ခွင့်မလွှတ်ကြေး နာကြည်းကြရပါမယ်

ပြောရရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ မြွေပွေးကို ခါးပိုက်ထဲ ထည့်ခဲ့တာပဲလို့ တည့်တည့်ပဲ ဆိုချင်ပါတယ်။

 

ဇော်ဌေးကို အနီးနားခေါ်ထားတာ။ သူရအောင်ကို ကို နေရာပေးတာ။ အောင်နိုင်ဦးကို ဒိုင်ကာမှာ ပုံအောတာ စတဲ့ကိစ္စတွေဟာ သတင်းတွေနဲ့ ရင်းနှီးတဲ့ ပြည်သူတွေသိသာမြင်သာတဲ့ အချက်တွေလောက်ပါပဲ။ တကယ့် နောက်ကွယ်မှာ သာမန်လူ မပြောနဲ့ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်ကို နှံ့စပ်တဲ့ပုဂ္ဂိုလ်တွေတောင် မသိဘဲ အစိုးရထဲ စိမ့်ဝင်နေတဲ့ စစ်တပ်အပေါင်းအပါတွေ ဒုနဲ့ဒေးရှိခဲ့တယ်။

 

အေးနေဝင်းရဲ့ Omni Focus ကုမ္ပဏီ ဝိုင်ဘီအက်စ်ထဲမှာ ရှယ်ယာဝင်တော့ စစ်အုပ်စုကို လုံးဝ ခွင့်မလွှတ်နိုင်တဲ့ လူတွေက ကန့်ကွက်ကြတယ်။ ဆိုတော့ အင်န်အယ်ဒီကို ထောက်ခံသူအများစု ပြောခဲ့ကြတဲ့ စကားတစ်ခွန်းရှိတယ်။ အေးနေဝင်းက သူပိုင်တဲ့ ပိုက်ဆံတွေကို ဒီလိုသုံးပစ်တာ ကောင်းတာပေါ့။ မဟုတ်ဘဲ သေနတ်တွေ ဝယ်ပြီး တင်သွင်းလိုက်ရင် ပိုဆိုးသွားနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

 

ဟုတ်သလိုလို ရှိခဲ့တယ်။ ဒါပေမယ့် မစဉ်းစားမိခဲ့တာက အစိုးရအဖွဲ့ထဲ အေးနေဝင်းနေရာရသွားတာဟာ သူ တယောက်တည်း နေရာရတာ မဟုတ်ပါဘူး။ အေးနေဝင်းနဲ့ နီးစပ်သူ အပေါင်းအပါ၊ တပ်အသိုင်းအဝိုင်းက ပုလင်းတူဗူးဆို့ ကုမ္ပဏီပေါင်းများစွာ နေရာဝင်ယူခွင့် ရသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်န်အယ်ဒီကို ထောက်ခံသူတွေ တောက်လျှောက် ကန့်ကွက် ခဲ့ကြပေမယ့် အေးနေဝင်းဟာ မျက်နှာပြောင်တိုက်နေနိုင်ခဲ့တာပါပဲ။

 

ဒီနေ့ ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး အတွေးပွားမိတာရယ်ပါ။ နောင်ရိုးကုမ္ပဏီနဲ့အတူ သမ္မတရုံးအတွက် E-government system တွေတပ်ဆင်ဖို့ တင်ဒါအောင်မြင်ခဲ့တဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုက AGGA ဆိုတာ သတိထားမိကြမှာပါ။ အဲ့ဒါက ကျော်နေဝင်း (အာဏာရှင် နေဝင်းမြေး အလတ်ကောင်) ဖြစ်ပါတယ်။ နောင်ရိုးရော၊ AGGA ရော နှစ်ခုစလုံးဟာ စစ်တပ်နဲ့ နီးစပ်သူလို့ ပြောရင်တောင် မပြည့်စုံပါဘူး။ အရပ်သားနာမည်ခံထားတဲ့ စစ်တပ် ကုမ္ပဏီတွေပါပဲ။

 

စဉ်းစားစရာက သမ္မတ ဦးဝင်းမြင့်ဟာ သူ့အိမ်တော်လုံခြုံရေးအတွက် စစ်တပ်ကုမ္ပဏီတွေကို ဘာကြောင့် ယုံစားပြီး ထိုးအပ်ခဲ့သလဲဆိုတာပါပဲ။ ထပ်ဆင့် အတွေးပွားရရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့်တို့ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို အလွယ်တကူ ဖမ်းခံခဲ့ရတာဟာ ဖမ်းတဲ့ကောင်တွေ သိပ်တော်လွန်းနေလို့ မဟုတ်ပါဘူး။ ဒီဘက်က သိပ်ပေါ့လျော့ခဲ့လို့ လို့ပဲ ကောက်ချက်ချပါတယ်။

 

ဦးမြင့်ဆွေ (ဒုသမ္မတ မြင့်ဆွေ မဟုတ်ပါ)

 

ဦးမြင့်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်က E-government အရေးကို ဦးဆောင်ဦးရွက်ပြုခဲ့သူ အဖြစ် အစိုးရအသိုင်းအဝိုင်းထဲမှာရော၊ ပညာရှင် အသိုင်းအဝိုင်းမှာပါ နာမည်ကြီးပါတယ်။ (ဆောင်းပါးထဲမှာ တွေ့နိုင်ပါတယ်) သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေမျိုးနီးစပ်လည်း တော်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို ဦးအောင်သန်းရဲ့ သားမက်ပါ။ ဦးအောင်သန်းရဲ့ သမီး ဒေါ် ငယ်မမသန်းရဲ့ ခင်ပွန်း ဖြစ်ပါတယ်။

 

ဦးမြင့်ဆွေကို အင်န်အယ်ဒီပါတီဝင် အတော်များများကလည်း လေးစားသမှုရှိကြတယ်။ နည်းပညာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရှေ့ရောက်တယ်။ နောက်ပြီး ပြည်နယ်နဲ့ တိုင်း အစိုးရတွေအပေါ်လည်း သြဇာရှိပါတယ်။

 

ပြဿနာက ဦးမြင့်ဆွေရဲ့ E-government ဖော်ဆောင်မှုမှာ ပါဝင်နေတဲ့ကုမ္ပဏီအများစုက စစ်တပ်ကုမ္ပဏီတွေ ဖြစ်နေတာပါပဲ။ ကျနော် ဖော်ပြခဲ့တဲ့ နောင်ရိုးကုမ္ပဏီနဲ့ တင်ဒါတူတူ ရခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ကြည့်နိုင်ပါတယ်။ ဒီကုမ္ပဏီတွေဟာ စစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ စစ်တပ်အတွက် ပွဲစားလုပ်ပေးနေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

 

နည်းပညာဟာ လူကောင်းလက်ထဲ ရောက်ရင်ပြဿနာ မရှိပေမယ့် လူဆိုးလက်ထဲရောက်သွားရင် အန္တရယ်ရှိပါတယ်။ 21 Lessons for the 21st Century စာအုပ်ထဲ Yuval Noah Harari ပြောတဲ့ Digital Dictatorship ဆိုတဲ့ပုံစံကို ဆိုလိုတာပါ။ လူသတ်တဲ့ အာဏာရှင်လက်ထဲ အဆင့်မြင့် နည်းပညာတွေရောက်သွားမှာပါ။ အဆင့်မြင့် မဟုတ်သေးပေမယ့် မြန်မာနိုင်ငံမှာတော့ ရောက်နေပြီပေ့ါ။

 

ဗွီအိုအေ အင်္ဂလိပ်ပိုင်းက ကျနော့်ကို အင်တာဗျူးတော့ မြန်မာနိုင်ငံဟာ ဒီအတိုင်းသွားရင် တချိန်ချိန်မှာ တရုတ်လို၊ မြောက်ကိုရီးယားလို ဖြစ်လာနိုင်တယ်လို့ ထင်သလားတဲ့။ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုအပေါ် အာဏာရှင်က ထိန်းချုပ်ဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီးတော့ မေးတာပါ။ ဒီအတိုင်းသွားရင်တော့ တချိန်မှာ ဖြစ်လာနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အရာရာက ဘာမှ ခန့်မှန်း ဆုံးဖြတ်လို့ မရသေးတော့ ကျနော်လည်း မပြောတတ်ဘူးလို့ပဲ ဖြေလိုက်ပါတယ်။

 

အပေါ်က ကိစ္စကို ပြန်ဆက်ရရင် ဦးအောင်သန်း သားမက် ဦးမြင့်ဆွေက စစ်တပ်ပွဲစားကုမ္ပဏီတွေနဲ့ အလုပ်လုပ်နေတာကို နည်းပညာလောကက တော်တော်ကို စိုးရိမ်ခဲ့ကြပါတယ်။ သတိလည်း ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ အလေးမထားခဲ့ကြပါဘူး။ တချိန်တည်းမှာပဲ ဒီလိုကိစ္စတွေ ဖြစ်ပျက်နေတာကို ရှယ်ယာရမလားဆိုပြီး ဆပ်ကန်ထရိုက်နဲ့ ဝင်တိုးခဲ့ကြသူတွေလည်း တောင်လိုပုံလို့ပေါ့။ ခုတော့ အားလုံး အသံတိတ်၊ ပိတ်။

 

ဒါကို ရေးနေရခြင်းက ပြီးခဲ့တဲ့အစိုးရကို အပြစ်ပုံချနေတာ မဟုတ်ဘဲ ဒီလိုအမှားမျိုး နောက်တကြိမ် ထပ်မမှားဖို့ တိုက်တွန်းနေရခြင်းဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီကိစ္စတွေကို တတ်စွမ်းသမျှ ဖော်ထုတ်ရေးသားသွားပါမယ်။

 

ကျနော်တို့က မေ့ပျောက်လွယ်ကြပါတယ်။ ခွင့်လွှတ်လွယ်ကြပါတယ်။ နောက်ကြောင်းပြန်မလှည့်ဖို့ ရွှေပြည်အေး တရားဟောကြပါတယ်။ ဒါပေမယ့် ဒီတကြိမ်တော့ တော်လောက်ပြီ ထင်ပါတယ်။ ခွင့်မလွှတ်ကြေး၊ နာကြည်းကြရပါလိမ့်မယ်။

You can treat me a cup of coffee.

wave

Press ESC to close