လေထီးခုန် သတင်းစာပညာ နှင့် နိုင်ငံခြား သတင်းထောက်တချို့

လေထီးခုန် သတင်းစာပညာ - ဆိုသည်မှာ သတင်းထောက်တစ်ဦးကို အခင်းဖြစ်ပွားရာ နေရာဒေသသို့ စေလွှတ်ပြီး သတင်းရယူခြင်းကို ဆိုလိုပါတယ်။ အထူးသဖြင့် သတင်းထောက်က ဖြစ်ပွားနေတဲ့ အကြောင်းအရာနဲ့ပက်သက်ပြီး ဗဟုသုတနဲ့ အတွေ့အကြုံ သိပ်မရှိဘဲ ရေးသားထုတ်ဝေတတ်တဲ့အချိန်မှာ ဒီလိုမျိုး သုံးလေ့ရှိပါတယ်။ 

 

ကျမ သတင်းထောက်တစ်ယောက် စဖြစ်ခဲ့တဲ့ အချိန်ထဲက နိုင်ငံခြားသတင်းထောက် ဖြစ်ချင်ခဲ့တာပါ။ တစ်နိုင်ငံပြီး တစ်နိုင်ငံ ခရီးတွေသွားပြီး သတင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်တင်ဆက်ဖို့ စိတ်ဝင်စားမိလို့ပါပဲ။

 

နိုင်ငံခြားသတင်းထောက်တွေဟာ ကျမအတွက်တော့ အလန်းဆုံး အမိုက်ဆုံး စံထားရတဲ့ ပုဂ္ဂိုလ်တွေ။ သူတို့ပြောတဲ့စကားတွေမှာ ပါလာတတ်တဲ့ငါ ဆီးရီးယား ရောက်တုန်းက”, “ဒါကိုမြင်တော့ ငါမော်စကိုမှာ တင်ဆက်ခဲ့တဲ့ သတင်းတစ်ပုဒ်ကိုသတိရတယ်”, “အဲ့အချိန်တုန်းက မွန်ဂိုလီးယားမှာလေ စတဲ့စကားတွေဟာ ကျမအတွက် ရင်သပ်ရှုမောဖွယ်ရာတွေပါပဲ။

 

နိုင်ငံ တစ်နိုင်ငံထဲမှာပဲနေပြီး ပြည်တွင်းသတင်းတွေကို တင်ဆက်နေရတာဟာ ခုမှ သတင်းထောက် လုပ်ဖူးတဲ့ လူတစ်ယောက်လိုပဲ ခံစားရစေတယ်။ သတင်းသမားတစ်ယောက်အတွက် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေ ဖြစ်နေတဲ့နေရာတိုင်းကို သွားပြီး သတင်းယူတင်ဆက်ရခြင်းက အောင်မြင်မှုတစ်ခုပဲ မဟုတ်လား။

 

ပေါ်ထွက်လာတဲ့ အက်ကြောင်းများ

အတွေ့အကြုံတွေရလာပြီးတဲ့နောက်မှာတော့ နိုင်ငံခြားသတင်းထောက်လောကမှာ အက်ကြောင်းတွေရှိမှန်း သိခဲ့ရတယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ အဖြစ်အပျက်တွေကိုကြည့်ရင် အရင်းခံအကြောင်းရာများကို မသိရှိ အကျွမ်းမဝင်ခြင်းတို့ဟာ ပုံမှားရိုက်တာတွေ၊ တုံးတိ ကောက်ချက်ချမှုတွေ၊ ဩဇာကြီးမားတဲ့သူတွေရဲ့ လူ့အကြိုက်လိုက် ပြောဆိုမှုတွေအောက်မှာ မှေးမှိန်ပျောက်ကွယ်သွားတဲ့ ထိခိုက်ခံစားရမှုတွေကို ဖြစ်ပေါ်စေပါတယ်။

 

နိုင်ငံခြားသတင်းထောက်တွေက ပြန်လှန်မေးခွန်းထုတ်ဖို့ (ဒါမှမဟုတ်)​ တလွဲတွေဖြစ်နေတာကို စစချင်းမှာထဲက သတိပြုမိဖို့ လုံလောက်တဲ့ နောက်ခံသတင်းအချက်အလက်တွေ မရှိတာကြောင့် ကျမနိုင်ငံ (စင်္ကာပူ) အစိုးရက ပြောသမျှကိုသာ ရေးတာမျိုး တွေ့ဖူးပါတယ်။ ရုပ်သံဌာနကို သတင်းပေးပို့သူတွေဟာ နိုင်ငံထဲကို ရောက်ချလာပြီး ပြန်တင်ပြလို့ကောင်းရုံ အင်တာဗျူးကြတာမျိုးလည်း ကြုံဖူးပါတယ်။ (သတင်းတွေကလည်း ခြောက်မိနစ်စာလောက်ပဲ ရှိတာမျိုးတွေပါ)

 

ကမ္ဘာပတ်သတင်းတင်ဆက်ခြင်းဟာ အထာကျပေမယ့် ဒီလိုမျိုးသတင်းပေးပို့မှုပုံစံဟာ အခြားနိုင်ငံတွေနဲ့ နောက်ခံအကြောင်းအရာတွေအပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် ဇာတ်ကြောင်းတွေ ထုတ်လုပ်ရာမှာ အားနည်းတာ၊ တစ်ဖက်လူတွေက ဖြိုချပစ်ဖို့ အားထုတ်နေတဲ့ နယ်ချဲ့ဆန်ဆန်အမြင်တွေနဲ့ အာဏာမညီမျှမှုတွေကို မွေးထုတ်ပေးတာ စတဲ့အချက်တွေကို ကျမ သတိထားမိလာပါတယ်။

 

ယောင်ခြောက်ဆယ် CNN

အပေါ်ကပြောခဲ့တဲ့ အကြောင်းအရာဟာ CNN က သူတို့ရဲ့နိုင်ငံခြားသတင်းထောက် ခလာရီဆာ ဝါ့ဒ် (Clarissa Ward) ကို မြန်မာနိုင်ငံကိုစေလွှတ်ပြီး အာဏာသိမ်းမှုနဲ့ ဆန္ဒပြမှုတွေအပေါ် သတင်းရယူစေဖို့ ဆုံးဖြတ်ချက်နဲ့အတူ တစ်ဖန်ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါအဖွဲ့ဟာ မြန်မာ့စစ်အုပ်စုက အငှားချထားတဲ့ လော်ဘီနဲ့ ဆက်သွယ်ခြင်း၊ မြေပြင်ပေါ်မှာ ရှိပြီးသားဖြစ်တဲ့ သတင်းသမားတွေရဲ့လုပ်အားကို ဖျက်စီးပစ်ခြင်းနဲ့ ဂုဏ်ဖော်ရုံသက်သက်သာ အကျိုးရှိတဲ့ကိစ္စရပ်အတွက် လူထုကိုဒုက္ခရောက်စေခြင်း တို့အတွက် ထိုစဉ်ကတည်းက ပြင်းထန်စွာ ဝေဖန်ခံနေခဲ့ရတာပါ။

 

ခလာရီဆာ ဝါ့ဒ်ကို ဘာလို့ မြန်မာနိုင်ငံကိုစေလွှတ်ပြီး ကင်မရာရှေ့ကတင်ဆက်သူ ဖြစ်စေရလဲဆိုတာ အကြောင်းပြချက်တခုခု ပြပါဆိုရင် မရှိပါဘူး။ ဒီကာလအတွင်းမှာ “မြန်မာနိုင်ငံကိုဝင်ခွင့်ရခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံတကာမီဒီယာ” လို့ ပြောဆိုနိုင်ခြင်းဟာ CNN ကလွဲလို့ တခြား ဘယ်သူ့ကိုမှ အကျိုးမဖြစ်ထွန်းစေပါဘူး။

 

တကယ်တော့ ဒီအချက်ကတောင် မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ အယ်ဂျာဇီးယား သတင်းဌာနကိုယ်စား သတင်းယူပေးတဲ့ ဂလုပ် (Southeast Asia Globe) ရဲ့ သတင်းထောက်လည်း ဒီခရီးစဉ်မှာ ပါခဲ့တာ မို့လို့ပါပဲ။ လူဖြူအမျိုးသမီးတစ်ယောက် ပါးစပ်ကနေ လူတိုင်းသိပြီးတာတွေပဲ ထပ်ကြားရဖို့သက်သက်နဲ့ အနည်းဆုံး မြန်မာနိုင်ငံမှာ လူ ၁၁ ယောက်က အဖမ်းဆီးခံခဲ့ရပါတယ်။

 

ပြန်လည်စဉ်းစားရမယ့် လေထီးခုန်စာနယ်ဇင်း

ဒီလို စိတ်မကောင်းစရာအခြေအနေတွေဟာ နိုင်ငံတကာသတင်းထောက်တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်စဉ်းစားသုံးသပ်ဖို့လိုနေပြီဆိုတာကို ပြသနေပါတယ်။ လုံးဝမလုပ်တဲ့အထိ လုပ်ဖို့လည်း လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

 

ဒေသခံပြည်တွင်းသတင်းထောက်တွေကပဲ သူတို့နိုင်ငံအကြောင်း တင်ဆက်နိုင်မယ်ဆိုတဲ့ အမျိုးသားရေးဝါဒ ဆန်တာမျိုး ကျမ ပြောနေတာမဟုတ်ပါဘူး။ နိုင်ငံခြား သတင်းထောက်တိုင်း ကတော့ လေဖမ်းဒါန်းစီးနေတဲ့သူတွေ မဟုတ်ကြပါဘူး။ တခြားနိုင်ငံတွေအကြောင်း အကောင်းဆုံး တင်ဆက်နိုင်တဲ့သူတွေလည်း ရှိပါသေးတယ်။

 

တစ်ချို့ဆို နိုင်ငံတစ်ခု ဒါမှမဟုတ် ဒေသတစ်ခုမှာ နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေကြပြီး တစ်ခါတစ်လေ နယ်ခံတွေကတောင် သတင်းအချက်အလက် ခွဲခြမ်းစိတ်ဖြာဖို့အတွက် သူတို့ကိုအားကိုးနေရတာပါ။ တချို့လည်း အသစ်ရောက်လာတဲ့သူတွေ ဖြစ်ပေမယ့် သူတို့ရဲ့အလုပ်ကို အတွေ့အကြုံပိုများတဲ့ သူတွေကို ရှေ့တန်းတင်ပြီး ကိုယ့်ကိုကိုယ်နှိမ်ချပြီး တွေးတွေးဆဆ လုပ်တတ်ကြပါတယ်။ 

 

နိုင်ငံခြားသတင်းထောက်တွေက ဘယ်လိုကူညီနိုင်လဲဆိုတာကို ဥပမာအနေနဲ့ပြောပြပါမယ်။ 

New Naratif မှာ ကျွန်တော်အယ်ဒီတာချုပ်လုပ်တဲ့ကာလတုန်းက အရှေ့တောင်အာရှ ပလက်ဖောင်းကို အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက်တွေနဲ့ပဲ ရအောင်လုပ်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတိုင်းက ပြည်တွင်းသတင်းထောက်တွေကို ကျမ တိုက်ရိုက်လုပ်ပိုင်ခွင့် ပေးချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်လိုထုတ်ဝေထားတဲ့ အရှေ့တောင်အာရှဆိုင်ရာ သတင်းတော်တော်များများက နိုင်ငံခြားသတင်းထောက်တွေ ရေးထားတာတွေပဲ ရှိနေလို့ပါ။

 

နောက် သတိပြုမိတာက ကမ္ဘာဒီးယားလို နိုင်ငံမျိုးကလာတဲ့သတင်းတွေက များသောအားဖြင့် နိုင်ငံခြားနဲ့ ဒေသခံ သတင်းထောက်နှစ်‌ယောက်က ပူးတွဲလုပ်ဆောင်ရာကလာတာပါ။ ဒါက နှစ်ဦးနှစ်ဖက် ကိုယ်အားသန်ရာကိုလုပ်ကြတာပါပဲ။ ဒေသခံသတင်းထောက်က ခမာစကားနဲ့ အင်တာဗျူးပြီး နောက်ခံအကြောင်းအရာ အခြေအနေတွေကိုပြောပြတယ်။

 

နိုင်ငံခြားသတင်းထောက်က အင်္ဂလိပ်သတင်းစာထုတ်ဝေရေးတွေက သဘောကျတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေ သဒ္ဒါတွေ နဲ့ ပြန်ပြင်ရေးတယ်။ ပြီးတော့ အင်္ဂလိပ်စကားပြော အယ်ဒီတာတွေနဲ့ ပြောဆိုဆက်ဆံတယ်။ သတင်းခေါင်းစီးရွေးချယ်မှုနဲ့ စာမူခတွေကိုတော့ သတင်းကိုတင်ဆက်ဖို့ ပူးပေါင်းလုပ်ဆောင်မှုနဲ့အညီ ခွဲဝေကြပါတယ်။

 

ဒါကတော့ ကျမ အမြင်အရ မျှတတဲ့အစီအစဉ်တစ်ခုပါပဲ။ ဒီလိုနည်းနဲ့လုပ်တာတောင်မှ တွေ့ဖူးတဲ့ အမြော်အမြင်ရှိတဲ့ နိုင်ငံခြားသတင်းထောက်တွေက နောက်ဆုံးပန်းတိုင်က ပြည်တွင်းစွမ်းရည်ကို မြှင့်တင်ဖို့ ကမ္ဘောဒီးယားလိုနိုင်ငံမှာ နိုင်ငံခြားသားတွေ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဒေသခံ ကမ္ဘောဒီးယားဂျာနယ်လစ်တွေက ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်နိုင်တဲ့ စာနယ်ဇင်းနယ်ပယ်တစ်ခုဖြစ်လာဖို့ ပြောဆိုခဲ့ကြတာပါ။

 

ဘာသာစကားကျွမ်းကျင်မှုကို သင်ယူလို့ရပြီး အဆက်အသွယ်တွေဆိုတာလည်း တည်ဆောက်ယူလို့ ရပါတယ်။ နိုင်ငံခြားသတင်းထောက်တွေကပဲ နိုင်ငံတကာ အယ်ဒီတာတွေကို ဆက်သွယ်ဖို့ တမန်တော်ဖြစ်နေရမယ်ဆိုတဲ့ အကြောင်းပြချက်တော့ မရှိပါဘူး။

 

CNN ရဲ့ မြန်မာနိုင်ငံခရီး အရှုပ်တော်ပုံဟာ အနောက်တိုင်း စာနယ်ဇင်းလောကရဲ့ အလုပ်လုပ်ပုံကို စိစစ်သင့်ပြီဆိုတာ အသိပေးထောက်ပြနေတဲ့ လောလောလတ်လတ်အဖြစ်အပျက် ဖြစ်ပါတယ်။ ဘယ်သူတွေရဲ့ အသံ၊ မျက်နှာ၊ အမြင်တွေကိုပဲ တန်ဖိုးထားချင်ကြတာလဲ၊ "ငါတို့ကအရင်ဆုံး" "ငါတို့ရောက်ခဲ့တယ်" ဆိုတဲ့အချက်တွေက ပိုအရေးပါတဲ့အချက်တွေဖြစ်တဲ့ ရည်ရွယ်ချက်၊ တာဝန်ယူမှုတာဝန်ခံမှု နဲ့ စိတ်ရင်းအမှန်တို့ကို ဖုံးလွှမ်းသွားမလား စတဲ့အချက်တွေကို ပြန်လည် စိစစ်ရတော့မှာဖြစ်ပါတယ်။

 

မျက်နှာဖြူသတင်းထောက်တွေကို ထူးခြားဖြစ်စဉ်ဒေသတွေဆီ ပို့ဆောင်ပြီး ဒေသခံတွေအကြောင်း သတင်းယူခိုင်းတာဟာ အရင်ကတည်းက ပြဿနာများခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆင်ခြေပေးလို့ပါ မရတော့ပါဘူး။ သတင်းသမားတွေ အားလုံး အတူတူ ပူးပေါင်းဆောင်ရွက်ပြီး သတင်းပို့နိုင်ဖို့၊ သတင်းပြန့်စေဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေ လမ်းကြောင်းတွေ အများကြီးပေါ်ပေါက်နေပြီပဲ ဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ လေထီးတွေကို ခေါက်သိမ်းလိုက်ကြရအောင်လားရှင်။

 

အဲလစ်ခိုင် က Mratt’s Channel အတွက် မြန်မာဘာသာသို့ ပြန်သည်။

 

(မူရင်းဆောင်းပါးကို ဒီလင့်မှာ ဖတ်နိုင်ပါတယ် - https://splicemedia.com/stories/pack-up-the-parachutes-its-time-to-reconsider-the-work-of-foreign-correspondents)

 

မှတ်ချက်။ CNN ရဲ့ မြန်မာနိုင်ငံမှာ သတင်းရယူခဲ့ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဖမ်းဆီးမှုတွေနဲ့ CNN သာ တဦးတည်း မြန်မာနိုင်ငံကို ရောက်ခဲ့တယ်ဆိုတဲ့ အပြောအဆိုတွေအပေါ် သတင်းစာတွေက ဝေဖန်မှုတွေ တော်တော်များများ ရှိခဲ့ပါတယ်။ အောက်မှာ ဒီအကြောင်းကိုပဲ ရေးထားတဲ့ ဆောင်းပါးနှစ်ခုကို ထပ်မံဖော်ပြလိုက်ပါတယ်။ 

 

https://newnaratif.com/journalism/every-journalists-worst-nightmare-cnns-myanmar-misadventure/


https://www.thestar.com/opinion/contributors/2021/04/13/parachute-journalism-isnt-the-best-way-to-report-on-conflict-situations-like-myanmar.html

 

You can treat me a cup of coffee.

wave

Press ESC to close