‘ဆီလှောင်ကန်ကြီး ၂ လုံးပေါက်ကွဲမှု’ နဲ့ ဧလာလေဆိပ်

နေပြည်တော် ဧလာ လေဆိပ်ကို မြေအောက်အဖွဲ့တဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၁၆ ညမှာ ရှော့တိုက်ဒုံး ၄ လုံးနဲ့ပစ်ခဲ့ပြီး လေယာဉ်ဆီ ဆီလှောင်ကန်ကြီး ၂ လုံး မီးလောင်ပေါက်ကွဲသွားသလို အဲ့ဒီကနေ မီးကူးစက် လောင်ကျွမ်းသွားတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ 

ဒီအကြောင်းကို အရင် မြေအောက်အဖွဲ့တွေလုပ်လေ့ရှိသလို မစ်ရှင်ပြီးချိန်မှာ ဆိုရှယ်မီဒီယာပေါ်ကနေ ထုတ်ပြန်ခဲ့တာမျိုး မတွေ့ရပါ။ သတင်းမီဒီယာတွေ ရေးပြီးတော့မှ Brave Warriors for Myanmar - BWM စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

BWM နဲ့ MKCDF ကွာခြားချက်

BWM အဖွဲ့နဲ့ ဧပြီ ၂၁ ရက်က အဆက်အသွယ်ရခဲ့ပြီး သိလိုတာတွေ အွန်လိုင်းကနေ မေးမြန်းခဲ့ပါတယ်။ BWM ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိတဲ့အဖွဲ့လို့ သိရပါတယ်။

ဒါပေမဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် NUG ဘက်ကနေ အသိအမှတ်ပြုမှုလို ထိတွေ့ဆက်ဆံမှုတော့ ရှိပါတယ်လို့ BWM က မနေ့က ဖြေကြားပါတယ်။

ဧလာလေဆိပ် မစ်ရှင်အတွက် လိုအပ်တာတချို့ကို BWM က ထောက်ပံ့ပေးခဲ့ပြီး လုပ်ဆောင်တာကတော့ MKCDF က လို့ ဆိုပါတယ်။ BWM အနေနဲ့ “အော်ပရေးရှင်းပိုင်းမှာ လုံခြုံရေးအရ ပါဝင်စွက်ဖက်လေ့မရှိပါ။ ဧလာ ကိစ္စမှာတော့ MKCDF က ဖော်ဆောင်မယ်ဆိုတာ သိထားပါတယ်လို့ BWM က ဆိုပါတယ်။

မီဒီယာကို ဘယ်သူ သတင်းပေးခဲ့သလဲ

သူတို့အနေနဲ့ ဘယ်မီဒီယာကိုမှ ဓာတ်ပုံ၊ ဗွီဒီယို မပေးခဲ့ဘူးလို့ BWM က အတည်ပြုပါတယ်။ “ဖြစ်စဉ် အသေးစိတ်၊ ပြင်ဆင်ဆုတ်ခွာ နာရီများ BWM က မှတ်တမ်းတင်မထားပါ။ သူတို့ရဲ့ လုံခြုံရေးအရ ဖြစ်တာမို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“မီဒီယာကို သတင်းပေးတဲ့ ကိစ္စက BWM က ပေးပို့တာ မဟုတ်ဘူး။ MKCDF ကပေးတဲ့ သဘောရှိတယ်” လို့ ဆိုပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလက အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို တိုက်ခိုက်ခဲ့စဉ်ကလို့ ယုံကြည်ရတဲ့ ဗွီဒီယိုတစ်ခုထဲကနေ Screenshot ဖြတ်ယူထားတဲ့ပုံကို 'ပုံဟောင်းဖြစ်ကြောင်း စာမထိုးဘဲ' ဧလာလေယာဉ်ကွင်း ရှော့တိုက်ဒုံးနဲ့ တိုက်ခံရတဲ့သတင်းနဲ့အတူ မီဒီယာတွေက တင်ခဲ့တာပါ။

ဒီ ဗွီဒီယိုဟောင်းထဲက Screenshot ကို MKCDF ကပဲ မီဒီယာကို ပေးသလား၊ မီဒီယာကပဲ အရင်ကပုံကို အခုပုံအဖြစ် သုံးလိုက်သလား ဆိုတာကိုတော့ မသိရပါ။

ဧလာလေဆိပ်ကို တိုက်ခိုက်ခဲ့တာ မှန်ပေမဲ့လို့ တိုက်ခိုက်နေစဉ်၊ တိုက်ခိုက်ခဲ့ပြီး၊ မီးလောင်နေစဉ် အချိန်အားလုံးမှာ MKCDF က ရိုက်ယူထားတဲ့ ဓာတ်ပုံ သို့မဟုတ် ရုပ်သံ သက်သေ တခုခု လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။

သတင်းဌာနအချို့နဲ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ‘မီးလောင်နေတဲ့မြင်ကွင်း’ ရုပ်သံဖိုင်က သဲကောကြီး ဒေသခံတစ်ဦးလို့ ယူဆရသူ တင်ခဲ့တာပါ။

ဒါပေမဲ့ ဒီ မီးလောင်နေတဲ့မြင်ကွင်း ရုပ်သံဖိုင်ဟာ ဧလာလေယာဉ်ကွင်းထဲက လေယာဉ်ဆီလှောင်ကန်တွေကို ရှော့တိုက်ဒုံးနဲ့ပစ်လို့ ပေါက်ကွဲပြီး မီးကူးစက်လောင်သွားတာ ဟုတ် မဟုတ် မေးမြန်းရာမှာတော့ BWM က မဖြေပါဘူး။ ဒီ မစ်ရှင်ကို MKCDF က လုပ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသာ အတည်ပြုပေးပါတယ်။ 

ဆီလှောင်ကန်ကြီး ၂ လုံး ပြင်းအားကောင်းစွာ ပေါက်ကွဲ ဟုဆို

MKCDF ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မီဒီယာတချို့ ရေးသားချက်အရ ‘လေယာဉ်ဆီ ဆီလှောင်ကန်ကြီး ၂ လုံး’ ကို ‘၁၀၇ မမ ၄ လုံး ထိပြီး ပေါက်ကွဲတာ’ ဖြစ်ပါတယ်။

၁၀၇ မမ ၄ လုံးထိပြီးတဲ့နောက် လေယာဉ် ဆီလှောင်ကန် ကြီး ၂ ခုလုံး ပြင်းအားကောင်းစွာ ပေါက်ကွဲ လောင်ကျွမ်း သွားတယ်လို့ မီဒီယာအချို့က အတိအကျ ရေးပေမယ့် ဆက်သွယ်မေးမြန်းထားတဲ့ ဒေသခံ ၃ ဦးစလုံးကတော့ မီးသတ်ကားသံ မကြားရခင်အချိန်ထိ ဘာသံမှမကြားရဘဲ တိတ်ဆိတ် ငြိမ်သက်နေခဲ့တယ်လို့ အတည်ပြုပါတယ်။

“အဲ့ဒီနေ့က အတက်နေ့ည၊ ၁၁ နာရီခွဲ၊ ဟုတ်ကဲ့၊ ၁၁ နာရီခွဲကျော်ကျော်လောက်ဖြစ်မယ်။ ကျနော် မနက် မန္တလေးသွားမို့ အဝတ်ထုပ်နေတာ။ မီးသတ်ကားသံကြားတော့မှ ဘာဖြစ်တာလဲဆိုပြီး ထကြည့်တော့ မီးညွန့်တွေ မြင်ရတာပဲ” လို့ အသက် ၂၉ နှစ်အရွယ် သဲကောကြီးဒေသခံက ဆိုပါတယ်။

သဲကောကြီးဆိုတာက ဧလာလေယာဉ်ကွင်းရဲ့ အနောက်မြောက်ထောင့်မှာ ရှိပြီး မီးလောင်တာကို မြင်ရတဲ့ လေယာဉ်ကွင်းနဲ့ အနီးဆုံးရွာဖြစ်ပါတယ်။ မီးမလောင်ခင်က ပတ်ဝန်းကျင်တခုလုံး ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေခဲ့တယ်လို့ သူက ဆိုပါတယ်။

ကူသပိတ်ကျေးရွာမှာနေတဲ့ ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ “ကျနော်တို့ဘက်က မီးသတ်ကားသံ ကြားလိုက်ရတယ်ဗျ၊ ခပ်တိုးတိုးပဲ၊ ဘာမှန်း မသိလိုက်ဘူးပေါ့၊ ည သန်းခေါင်လောက်မှ ဧလာမှာနေတဲ့ ကျနော့် အစ်ကို၊ သူ့ လှမ်းမေးတော့မှ မီးလောင်မှန်း သိရတာ” လို့ ဆိုပါတယ်။

ကူသပိတ်ရွာက ဧလာလေဆိပ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပြီး သဲကောကြီးရွာနဲ့ယှဉ်ရင် လေဆိပ်နဲ့အနည်းငယ် ဝေးပါတယ်။ ဗုံးထုသံ၊ ပေါက်ကွဲသံလိုမျိုးတော့ ဘာမှ မကြားခံရဘူးလို့ ကူသပိတ်မှာနေတဲ့ ဒေသခံက ဆိုပါတယ်။ 

ဧလာရွာကတော့ မီးလောင်တဲ့လေဆိပ်ဝန်းရဲ့ အရှေ့တောင်ထောင့်မှာ ရှိပါတယ်။ ဧလာက ဒေသခံကို ဖုန်းဆက်မေးရာမှာလည်း မီးလောင်တာကိုသာ သိရပြီး ပေါက်ကွဲသံနဲ့တူတာမျိုးကိုတော့ မကြားခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်တဲ့နေရာဟာ ဒေသအခေါ် ‘တောမွေး’ ထားတဲ့နေရာလို့သိရပြီး လေယာဉ်ကွင်းထဲမှာ ခြုံထူစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မွေးမြူထားတဲ့ အပင်တွေ၊ ချုံပုတ်တွေ ရှိတဲ့နေရာလို့ ဆိုပါတယ်။

မီးလောင်တဲ့ ကြာချိန်

သူတို့ (MKCDF) ဆီကနေ ၁၆ ရက်နေ့ ည ၁၁ နာရီ ၅၅ မှာ အော်ပရေးရှင်း ပြီးစီးကြောင်း အစီရင်ခံပါတယ်” လို့ BWM က ပြောပါတယ်။ BWM က လိုအပ်တာတွေကို ထောက်ပံ့ပေးသူဖြစ်တဲ့အတွက် MKCDF က ပြန်လည် အစီရင်ခံတာ ဖြစ်ပါတယ်။ 

သတင်းဌာနတချို့ရဲ့ ရေးသားချက်အရ “ပေါက်ကွဲပြီး ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ မီးငြှိမ်းသတ်ခဲ့ရတယ်” ဆိုပေမဲ့ ဘယ်အချိန်ထိလဲဆိုတာတော့ အတိအကျ မဖော်ပြထားပါ။

သဲကောကြီးက ဒေသခံတစ်ဦးရဲ့ အဆိုအရ မီး စတင်လောင်ကျွမ်းချိန်ဟာ ဧပြီ ၁၆ ည၊ ၁၁ နာရီ မိနစ် ၅၀ ခန့်ကလို့ သိရပါတယ်။ ဧလာနယ်မြေမီးသတ်၊ လယ်ဝေးမြို့နယ် မီးသတ်၊ သာဝတ္ထိနယ်မြေ မီးသတ်တို့က မီးသတ်ကားတွေ သွားရောက်ငြှိမ်းသတ်ပြီး တစ်နာရီနီးပါအကြာ ညသန်းခေါင်ကျော် ၁၂ နာရီ ၅၅ (ဧပြီ ၁၇) မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

သဲကောကြီးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ရွာကို မီးကူးမှာစိုးလို့ ကိုယ်တိုင်ထွက်ပြီး လုပ်ခဲ့ရတာဗျာ” လို့ ပြောပါတယ်။ ဒါ့အပြင် “မီးသတ်တယ်ဆိုတာ လေယာဉ်ကွင်းထဲထိ ဝင်သတ်တာ မဟုတ်ဘူး၊ ကွင်းက (ခြံစည်းရိုးနဲ့) ကာထားတာ၊ ဝင်မရဘူး။ ကျနော်တို့က ရွာထိပ်မှာရှိတဲ့အိမ်တွေကို ရေနဲ့လောင်းကြတာ။ ရွာဘက် မီးကူးမှာစိုးလို့ပေါ့” လို့ သူကဆိုပါတယ်။

လုံးဝ မီးငြိမ်းတဲ့အချိန်ကို သူကိုယ်တိုင် မမှတ်မိပေမဲ့ မီးသတ်ကားတွေရောက်လာပြီး တစ်နာရီခန့် အကြာမှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

ရဲရှို့တဲ့မီး 

MICC - Myanmar International Convention Center (1) အနီးက ရဲဝန်ထမ်းတွေ နေထိုင်တဲ့နောက်ဘက် လမ်းဘေးတလျှောက်လုံးကိုလည်း ဧပြီ ၁၆ ရက်ညနေပိုင်းက သန့်ရှင်းရေးအတွက် ရဲတွေကိုယ်တိုင် မီးရှို့နေတာကို မြင်ခဲ့ရတယ်လို့ နေပြည်တော် ဒေသခံတစ်ဦးက ဆိုပါတယ်။

လမ်းဘေးဝဲယာ ဧပြီ ၁၆ ရက်က မီးရှို့ခဲ့သည်ကို ဧပြီ ၂၀ ရက်တွင် တွေ့ရစဉ်။ 

ဧလာလေဆိပ် ပတ်ဝန်းကျင်ကိုလဲ အဲ့ဒီလို မီးရှို့တာ၊ လူခိုလို့ မရအောင်ပေါ့လို့ သူက ဆိုပါတယ်။ “လေဆိပ် မရောက်ခင် ခြံစည်းရိုးထဲက ခြုံတွေရှင်းတာ၊ တခြား ရုံးဘေးတွေလဲ အလားတူ မီးရှို့ထားတာတွေလည်း ရှိတယ်” လို့ သူက ဖြည့်စွက်ပြောပြပါတယ်။

မီးလောင်သံ တကြွပ်ကြွပ်

လေယာဉ်ကွင်းထဲ မီးလောင်နေတုန်း ရွာဘက်ကို မီးမကူးစေဖို့ အိမ်တွေကို ရေနဲ့လောင်းခဲ့ရသူ သဲကောကြီး ဒေသခံက “မီးလောင်နေတုန်းတောင်မှ သစ်ကိုင်းတွေ မီးလောင်တဲ့အသံကြားရတာပဲ၊ တကြွပ်ကြွပ်နဲ့၊ ပေါက်ကွဲတယ်ဆိုရင်တော့ ကျနော်တို့နေရာကနေ သေချာပေါက်ကြားရမှာပါ” လို့ Facebook Messenger ကနေတစ်ဆင့် ဖုန်းခေါ်ပြီး ပြောပါတယ်။

“ကျနော်တို့ နေရာနဲ့ အဲ့ဒီမီးလောင်တဲ့နေရာကြားမှာ ဘာမှမရှိဘူး၊ (လယ်) ကွင်းတွေ တပြန့်ကြီးပဲ။ မီးသတ်ကားသံကြားမှ သိတာ” လို့ သူက ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close