မန္တလေး၊ ပဲခူးနှင့် တောင်ငူ တို့တွင် ၁ ဦးစီ ပစ်ခတ်ခံရ၍ သေဆုံး  

မန္တလေး၊ ပဲခူးနှင့် တောင်ငူမြို့နယ်တို့တွင် သပိတ် စစ်ကြောင်းများကို ဖြိုခွင်းခြင်းနှင့် ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုတို့ကြောင့် တစ်မြို့လျှင် တစ်ဦးစီ သေဆုံးသွားသည်ဟု မြို့အသီးသီးရှိ သတင်းရင်းမြစ်များက အတည်ပြုကြသည်။

 

ပဲခူး

ပဲခူးတွင် သေဆုံးသွားသူ ကိုရွှေအမှာ ဆွံ့အနေသူမသန်စွမ်း ဖြစ်သည်။ ရပ်ကွက်အတွင်း လှည့်လည်၍ အနှိပ်လုပ်ငန်းလုပ်ကိုင်သူ ဖြစ်သည်ဟု သိရပြီး ပဲခူး ဇိုင်းတောင်ရပ်ကွက်တခုလုံးက ၎င်းကို သိကြသည်ဟု ဆိုသည်။ 

 

ဇိုင်းတောင်က အဲ့လမ်းကို နှစ်ဖက်လုံး ပိတ်ထားတာပေါ့။ သူက သပိတ်မှာ ဝေတဲ့ ထမင်းဘူးလေးတောင် ယူသွားသေးတယ်။ လူတွေကလည်း အော်ကြတာပေါ့၊ သူလည်း သတိမထားမိဘူးထင်တယ်။ ပစ်လိုက်တာ တခါတည်း ခေါင်းပွင့်ပြီး သေသွားတာဟု မျက်မြင်တွေ့ရှိရသူ ဆိုသည်။ 

 

 

ဇိုင်းတောင် သပိတ်ကို မနက်အစောပိုင်းကတည်းက မျက်ရည်ယိုဗုံး၊ ရာဘာကျည်များဖြင့် ဖြိုခွင်းခဲ့သည်။ အနောက်ခြမ်းတွင် ဆရာ၊ ဆရာမများ ပါဝင်သည် ထိုင်သပိတ်ကို ဖြိုခွဲရာတွင်လည်း ဖမ်းဆီးခံရမှုများရှိခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်အုပ်စုသည် လမ်းပေါ်မှ သပိတ်ကာစည်းများကို မီးရှို့ခဲ့ပြီး ၁၂ ခွဲဝန်းကျင်လောက်တွင် ဇိုင်းတောင်ရပ်ကွက်ထဲကို ကျည်အစစ်များအသုံးပြု ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

 

မန္တလေး 

၉၀ x ၃၂ ကြား မြတောင်သပိတ်ကို ယနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်တွင် အင်အားအလုံးအရင်းဖြင့် ဖြိုခွဲခဲ့ပြီး လူငယ်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူက ပြောသည်။ ထို့ပြင် ရုပ်အလောင်းကို စစ်တပ်က ကောက်ယူသွားသည်ဟု သိရသည်။ ဒဏ်ရာရှိသူ အနည်းဆုံး ၂ ဦးရှိသည်ဟု လတ်တလော သိရှိထားသည်။

 

တောင်ငူ

တောင်ငူ ၁၈ ရပ်ကွက်၊ ဝက်ကုန်းရွာမမှာ ရွာထဲကို လက်နက်ကိုင်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားများက သံပုံးတီးမောင်းထုတ်ခဲ့ရာမှ သေနတ် ၈ ချက်ခန့် ပစ်ခဲ့ပြီး ရွာသားတစ်ဦးကို ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။ ကျည်ထိမှန်သူရဲ့ ခန္ဓာကိုယ်ကို စစ်တပ်က ယူဆောင်သွားသည်ဟု သိရသည်။ 

 

ယခင်ရက်များက တောင်ငူမြို့တွင် ပြုလုပ်ခဲ့သည့် သပိတ်စစ်ကြောင်းများကို ဖြိုခွင်းရာ ဆန္ဒပြသူများက ကျေးရွာတွင်းကို ဝင်ပြေးခဲ့သည်။ ထို့ကြောင့် ယခု ဝက်ကုန်းမရွာကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။ 

 

ယနေ့ သိရှိထားရသမျှ သေဆုံးနှင့် ကျဆုံးစာရင်းတွင် ရန်ကုန် မြောက်ဒဂုံတွင် ၁ ဦး၊ ပခုက္ကူ မြိုင်မြို့တွင် ၆ ဦး၊ မန္တလေး၊ ပဲခူးနှင့် တောင်ငူတို့တွင် ၁ ဦးစီ၊ စုစုပေါင်း ၁၀ ဦး ရှိသွားပြီဖြစ်သည်။

 

You can treat me a cup of coffee.

wave

Press ESC to close