အန်ယူဂျီ၊ ပီဒီအက်ဖ်နဲ့ ပြောရေးဆိုခွင့်ရှိသူ

မီဒီယာ သမားဆိုတော့ မီဒီယာနဲ့ ပတ်သက်လို့ပဲ ပြောပါရစေ။ နီးစပ်သူတွေ့ရင်လည်း မျက်နှာချင်းဆိုင် ပြောပေမယ့် သိပ်အရေးမစိုက်တော့ ဒီမှာပဲ ရေးလိုက်ပါတယ်။ အန်န်ယူဂျီရော၊ ပီဒီအက်ဖ်တွေရော အတွက်ပါ။

 

တချို့ နီးစပ်ရာ အဖွဲ့တွေကိုတော့ ပြောပြပါတယ်။ တချို့လည်း နားလည်တယ်ပေါ့။ တချို့လည်း လိုရင်းမရောက်ဘူးပေါ့။ အဓိကက မီဒီယာကို ဘယ်လို အသုံးချမလဲဆိုတဲ့အကြောင်းပါ။ အရင်ဆုံး အန်ယူဂျီရဲ့ သတင်းစာရှင်းလင်းပွဲတွေ အကြောင်း ပြောချင်ပါတယ်။

 

အန်ယူဂျီအနေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် မေးခွန်းတွေ ဖြေနေတာ ရပ်သင့်ပါတယ်။

 

ပြဿနာက သက်ဆိုင်ရာကဏ္ဍအလိုက်တောင် မဟုတ်ဘဲ ကိုယ့်ဝန်ကြီးဌာနမဟုတ်ဘဲ ဝင်ပြီး ဖြေနေတာက လိုတာထက်တောင် ပိုဆိုးပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးက နိုင်ငံခြားရေးလည်း ဝင်ပြော၊ ကာကွယ်ရေးလည်း ဝင်ပြောနေတာ တွေ့ရတယ်။

 

နိုင်ငံခြားရေးကလည်း ပီဒီအက်ဖ်ထောက်ပံ့မှုတွေအကြောင်း ဝင်ပြောလိုပြော။ တကယ်တော့ အကြောင်းအရာတစ်ခုခုကို အစအဆုံးနားလည်နေတာ၊ သိနေတာကြောင့် သူက မီဒီယာနဲ့ စကားပြောသင့်တယ်၊ ဖြေသင့်တယ်ဆိုတာ (လုံးဝ) မဟုတ်ပါဘူး။

 

မီဒီယာနဲ့ စကားပြောခြင်းဟာ အတတ်ပညာတစ်ခုပါ။ မြင်မြင်ရာ ဝင်ပြော၊ ဝင်ဖြေ လုပ်လို့မရပါ။ ကုလသမဂ္ဂကနေ တာလီဘန်ထိ ပြောရေးဆိုခွင့်ရှိသူတွေ ရှိကြပါတယ်။ တာလီဘန်ထဲ 'ငါကိုယ်တိုင် ဝင်တိုက်နေတာကွ' ဆိုပြီး အင်တာဗျူးဖြေတဲ့လူ မရှိပါ။ တိုက်နေတာ သပ်သပ်၊ ဖြေတာက သပ်သပ်ပါ။

 

တကယ်တော့ ဝန်ကြီးဌာနတစ်ခုကို ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ရှိသင့်တာပါ။ ဒါပေမယ့် အန်ယူဂျီအနေနဲ့ လက်ရှိအချိန်မှာဒီလိုထားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝန်ကြီးဌာန အားလုံးကိုယ်စား ပြောနိုင်တဲ့လူ လိုကိုလိုအပ်ပါတယ်။ တခြား သီးသန့်ကိစ္စတွေ မေးလာရင် ဖြေလို့ရအောင်လည်း လူ ရွေးထားသင့်တယ်။ ဥပမာ ပီဒီအက်ဖ်တွေနဲ့ ပတ်သက်ရင်၊ နိုင်ငံတကာ အထောက်ပံ့တွေနဲ့ ပတ်သက်ရင် လူပိုသိချင်တာဆိုတော့ ဒါတွေအတွက် သပ်သပ်ပေါ့။

 

တချို့ဝန်ကြီးတွေက ပြောကြတယ်။ လူတွေ မိုတီ လိုနေတယ်ပေါ့။ တကယ်တော့ လူတွေက မိုတီမလိုတော့ပါဘူး။ လမ်းပြမှုပဲ လိုတော့တာပါ။ ခုက အားအားနေ မိုတီတွေချည်း ထိုင်ပေးချင်နေတော့ မလိုအပ်တဲ့ စကားလုံးတွေ ပြောမိ၊ ရေးမိပြီး ပေါက်ကရတွေ ဖြစ်ကုန်တော့တာပဲ။ တစ်ခုကြားလိုက်တိုင်း ဖေ့စ်ဘွတ်ပေါ်ရေးတင်၊ တွစ်တာပေါ်ရေးတင်နဲ့ ဖြစ်သမျှ အကုန်ရေးတင်တဲ့ ဒေါ်နယ်ထရမ့်တောင် ပြေးမြင်မိတယ်။

 

ဖြစ်နိုင်ရင် ဝန်ကြီးတွေ ဖေ့စ်ဘွတ်ပေါ် တစ်ခုခု တင်မယ်ဆိုရင်တောင် ဘယ်လို စကားလုံးမျိုးသုံးသင့်တယ်၊ ဘယ်စကားလုံးကတော့ ရှောင်သင့်တယ်ဆိုတာကို တိုင်ပင်သင့်တယ်။ ပြီးတော့ တင်ဖို့ရော လိုအပ်ရဲ့လားပေါ့။ နားမလည်နိုင်တာက အန်ယူဂျီကို လူတွေက ထောက်ခံထားပြီးပြီပဲ။ ဒါကို ဘာလို့ အတင်းကြီး မိုတီတွေစွတ်ပေးပြီး သူတို့ကို ထောက်ခံထားတာဟာ သင့်တော်ကြောင်း ခဏခဏ ပြချင်နေတာလည်းဆိုတာ စဉ်းစားမရဘူး။

 

ပီဒီအက်ဖ်တွေအနေနဲ့ ပြောရေးဆိုခွင့်ရှိသူ ထားပေးပါ။

 

ပြောရေးဆိုခွင့်ရှိသူထားတဲ့ ပီဒီအက်ဖ် ခုချိန်ထိ လက်ငါးချောင်း မပြည့်သေးပါဘူး။ တချို့ကကျတော့ 'ငါက ပီဒီအက်ဖ်ခေါင်းဆောင်လေ၊ ငါပဲ မီဒီယာကို ဖြေမှာပေါ့' ဆိုတာမျိုး ရှိသေးတယ်။ ခေါင်းဆောင်ဖြစ်တိုင်း မီဒီယာကို နားမလည်ပါ။

 

နောက်တစ်ခုကတော့ ထုတ်ပြန်ချက် ကိစ္စပါ။ ငါတို့လုပ်တာကို လူသိစေချင်တယ်ဆိုရင် ထုတ်ပြန်ချက်ကို မီဒီယာတွေကို အီးမေးပို့ပါ။ ဖေ့စ်ဘွတ်ပေါ် မတင်သင့်ပါဘူး။ အဲ့ဒီကနေ အတုတွေရော၊ အစစ်တွေရောထွက်၊ ပွဲတွေဖြစ်၊ ဆဲကြဆိုကြနဲ့။ မီဒီယာမှာ ပါတော့မှ အဲ့ဒီသတင်းကို ကိုယ်ပိုင် စာမျက်နှာမှာ ပြန် ရှဲတာမျိုးပေါ့။ ဒါဆို တရားဝင်မှုလည်း ဖြစ်မယ်။ အဲ... အင်တာဗျူးမယ်ဆိုရင်တော့... မီဒီယာကို နားလည်သူနဲ့ ချိတ်ပေးပေါ့။

 

မီဒီယာကို နားလည်သူ၊ စကားပြောနိုင်သူ၊ စကားလုံးတွေရဲ့ အတိမ်အနက်ကို သိသူကမှသာ မီဒီယာနဲ့ စကားပြောနိုင်သူ ဖြစ်ပါတယ်။ ရုတ်တရက် 'ဒီမေးခွန်းလာရင် ဘယ်လိုဖြေမလဲ' ဆိုတာမျိုးထိ ကြိုမေးမယ့်မေးခွန်းကို ကြိုသိပြီး ကြိုပြင်ထားနိုင်တဲ့ စွမ်းရည်မျိုး ရှိမှသာ မီဒီယာနဲ့ ဆက်ဆံသင့်ပါတယ်။

 

လူတွေက ဇော်မင်းထွန်းကို လှောင်ကြတယ်။ "မိတ် အမေရိက ဂရိတ် အဂိန်း" ဘာညာပေါ့။ "ခင်ဗျား ဘာသဘောနဲ့ မေးတာလဲ" စသဖြင့်ပေါ့။ ဒီနေရာမှာ ယုတ်မာတာ၊ မိုင်းရိုင်းတာက သပ်သပ်၊ ဒါပေမယ့် ဒါတွေက သတင်းထောက်မေးတဲ့ ဆိုလိုရင်းကို ပျောက်သွားအောင်၊ မေးခွန်းကို ပေါ့ပျက်ပျက်ဖြစ်သွားအောင် လုပ်တာပါပဲ။ သူပြောတာကြီးကပဲ ဟာသဖြစ်ပြီး ဘာမေးလိုက်မှန်းတောင် မမှတ်မိကြတော့ပါဘူး။

 

ဒါမျိုးကို ဟိုးအရင် ကျော်ဆန်း၊ ရဲထွဋ်၊ မှူးဇော်ကနေ ခုနောက်ဆုံး ဇော်မင်းထွန်းထိ ကောင်းကောင်းကြီး ပိုင်နိုင်ကြတယ်။ ဒီအတွက်လည်း ပြီးပြီးရော 'ဒီကောင်ကတော့ အဆင်ပြေမယ်၊ မီဒီယာနဲ့ စကားပြောကွာ' ဆိုပြီး လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒီအတွက် သင်တန်းတွေ၊ မေးခွန်းမေးတာတွေ ဖြေတာတွေကို ကောင်းကောင်းကြီး ပို့ချခံရပြီးမှ ဖြစ်ကြတာ။

 

ဇော်မင်းထွန်း ထုံး နှလုံးမူဖို့ပြောတာ မဟုတ်တာ သတိချပ်စေလိုပါတယ်။ ဒါပေမယ့် အန်ယူဂျီရော၊ ပီဒီအက်ဖ်ရော မီဒီယာနဲ့ စကားပြောမယ်ဆိုရင် မီဒီယာအကြောင်း သိနားလည်သူကိုသာ တာဝန်ပေးသင့်ပါတယ်။ "ဟာ... ငါတို့ ဆရာကြီးကတော့ ပြောချလိုက်ပြီ၊ အားရတယ် ဟေ့" ဆိုတာကို ထိုင်ပြီး ဖီးလ်တက်နေလို့ မဖြစ်ပါဘူး။

 

ဖြစ်နိုင်ရင် ဖေ့စ်ဘွတ်နဲ့တွစ်တာမှာ အန်ယူဂျီဝန်ကြီးတွေအနေနဲ့ ပို့စ်တွေ မတင်သင့်ဘူးလို့ မြင်ပါတယ်။ ပြောချင်တာ၊ ရေးချင်တာတွေကို အန်ယူဂျီပြောရေးဆိုခွင့်ရှိသူခန့်ပြီး လုပ်သင့်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ သက်ဆိုင်ရာအလိုက် ပြောရေးဆိုခွင့်ရှိသူ မထားနိုင်ရင် အနည်းဆုံး နှစ်ယောက်၊ သုံးယောက်အဆိုင်းချပြီး ရှင်းလင်းပွဲတစ်ခုလုံးကို ဦးဆောင်သင့်ပါကြောင်း အကြံပြုပါရစေဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close