ နွားကျောင်းနေတဲ့ ၇ နှစ်အရွယ် ကလေးတစ်ဦး ဆုံးပါတယ်။ 

ပြည်တွင်း သတင်းတွေမှာ ထည့်သွင်းရေးကြပေမယ့် ခေါင်းကြီး သတင်းအဖြစ် အရေးတယူ ဖော်ပြတာမျိုး မရှိပါ။ နေ့စဉ်သေကြေနေကြတဲ့ ကျနော်တို့ဆီမှာ သိပ် မရိုးတော့တဲ့ ဖြစ်ရပ်လို့တောင် ပြောရမှာပါ။ ဒါပေမယ့် ဒီလို ကလေးငယ်တွေ သေကြေနေတဲ့ကိစ္စမျိုးဟာ နိုင်ငံတကာ သတင်းဌာနတွေမှာ ဇောင်းပေး ဖော်ပြသင့်တဲ့ အကြောင်းအရာတွေပါ။ 

ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရထဲက မီဒီယာ၊ သတင်းနဲ့ ဝါဒဖြန့်ချိရေးအတွက် တာဝန်ယူထားကြသူတွေအနေနဲ့ အလေးဂရုပြုသင့်ပါတယ်။ လက်ရှိအချိန်က ‘သတင်းတွေဖြစ်နေတာပဲ မီဒီယာတွေ ရေးကြ’ လို့ လုပ်ရမယ့် အချိန်မျိုး မဟုတ်ဘဲ နိုင်ငံတကာကို မီးမောင်းထိုးပြရမယ့် သတင်း၊ ပြည်တွင်းမှာ လူကြားထဲ ပျံ့သွားစေရမယ့် သတင်းဆိုတာကို ခွဲခြားမှ ရတော့မှာပါ။ 

တချို့သတင်းတွေဟာ ပြည်တွင်းပရိသတ်အတွက် ကြီးကျယ်ပေမယ့် နိုင်ငံတကာအတွက်ဆို ဘာအဓိပ္ပါယ်မှ မရှိတာမျိုး ဖြစ်တတ်ပါတယ်။ 

သတင်းတွေဖြစ်နေတာပဲ ‘ရေးချင် သိချင်ရင် လာမေး၊ သတင်းစာရှင်းလင်းပွဲမှာမေးပေါ့’ ဆိုတာမျိုးကလည်း နည်းမှန်လမ်းမှန်တော့ မဟုတ်ပါ။ နိုင်ငံတကာ သတင်းထောက်တွေ၊ Fixer တွေကို အီးမေးပို့၊ အထောက်အထားတွေပြ၊ အင်တာဗျူးတွေ ဖြေပြီး ဒီလို ကလေးသူငယ်တွေ သေကြေနေတဲ့ကိစ္စမျိုးကို တရစပ် အမြဲမပြတ် ဇောင်းပေးပြော၊ လော်ဘီ လုပ်နေရမှာ ဖြစ်ပါတယ်။ 

ရန်ကုန်မှာ အခြေခံပညာ ကျောင်းဆရာမတစ်ဦး သတ်ဖြတ်ခံရစဉ်က ဒီအကြောင်းအရာကို စစ်ကောင်စီက ဘယ်လိုပုံစံနဲ့ ဝါဒဖြန့်ခဲ့သလဲဆိုတာ သတိပြုသင့်ပါတယ်။ ဒီအကြောင်းအရာဟာ နိုင်ငံတကာ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဒီနေ့ထိ တစ်ကြောင်းစ နှစ်ကြောင်းစ ပါစမြဲပါပဲ။

အမှန်တရားတွေ၊ သူ့ဘက်ကိုယ့်ဘက်တွေ၊ စစ်အာဏာရှင်ဆိုတာတွေနဲ့ မရတော့ဘဲ မီဒီယာမှာ အသာစီးယူနိုင်ဖို့၊ ကိုယ်လိုချင်တဲ့ ဖြန့်ချင်တဲ့သတင်းကို ‘နိုင်ငံတကာ သတင်းတွေမှာ’ ဝေဆာနေစေဖို့ အသိပညာ အတတ်ပညာတွေ လိုပါတယ်။ 

‘ကိုယ့်ကောင်းကြောင်း၊ အသာစီးရကြောင်းတွေချည်းပဲ ကိုယ့်ကို ထောက်ခံတဲ့မီဒီယာက ပြည်တွင်းစာဖတ်ပရိသတ်အတွက် ဦးစားပေး ဖော်ပြပေးနေတာ’ နဲ့တင် မလုံလောက်တော့ပါဘူး။ 

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဆီးရီးယား ကလေးငယ်နှစ်ဦးဖြစ်ရပ်မှာ သေနေတာကို ဓာတ်ပုံတွေ ရိုက်ယူကြ ဖော်ပြကြရင်း နာမည်ကြီးလာတာမျိုး မဟုတ်ပါ။ သက်ဆိုင်ရာအဖွဲ့တွေ၊ လော်ဘီတွေ၊ ဝါဒဖြန့်ချိရေး ကွန်ရက်တွေရဲ့ စေ့ဆော်တိုက်တွန်းမှု၊ အသံဟစ်ပေးမှုတွေကနေ နိုင်ငံတကာ မီဒီယာတွေမှာ တစ်စတစ်စ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာနဲ့ စကားပြောတဲ့နေရာမှာလည်း ‘စစ်ကောင်စီက ကလေးတွေကို သတ်နေတာ’ လို့ ရောချလို့ မရပါဘူး။ စစ်ကိုင်း ဘယ်ရွာမှာ ၇ နှစ်အရွယ် ဘယ်သူ ဘယ်လိုသတ်ဖြတ်ခံခဲ့ရတယ် ဆိုတာမျိုးကို မီဒီယာနဲ့ကြုံတိုင်း အချက်အလက်တွေနဲ့ နားငြီးအောင် ပြောပြနေသင့်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေက မေးလာတိုင်း အလွတ်ရနေသင့်တဲ့ အချက်အလက်တွေလည်း ဖြစ်ပါတယ်။ 

ယူကရိန်းကို ရုရှား ကျူးကျော်ပြီးနောက်ပိုင်း ကလေးငယ် အနည်းဆုံး ၄၃၇ ဦး သေဆုံးခဲ့ပြီလို့ New York Times သတင်းစာက ရေးပါတယ်။ ကျနော်တို့ဆီမှာ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဒီနေ့ထိ ကလေးငယ် ဘယ်နှစ်ဦး သေခဲ့ပြီလဲ...? ၁၀ နှစ်အောက် ဘယ်နှစ်ဦး ပါသလဲ၊ ၁၀ နှစ်နဲ့ ၁၆ နှစ်ကြား ဘယ်နှစ်ဦးပါသလဲ...?

နိုင်ငံတကာ သတင်းစာတွေမှာ ယူကရိန်းက သေကြေပျက်စီးမှုတွေ အကြောင်း ဖော်ပြရင် Down Syndrome ဖြစ်နေတဲ့ ၄ နှစ်အရွယ်ကလေးငယ် လီဇာ ဒီမီထရီရေဗာ အကြောင်း တစ်ပိုဒ်ဖြစ်ဖြစ် ထည့်သွင်းဖော်ပြကြလေ့ရှိပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ခဲ့ပေမယ့် ဒီနေ့ထိ ဖော်ပြဆဲပါပဲ။ 

ဒီလို နည်းနိသျတွေဟာ မီဒီယာနဲ့ အမြဲ ဆက်ဆံသူတွေ၊ ကိုယ့်နိုင်ငံအကြောင်း နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြစေချင်သူတွေအနေနဲ့ အရေးစိုက်သင့်တာတွေပဲ ဖြစ်ပါကြောင်း ခင်ဗျာ။

You can treat me a cup of coffee.

wave

Press ESC to close