တောင်ဒဂုံတွင် ယမန်နေ့ညက ၁ ဦးကျဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ  

ရန်ကုန် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အတွင်း ယမန်နေ့ညက စစ်တပ်နှင့်ရဲများက အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၁ ဦး နေရာတွင်ပင် ကျဆုံးခဲ့ကာ ၁၀ ဦးနှင့်အထက် ကျည်ထိမှန်ဒဏ်ရာရှိခဲ့သည်။ 

 

ယမန်နေ့ည ၁၀ နာရီကျော်အချိန်က တောင်ဒဂုံ ၇၂ ရပ်ကွက်သို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၁ ဦး ဦးခေါင်းပွင့်ထွက်ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထို့ပြင် ကနဦးသိရသည့် အချက်အလက်များအရ ၁၅ ဦးကျော်ဖမ်းဆီးခံရသည်ဟု သိရပြီး ယင်းအနက် ဒဏ်ရာရသူအချို့လည်း ပါဝင်သွားသည်။

 

မျက်မြင် ကြုံတွေ့ခဲ့သူက ည ၉ နာရီခွဲလောက် ကင်းလှည့်ပြီး ပြန်သွားကြတယ်။ နာရီဝက်လောက်နေတော့ အင်အားအလုံးအရင်းနဲ့ ၇၂ ရပ်ကွက်ထဲ ဝင်ပစ်တာ ဘာကြောင့်ပစ်တယ်တော့မသိဘူး၊ ဘာအကြောင်းမှလည်းမရှိပါဘူး။ သပိတ်လည်းမရှိဘူး အကာအရံလည်းမရှိဘူး။ တရစပ်ပစ်တာဟု ပြောပြသည်။

 

ထို့နောက် စစ်ကား နှင့်ဘရဲကား ၁၅ စီးခန့် ထပ်မံရောက်ရှိလာပြီး အခြားရပ်ကွက်များကိုပါ ဝင်ပစ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရပ်ကွက်လမ်းများအတွင်းထဲထိဝင်ပြီး အိမ်များကို ရိုက်ဖွင့်ကာ ယောကျားလေးများကိုလည်း ရိုက်နက်၊ ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင် တွေ့ရှိရသူက ဆိုသည်။

 

ထို့နောက် ည သန်းခေါင်းကျော် ၂ နာရီတွင် တောင်ဒဂုံမှ ပြန်လည်ထွက်ခွါသွားခဲ့သည်။

You can treat me a cup of coffee.

wave

Press ESC to close